ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆
M-Media
– အာရှဖြတ်ကျော် ရထားလိုင်းကွန်ယက်၏ အစိတ်အပိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ကို ဆက်သွယ်ဖောက်လုပ်မည့် ရထားလမ်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဟု သိရသည်။
အဆိုပါ ရထားလမ်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အပမ်းဖြေကမ်းခြေမြို့ဖြစ်သော ကော့ဇ်ဘဇားဒေသမှ မြန်မာနိုင်ငံနှင့် ဆက်သွယ်မည့် ရထားလမ်းဖြစ်သည်။ ထိုလမ်းပိုင်း ဆောက်လုပ်မှုကို ၂၀၁၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ဖွင့်လှစ်ပေးခဲ့သော်လည်း ရန်ပုံငွေ မလောက်ငှမှုကြောင့် ရပ်ဆိုင်းထားခဲ့ရသည်။
“ဒေသတွင်း ဆက်သွယ်မှုကတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ပေါ်လစီကို ADB က ဦးစားပေး ဆောင်ရွက်နေပါတယ်။ အာရှဖြတ်ကျော်ရထားလမ်းကြော ဖောက်လုပ်ရေးအောက်က ဒီစီမံကိန်းဟာ မြန်မာနိုင်ငံနဲ့ ရထားလမ်းကြောင်း ချိတ်ဆက်သွားမှာဖြစ်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးဆက်ဆံမှုအဖွဲ့ ERD မှ ပူးတွဲ အတွင်းရေးမှူးဖြစ်သူ ဆိုက်ဖူဒင် အဟ်မဒ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ ရထားလမ်းပိုင်းမှ ၁၀၀ ကီလိုမီတာခန့်မှာ Ghumdhum နယ်ခြားကိုဖြတ်၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ကို ဆက်သွယ်ပေးမည်ဖြစ်သည်။
“ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ADB နဲ့ ကျွန်တော်တို့ အစည်းအဝေး ၂ ကြိမ် လုပ်ခဲ့ပါတယ်။ ADB က အတိုးနှုန်း ၂ ရာခိုင်နှုန်းနဲ့ ကန်ဒေါ်လာ ၁.၅ ဘီလီယံ ချေးငွေထုတ်ပေးဖို့ သဘောတူခဲ့ပါတယ်”
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့၏ နယ်ခြားဆက်စပ်မှုအရှည်မှာ ကီလိုမီတာ ၃၀၀ ခန့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်မှာ မြန်မာနိုင်ငံကိုဖြတ်၍ တရုတ်နိုင်ငံ ကူမင်းနှင့် ရထားလမ်း၊ ကားလမ်း ဖောက်လုပ်ရန် မျှော်လင့်နေသည်။
Ref: Zeenews
Leave a Reply
You must be logged in to post a comment.