မတ် ၄၊ ၂၀၁၆
M-Media
– ရာသီကုန်တွင် အသင်းမှထွက်ခွာတော့မည့် နည်းပြ ပက်ပ်ဂွါဒီယိုလာအတွက် ဘွန်ဒစ်လီဂါ ၄ ကြိမ်ဆက် ရရှိသည့် မှတ်တမ်းတစ်ခုကို ရယူပေးချင်သည်ဟု ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါ့စကီးက ပြောကြားလိုက်သည်။
ဘိုင်ယန်မြူးနစ်မှာ ပြီးခဲ့သည့် ၃ နှစ်စလုံးတွင် ဘွန်ဒစ်လီဂါကို ဆွတ်ခူးထားနိုင်ပြီး ဂွါဒီယိုလာက နောက်ဆုံး ၂ နှစ်ဆက်တိုက် ရယူပေးထားနိုင်သည်။ ယခုလက်ရှိ ကစားရန် ၁၀ ပွဲ ကျန်ရှိချိန်တွင် ဒုတိယနေရာမှ ဒေါ့မွန်အသင်းအား ၅ မှတ်ဖြတ်ထားနိုင်သည့် ဘိုင်ယန်မှာ ယခုနှစ် ဘွန်ဒစ်လီဂါကို ရရှိပါက ဂျာမနီတွင် ဘွန်ဒစ်လီဂါ အမှတ်ပေးဖလားကို ၄ နှစ်ဆက်တိုက်ရရှိသည့်အသင်း ဖြစ်လာမည်ဖြစ်သည်။
ဂွါဒီယိုလာမှာမူ ယခုနှစ်အကုန်တွင် မန်စီးတီးသို့ ပြောင်းရွှေ့နည်းပြတော့မည်ဖြစ်ပြီး တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ထူးခြားသည့် အခြေအနေတစ်ခုကို ဖန်တီးပေးချင်နေသည်။
“ကျွန်တော်တို့ ၅ မှတ်ဖြတ် ဦးဆောင်နေတယ်။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက ဘွန်ဒစ်လီဂါဖလားကို ရရှိဖို့ပါပဲ။ ဘယ်သူမှ လေးနှစ်ဆက်တိုက် မရဖူးသေးဘဲ ကျွန်တော်တို့က ဒါမျိုး ရချင်ပါတယ်။ ကြီးမားတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်မှာပါ။ ဖလားရဖို့ဆိုရင် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ဖို့ လိုပါတယ်။ ရာသီပြီးဆုံးဖို့တော့ တော်တော် လိုပါသေးတယ်။ ကျွန်တော်တို့ လုပ်စရာရှိတာလုပ်ဖို့ပဲ လိုပါတယ်။ ပက်ပ် (ဂွါဒီယိုလာ) အတွက်လည်း ထူးခြားတဲ့ အခြေအနေ ဖြစ်မှာပါ။ ပြီးတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ ဂျာမန်ရှုံးထွက်ဖလား နောက်ဆုံး ဗိုလ်လုပွဲကိုလည်း ကျွန်တော်တို့ ရောက်ချင်ပါတယ်” ဟု လီဝန်ဒေါ့စကီးက ပြောကြားခဲ့သည်။
Ref: Goal
Comments