မတ် ၇၊ ၂၀၁၆
M-Media
– တစ်ပတ်မှာ ငါးကြိမ်ထက်ပိုပြီး ဒိန်ချဉ်သောက်သုံးလေ့ရှိတဲ့ အမျိုးသမီးတွေအနေနဲ့ သွေးတိုးဖြစ်နိုင်ချေ နည်းပါးတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။
လူထောင်ပေါင်းများစွာကို လေ့လာစမ်းသပ်ရာမှာ တွေ့ရှိခဲ့တဲ့ အဆိုပါလေ့လာမှုအရ ဒိန်ချဉ်ဟာ သွေးဖိအားမြင့်တက်မှု ငါးပုံတစ်ပုံ လျှော့ချပေးနိုင်တာကို တွေ့ရှိခဲ့ရပြီး ဒီစမ်းသပ်ချက်ကို တစ်လမှ တစ်ကြိမ်သာ ဒိန်ချဉ်စားသုံးလေ့ရှိသူတွေနဲ့ နှိုင်းယှဉ်လေ့လာခဲ့တာ ဖြစ်ပါတယ်။
အကျိုးသက်ရောက်မှုဟာ အမျိုးသမီးတွေမှာ ထင်ရှားလေ့ရှိပြီး အမျိုးသားတွေက ဒိန်ချဉ်စားသုံးမှုနည်းတယ်လို့ သုတေသီများက ဆိုပါတယ်။ တစ်ပတ်ငါးကြိမ်လောက် ဒိန်ချဉ်စားခြင်းရဲ့ အကျိုးကျေးဇူးဟာ သစ်သီးသစ်နှံ၊ အခွံမာသီးနဲ့ ပဲအမျိုးမျိုးစားသုံးသူတွေထက် ပိုပြီး အကျိုးကျေးဇူးကြီးတယ်လို့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။
ဒိန်ချဉ်ကို တစ်ပတ် ၅ ကြိမ်လောက် စားသုံးသူတွေဟာ တစ်လမှာ တစ်ကြိမ်လောက် စားတတ်သူတွေနဲ့ ယှဉ်ရင် သွေးဖိအားမြင့်တက်မှု ၃၁ ရာခိုင်နှုန်းလောက် လျော့ကျတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
“ဘယ်အစားအစာမှ ခုစားခုပျောက်တဲ့ အစွမ်းသတ္တိမျိုး မရှိပါဘူး၊ ဒါပေမယ့် ကိုယ်ရဲ့နေ့စဉ်စားသုံးမှုမှာ ဒိန်ချဉ်ပါ ပါဝင်နိုင်မယ်ဆိုရင်တော့ အမျိုးသမီးတွေမှာ နာတာရှည် သွေးတိုးရောဂါတွေ ဖြစ်ခြင်းကနေ လျှော့ချပေးနိုင်ပါတယ်” လို့ လေ့လာမှုပြုလုပ်ခဲ့တဲ့ ဘော်စတွန် ဆေးဘက်ဆိုင်ရာတက္ကသိုလ်က ပါရဂူဘွဲ့ တက်ရောက်နေသူ ဂျက်စတင် ဘွန်ဒီယာက ပြောကြားခဲ့ပါတယ်။
ဒီစမ်းသပ်မှုမှာ လူ ၂၄၀၀၀၀ ကျော် ပါဝင်ခဲ့ပြီး အထူးသဖြင့် အသက် ၂၅ နှစ်ကနေ ၅၅ နှစ်ကြား အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒိန်ချဉ်ဟာ သွေးဖိအားကို ဘယ်လိုလျှော့ချပေးလဲ ဆိုတာကိုတော့ မရှင်းပြနိုင်ခဲ့ပါဘူး။
Ref: IINA
Comments