မတ် ၁၂၊ ၂၀၁၆
M-Media
– ယခုနှစ် အိန္ဒိယနိုင်ငံအတွက် ဟဂ်ျဘုရားဖူးခရီးစဉ်ခွဲတမ်းကို ဆော်ဒီအာရေးဗျက ၁၃၆,၀၂၀ အထိ သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံခြားရေးရာ ၀န်ကြီး ဗီ ကေ ဆင်း ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆော်ဒီဟဂ်ျရေးရာဝန်ကြီး ဘန်ဒါ ဟဂ်ျဂျာတို့ ယမန်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အဲဒီအထဲက ၁၀၀,၀၂၀ ဦးဟာ အိန္ဒိယနိုင်ငံ ဟဂ်ျကော်မတီကတဆင့် သွားရမည်ဖြစ်ကာ ကျန်တဲ့ ၃၆,၀၀၀ ကတော့ ပုဂ္ဂလိက ခရီးသွားကုမ္ပဏီတွေကတဆင့် သွားရမှာဖြစ်ပါတယ်။
အိန္ဒိယကိုယ်စားလှယ်အဖွဲ့မှာ ဆော်ဒီဆိုင်ရာ အိန္ဒိယသံအမတ် အဟ်မဒ် ဂျာဝိဒ်၊ သံမှူး ဘီ အက်စ် မူဘာရက်တို့လည်း ပါဝင်ခဲ့ပါတယ်။ လူနည်းစုရေးရာဝန်ကြီးဌာ ပူးတွဲအတွင်းရေးမှူး ရာကက်ရှ် မိုဟန်၊ အိန္ဒိယ ဟဂ်ျကော်မတီ အကြီအကဲ အာတူရ် ရဟ်မန်၊ အရပ်ဖက် လေကြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ပူဂျာ ဂျင်ဒဲလ်၊ ဟဂ်ျကောင်စီဝင် ရှာဟစ်ဒ် အလမ်တို့ကတော့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
မက္ကာမြို့က မတ်စ်ဂျစ်ဟရမ် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်ကို တိုးချဲ့မှုတွေ ဆောင်ရွက်နေတာကြောင့် ဆော်ဒီအာရေဗျဟာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ဟဂ်ျခွဲတမ်းကို ၅၀ ရာခိုင်နှုန်း လျှော့ချခဲ့ပြီး အခြားနိုင်ငံတွေကိုတော့ ၂၀ ရာခိုင်နှုန်းစီ လျှော့ချထားခဲ့ပါတယ်။ ဆော်ဒီနဲ့ အိန္ဒိယတို့ကတော့ ဟဂ်ျခရီးစဉ်နဲ့ ဆက်စပ်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ရပြီး ယခုနှစ် ဟဂ်ျဘုရားဖူးရာသီမှာ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း သဘောတူခဲ့ကြပါတယ်။
Ref: Arab News
Leave a Reply
You must be logged in to post a comment.