မတ် ၂၃၊ ၂၀၁၆
M-Media
– တရုတ်နိုင်ငံမှ စည်းကားလှသော Ruili နယ်စပ်မြို့လေးမှာ မြန်မာလူ့အဖွဲ့အစည်းတည်ရှိရာ မြို့တစ်မြို့ဖြစ်ပြီး ၎င်းတို့ထဲတွင် အများစုမှာ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုတို့ကြောင့် နေရပ်စွန့်ခွာကာ ဘ၀သစ်ကို ပြန်လည်ပုံဖော်ကြရသော မြန်မာနိုင်ငံဖွား မွတ်စလင်များ ဖြစ်ကြလေသည်။
လူဦးရေ ၁၄၀၀၀၀ ခန့် နေထိုင်ပြီး ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးရာ ဤ Ruili မြို့လေးကို မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်မြို့မှ နယ်စပ်ကိုဖြတ်ကျော်ကာ လာရောက်နိုင်သည်။ ထိုမြို့တွင် မြန်မာနိုင်ငံသား ငါးသောင်းခန့်မှာ ဘ၀သစ်ကို လျှောက်လှမ်းနေကြသည်။ ၎င်းတို့မှ အများစုမှာ မွတ်စလင်များဖြစ်ပြီး ဘာသာရေးအကြမ်းဖက်မှုမှ လွတ်မြောက်ရန် ဇာတိ စွန့်ခွာခဲ့ရသူများဖြစ်ကာ Ruili မြို့တွင်တော့ ကျောက်မြတ်ရတနာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။
ထိုမွတ်စလင်များက တရုတ်စာသင်ယူခြင်း၊ ဒေသခံများနှင့် ဆက်ဆံရေးတည်ဆောက်ခြင်း စသဖြင့် ၎င်းတို့၏ ဘ၀ကို ပြန်စခဲ့ကြရသည်။ Zubao လမ်းဟု ခေါ်သည့် ကျောက်မြတ်ရတနာ အရောင်းတန်းက ၎င်းတို့ ကျင်လည်ရာ ဒေသဖြစ်သည်။ ထိုနေရာတွင် လက်ဖက်ရည်ဆိုင်ထိုင်ကြသည်။ မုန့်ဟင်းခါးကလည်း ၎င်းတို့၏ မနက်စာ ဖြစ်သည်။ လမ်းထောင့်တိုင်းတွင်ရှိသည့် ကွမ်းယာဆိုင်များမှ ကွမ်းများကို ၀ယ်မြုံ့ကြသည်။ မြန်မာမွတ်စလင်များမှာ ထိုနေရာမှလွဲ၍ ဝေးဝေးလံလံ မသွားကြ။ ဒါက ၎င်းတို့၏ နေ့စဉ်ဘ၀ဖြစ်သည်။
ဦးဖုန်းကျော်တစ်ယောက် ၁၉၉၀ ခုနှစ်တွင် ရန်ကုန်မှ Ruili မြို့သို့ ပြောင်းရွှေ့လာကာစက ထိုမြို့လေးတွင် မြန်မာနိုင်ငံသားမှာ ၁၀၀ ခန့်သာ ရှိသေးသည်။
“အဲဒီအချိန်တုန်းက Zubao လမ်းလည်း မရှိသေးပါဘူး။ စီးပွားရေးလုပ်ဖို့လည်း တော်တော်ခက်တဲ့အချိန်ပါ။ နယ်စပ်ကို ထိန်းချုပ်ထားတာ၊ ရဲတွေရှိနေတာ စတာတွေက လူတိုင်းကို ဒုက္ခဖြစ်စေပါတယ်။ ဒါပေမယ့်လည်း အဖမ်းခံရမှာကို မမှုဘဲ လမ်းပေါ်မှာ ကျောက်တွေရောင်းတာကလွဲလို့ တစ်ခြားရွေးစရာ မရှိပါဘူး” ဟု အသက် ၅၂ နှစ်အရွယ် ဦးဖုန်းကျော်က ယူနန်ပြည်နယ်သံဝဲ၀ဲ တရုတ်စကားဖြင့် ပြောကြားခဲ့သည်။
၆၀၀၀၀ စကွဲယားမီတာ ကျယ်ဝန်းပြီး ကျောက်မြတ်ရတနာ ရောင်းဝယ်ရန် သီးသန့်သတ်မှတ်ထားသည့် Zubao လမ်းမမှာ ၁၉၉၃ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့ပြီး ဦးဖုန်းကျော်က ထိုလမ်း ပေါ်ပေါက်လာရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီခဲ့သည်။
Ruili မြို့တွင် ကျောက်မြတ်ရတနာအသင်း တော်တော်များများကိုလည်း ၎င်းက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး မြန်မာစာသင်သော စာသင်ကျောင်း နှစ်ကျောင်းကိုလည်း ၎င်းကပင် တည်ထောင်ပေးခဲ့သည်။ မြို့တွင်းရှိ မြန်မာလူ့အဖွဲ့အစည်းက ဦးဖုန်းကျော်အား “ဆရာကြီး” ဟု တလေးတစား ခေါ်ဝေါ်ကြသည်။
အရပ်မြင့်မြင့်ဒေါင်ကောင်းကောင်း ထိုဆရာကြီးက တရုတ်နိုင်ငံတွင် မြန်မာများ ဒုက္ခတွေ့ပါက မဆိုင်းမတွ ကူညီတတ်သောသူတစ်ဦးလည်း ဖြစ်သည်။ မြန်မာနိုင်ငံသားများ ဆိုင်ဖွင့်လိုပါကလည်း စာရွက်စာတမ်းကအစ အားလုံးကို ဦးဖုန်းကျော်က ကူညီပေးသည်။
“ကျွန်တော် တရုတ်ပြည်ကို ချစ်တယ်။ ဒီက တရားဥပဒေစိုးမိုးရေးကိုလည်း နှစ်သက်တယ်။ ဥပဒေအောက်မှာ နိုင်ငံခြားသားရော၊ နိုင်ငံသားရော ညီတူညီမျှဆက်ဆံတယ်။ မြန်မာနိုင်ငံမှာတော့ ဒါမျိုးမဟုတ်ဘူးဗျ” ဟု ဦးဖုန်းကျော်က ပြောကြားခဲ့သည်။ ၎င်းမှာ လွန်ခဲ့သည့် ၂၅ နှစ်အတွင်း မြန်မာနိုင်ငံသို့ ၂ ကြိမ် အလည်အပတ် သွားရောက်ခဲ့လေသည်။
Ruili မြို့တွင် မြန်မာလူ့အဖွဲ့အစည်းမှာ ကြီးထွားလာသည့်အတွက် ဒေသခံ တရုတ်လူမျိုးများနှင့် အိမ်ထောင်ကျမှုမှာလည်း ပုံမှန်လိုလို ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ အိမ်ထောင်ကျမှုတွင် အသက် ၃၅ နှစ်အရွယ် ဟူအန်ဆိုသည့် တရုတ်အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး လွန်ခဲ့သည့် ၁၅ နှစ်အရင်က ရိုဟင်ဂျာအမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ သူမ၏ခင်ပွန်းမှာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ တရုတ်နိုင်ငံသို့ တရားမ၀င် လာရောက်သူဖြစ်ပြီး နောက်ပိုင်းတွင် ကျောက်ကုန်သည်တစ်ဦးအဖြစ် အခြေချ နေထိုင်ခဲ့သည်။
ဟူအန်က မြန်မာနိုင်ငံသို့ မရောက်ဘူး။ သို့သော်လည်း တစ်နေ့နေ့တစ်ချိန်ချိန်တွင် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့အခြေချမည်ဆိုသည့် အိမ်မက်တစ်ခု ရှိနေလေသည်။ ထို့ကြောင့် ၎င်းတို့၏ အသက် ၁၃ နှစ်နှင့် ၁၁ နှစ်အရွယ် သားနှစ်ဦးကို မြန်မာဘာသာစကားသင်တန်းသို့ ညနေပိုင်းတွင် ပို့ပေးသည်။ မနက်ပိုင်းတွင်တော့ ဒေသတွင်း တရုတ်အစိုးရကျောင်းသို့ ပို့ဆောင်သင်ကြားစေသည်။
၎င်းတို့မိသားစု၏ဘ၀က လွယ်ကူသည်တော့မဟုတ်။ ဟူအန်၏ ခင်ပွန်းမှာ ကျောက်အရောင်းအ၀ယ်အတွက် အိတ်တစ်လုံးဖြင့် တရုတ်နိုင်ငံအနှံ့အပြား သွားရောက်နေရပြီး မိသားစု စုံစုံညီညီရှိသည့် အချိန်က တစ်နှစ်လျှင် လေးလလောက်သာ ရှိသည်။ ဟူအန်ကတော့ ဗလီဝတ်ကျောင်းတော်မှ အမျိုးသမီးအဖွဲ့နှင့် မိတ်ဆွေဖွဲ့ထားပြီး ခင်ပွန်းဖြစ်သူက ၀မ်းရေးအတွက် ခရီးသွားသည့်အခါ ထိုအဖွဲ့နှင့် ဘ၀ကို သက်တောင့်သက်သာ ဖြတ်သန်းလေသည်။
Zhubao လမ်းရှိ ဗလီဝတ်ကျောင်းတော်တွင် ဓာတ်ပုံရိုက်ခြင်းကို တားမြစ်ထားသည်။ ထိုလမ်းအား “မြန်မာရွာ” ဟု ဒေသခံများက ခေါ်ဝေါ်ကြသည်။
“ပတ်ဝန်းကျင်က မွတ်စလင်တွေကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ ဗလီဝတ်ကျောင်းတော်မှာ တာဝန်ရှိပါတယ်။ ဒီပတ်ဝန်းကျင်မှာ မြန်မာမွတ်စလင် ၃၀၀၀ လောက်နဲ့ တရုတ်မွတ်စလင် ၆၀၀ လောက်ရှိပါတယ်” ဟု တရုတ်လူမျိုး ရှေ့ဆောင်အီမာမ် Ma Xiao Juan က ပြောကြားခဲ့သည်။ ၎င်း၏ ဇာတိမှာ ယူနန်ပြည်နယ်မြို့တော် ကူမင်း ဖြစ်လေသည်။
“ကျွန်တော်တို့ မွတ်စလင်လူ့အဖွဲ့အစည်းကို ဓာတ်ပုံရိုက်တာမျိုး မလိုလားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ထဲက အများစုဟာ ဘာသာရေးအကြောင်းအရင်းတွေကြောင့် သူတို့ရဲ့ မိခင်မြန်မာနိုင်ငံကနေ ထွက်ပြေးလာရသူတွေပါ။ တကယ်လို့ မြန်မာအစိုးရက သူတို့ဒီမှာရှိတယ်ဆိုတာ သိသွားရင် သူတို့ကို လွှဲပေးဖို့ တရုတ်အစိုးရကို တောင်းဆိုပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ လူထောင်ပေါင်းများစွာရဲ့အသက်ကို ကျွန်တော်တို့ စဉ်စားရမှာပါ။ မလွှဲပေးပြန်ရင်လည်း မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအခြားမှာ တင်းမာမှုတွေ ဖြစ်လာနိုင်ပါတယ်”
မစ္စတာ Ma က ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်အကြားတွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မိမိတို့ ဗလီဝတ်ကျောင်းတော်မှာ မြန်မာနိုင်ငံမှ မွတ်စလင်များကို နေရာထိုင်ခင်းပေးခဲ့သည်ဟု ဆိုသည်။
မူဆယ်မြို့မှ ကီလိုမီတာ ၁၃၀ ဝေးသော လားရှိုးမြို့တွင်ဖြစ်ပွားသည့် အကြမ်းဖက်တိုခိုက်မှုတွင် လူအုပ်ကြီးက ဗလီဝတ်ကျောင်းတော်တစ်လုံးနှင့် မွတ်စလင်မိဘမဲ့ဂေဟာတစ်ခုတို့ကို မီးရှို့ခဲ့ကြသည်။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် Ma က ပစ္စတိုကိုင်ထားသည့် အစောင့်များကို ဗလီဝတ်ကျောင်းတော်ရှေ့တွင် ၃ လလုံးလုံး ချထားခဲ့သည်။ ထို့နောက်တွင်တော့ ဗလီဝတ်ကျောင်းတော်၏ ပတ်ပတ်လည်တွင် လုံခြုံရေးကင်မရာ ၁၆ ခုကို တပ်ထားလိုက်ပြီး မှတ်တမ်းများကို ရဲတပ်ဖွဲ့သို့ ပုံမှန် ပေးပို့နေလေသည်။
တရုတ်မွတ်စလင်များအတွက် ဗလီတစ်လုံး၊ မြန်မာမွတ်စလင်များအတွက် ဗလီတစ်လုံး စသဖြင့် ခွဲခြားထား၍ မရဟု Ma က ပြောကြားခဲ့သည်။
“ဒါမျိုးလုပ်လိုက်ရင် မြန်မာမွတ်စလင်အတွက် ကျွန်တော်တို့ စီမံခန့်ခွဲဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒါက ကျွန်တော်တို့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အမြဲတမ်း တာဝန်ယူရမှာပေါ့။ မြန်မာမွတ်စလင်တွေအနေနဲ့လည်း ဗလီဝတ်ကျောင်းတော်ကို ၀တ်ပြုဆုတောင်းဖို့အတွက် လွတ်လွတ်လပ်လပ် သုံးလို့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးအတွက်တော့ မရဘူးပေါ့။ ဗလီက ဒါနဲ့ ဘာမှ မဆိုင်တာ။ ဒီဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ တရုတ် မွတ်စလင်တွေနဲ့ မြန်မာမွတ်စလင်တွေက တစ်ဝက်စီ အကုန်အကျခံခဲ့တာပါ”
မြန်မာစကားမပြောတတ်သည့် Ma တစ်ယောက် ၎င်း၏ ရှေ့ဆောင်အီမာမ်တာဝန်ကို တရုတ်စကားမပြောတတ်သည့် မြန်မာမွတ်စလင်များအတွက်လည်း ခွဲဝေပေးနေသည်။ စကားမပေါက်သည့် မြန်မာမွတ်စလင်များကို အဘယ့်ကြောင့် ကူညီသလဲဟု မေးမြန်းရာတွင်တော့ Ma က “မွတ်စလင်အားလုံးဟာ မိသားစုတစ်ခုပဲဗျ။ ဒါက စည်းကမ်းပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
မစ္စတာ Ma အနေဖြင့် Ruili သို့ လာရောက်သည့် မြန်မာမွတ်စလင်များကို တံခါးဖွင့် ကြိုဆိုလျက်ရှိနေသည်။
“မြန်မာမွတ်စလင်တွေဟာ Ruili မြို့ စီးပွားရေးရဲ့ အသက်သွေးကြောပါပဲ။ Ruili မှာ ကျောက်မြတ်ရတနာတွေ၊ ကျွန်းသစ်တွေ အရောင်းအ၀ယ်မရှိတော့ဘူးဆိုရင် ခြောက်ကပ်တဲ့မြို့ကြီး ဖြစ်သွားမှာပေါ့”
Ma ၏ ဗလီဝတ်ကျောင်းတော်မှ အနည်းငယ်လျှောက်သွားပါက မြန်မာနိုင်ငံမှ မုန့်ပဲသွားရေစာများကို ရောင်းချသည့် ဆိုင်လေးတစ်ဆိုင်နှင့် ကွမ်းယာဆိုင်တစ်ဆိုင်ကို တွေ့ရပေလိမ့်မည်။ ထိုဆိုင်နှစ်ဆိုင်အကြားရှိ လမ်းကြားလေး အဆုံးတွင်တော့ တော်ဝင်ရတနာဟုခေါ်သည့် မြန်မာစာသင်ကျောင်းတစ်ခု ရှိသည်။ မူကြိုမှ ၁၀ တန်းအထိ သင်ကြားပေးသည့် အဆိုပါကျောင်းလေးတွေ မြန်မာကလေးငယ် ၅၀ ခန့် ပညာသင်ကြားနေကြလေသည်။
၃ ထပ်အဆောက်အဦးတွင်ရှိသည့် ထိုကျောင်းက တရုတ်စံတော်ချိန်နှင့် ၁ နာရီခွဲကွာသော မြန်မာစံတော်ချိန်ဖြင့် သင်ကြားပေးနေသည်။ ကျောင်းသားအများစုက တရုတ်စကားကို ထမင်းစားရေသောက် ပြောတတ်ကြသည်။ သို့သော်လည်း တော်ဝင်ရတနာကျောင်းကို တက်ချင်ကြသည့်အတွက် တရုတ်ကျောင်းများမှ ထွက်ခဲ့ကြသည်။ အဆိုပါ တော်ဝင်ရတနာကျောင်းကို မြန်မာပညာရေးဌာနကလည်း အသိအမှတ်ပြုထားလေသည်။
“ကျွန်တော်တို့ကျောင်းသာ ဒီမှာမရှိဘူးဆိုရင် သူတို့လေးတွေလည်း မြန်မာဘာသာရပ်တွေကို ဘယ်သင်ယူနိုင်မလဲ။ သူတို့လေးတွေ မြန်မာပညာရေးရဖို့အတွက် ကျွန်တော် ကူညီချင်ပါတယ်။ ဒါမှသာ တစ်နေ့ကျရင် သူတို့ မြန်မာနိုင်ငံကို ပြန်နိုင်မှာပေါ့” ဟု ကျောင်းအုပ်ကြီး ဦးတင့်လွင်က ပြောကြားခဲ့သည်။
သို့သော်လည်း Ruili တွင်ရှိသည့် မြန်မာမျိုးဆက်သစ်များက ရွှေနိုင်ငံဟုခေါ်ဆိုသည့် မိခင်နိုင်ငံကို ပြန်ရန် ဆန္ဒရှိလားဆိုသည်မှာလည်း သံသယဖြစ်စရာ ဖြစ်နေသည်။ အသက် ၁၃ နှစ်အရွယ်ရှိကြသည့် ကျောင်းသားအုပ်စုတစ်ခုက ၎င်းတို့သင်ကြားရသည့် မြန်မာ၊ အင်္ဂလိပ်၊ ဟင်ဒီနှင့် တရုတ်ဘာသာစကားတွင် အင်္ဂလိပ်ဘာသာကို အကြိုက်ဆုံးဟု ဆိုသည်။
နောက်ဆုံးနေ့ ဘိုင်အိုစာမေးပွဲဖြေဆိုရင် ပြင်ဆင်နေသည့် အသက် ၁၅ နှစ်အရွယ် ရဲမင်းထွဋ်က တရုတ်နိုင်ငံတွင် မွေးဖွားသူဖြစ်ပြီး Ruili နှင့် မူဆယ်တို့တွင် တစ်လှည့်စီ နေထိုင်လေသည်။ ၎င်းမှာ တရုတ်ကျောင်းကို တစ်နှစ်သာ တက်ခဲ့သည်။
“ကျွန်တော် မြန်မာနိုင်ငံကို မပြန်ချင်ဘူးဗျ။ Ruili မှာရှိတဲ့ ဒီ မြန်မာရွာလေးမှာပဲ ကျွန်တော် နေချင်တယ်”
Ref: Frontiermyanmar.net
(THE MYANMAR MUSLIMS IN CHINA ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
Comments