မတ် ၂၃၊ ၂၀၁၆
M-Media
– အနည်းဆုံး လူ ၃၀ သေဆုံးကာ ၂၃၀ ခန့်ဒဏ်ရာရခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ဖြစ်ရပ်ဆိုးကြီးကို ကမ္ဘာကြီးက ၀မ်းနည်းပက်လက်ဖြစ်နေမည်ဆိုပါက မကြာသေးမီက တူရကီ၌ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် သေဆုံးသွားသူများအတွက် ၀မ်းနည်းသည်ဟု ပြောကြားရန်လည်း အရေးကြီးပေသည်။
တူရကီမှ ထိုတိုက်ခိုက်မှုနှစ်ခုစလုံးက ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း အဓိကမီဒီယာများက ထိထိရောက်ရောက် ဖော်ပြခြင်းမပြုခဲ့။
မတ်လ ၁၃ ရက်နေ့ တနင်္ဂနွေနေ့တွင် တူရကီမြို့တော် အန်ကာရာ၌ ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်မှုတွင် လူ ၃၆ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်။ ရက်အနည်းငယ်အကြာတွင်ပင် IS နှင့်ပတ်သက်သူ အသေခံဗုံးခွဲသမားတစ်ဦးက အစ္စတန်ဘူလ်ရှိ ကမ္ဘာလှည့်ခရီးသွားများဖြင့်စည်ကားရာ နေရာတွင် ဗုံးခွဲခဲ့ပြီး ၄ ဦး သေဆုံးခဲ့သည်။
ဆိုရှယ်မီဒီယာသုံးစွဲသူများက ပြီးခဲ့သည့်နှစ် ပဲရစ်မြို့ရှိ ချာလီဟဘ်ဒို မဂ္ဂဇင်းတိုက်နှင့် ဘာတက်လန် ကုန်တိုက်တို့ တိုက်ခိုက်မှု၊ ယခု ဘရပ်ဆဲလ်မြို့ တိုက်ခိုက်မှု စသည်တို့တွင် ကမ္ဘာကြီး၏ တုံ့ပြန်မှုမျိုး တူရကီတိုက်ခိုက်မှုများတွင် ပြသကြရန် တောင်းဆိုခဲ့သည်။
အန်ကာရာတိုက်ခိုက်မှုကို မီဒီယာများက ဖော်ပြရာတွင် ပြီးခဲ့သည့် နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် ချာလီဟဘ်ဒိုတိုက်ခိုက်မှုအား ဖော်ပြခဲ့သည့် ပုံစံမျိုးနှင့် လားလားမျှမဆိုင်။ ထိုစဉ်က တိုက်ခိုက်မှုကို အဆက်မပြတ် ဖော်ပြခဲ့သော်လည်း ယခု အန်ကာရာတိုက်ခိုက်မှုကို ၀တ်ကျေတန်းကျေမျှသာ ဖော်ပြကြသည်။ လွတ်လပ်သော မီဒီယာဝေဖန်ရေးသမားများက အဆိုပါ ချာလီဟဘ်ဒိုတိုက်ခိုက်မှုနှင့် တစ်ချိန်တည်းလိုလို ဖြစ်ပွားခဲ့ပြီး ၄၃ ဦးသေဆုံးခဲ့သည့် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဗုံးပေါက်ကွဲမှုအား အဓိကမီဒီယာများက ထိထိရောက်ရောက် မဖော်ပြခြင်းအတွက်လည်း ဝေဖန်ထောက်ပြခဲ့ကြသည်။ ဘေရွတ်တိုက်ခိုက်မှုအတွင်း ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး မီဒီယာများကတော့ သူပြောငါပြောလောက်သာ ရေးကြသည်။
တကယ်တော့ ဘေရွတ်ဗုံးခွဲမှုကို မီဒီယာများက လုံးဝ ထိန်ချန်ထားခဲ့သည်တော့မဟုတ်။ အမေရိကန်ရှိ အဓိက သတင်းစာများဖြစ်သော New York Times နှင့် Washington Post၊ ထင်ရှားသည့် သတင်းမဂ္ဂဇင်း The Economist နှင့် အတင်းအဖျင်း သတင်းများကို ဖော်ပြသည့် Daily Mail တို့က ထိုသတင်းကို အနည်းဆုံး ၁ ပုဒ်တော့ ဖော်ပြခဲ့သည်။ သို့သော်လည်း ထိုဖော်ပြမှုများက ချာလီဟဘ်ဒို တိုက်ခိုက်မှုမျိုးကဲ့သို့ ၂၄ နာရီပတ်လုံး၊ သီတင်းပတ်တစ်ပတ်လုံး အဆက်မပြတ်ဖော်ပြမှုမျိုး မဟုတ်သည်ကိုတော့ လူတိုင်းသိကြသည်။
ပဋိပက္ခများဖြစ်ပွားနေသော ဒေသများထက် အနောက်နိုင်ငံများတွင်ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို မီဒီယာများက သိသိသာသာပင် ဘက်လိုက်ဖော်ပြနေကြသည်။ ဥပမအားဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြားတွင် ကင်ညာနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၇၀ သေဆုံးခဲ့ကာ ၁၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။ ကမ္ဘာ့အကြမ်းဖက်မှုဆိုင်ရာမှတ်တမ်းဌာန (Global Terrorism Database) ရှိ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်တွင် လက်ဘနွန်၌ အနည်းဆုံး အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၂၀၀ ဖြစ်ပွားခဲ့ပြီး လူ ၁၁၄ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
အခြားတစ်ဖက်တွင် ပြင်သစ်နိုင်ငံ၌ အကြမ်းဖက်မှုမှာ ၂၀၁၄ ခုနှစ်တွင် ၁ ခုသာ ဖြစ်ပွားခဲ့လေသည်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင်ဖြစ်ပွားသည့် ချာလီဟဘ်ဒို တိုက်ခိုက်မှုအတွင်း ပဲရစ်ပြည်သူ တစ်ဒါဇင်ခန့် သေဆုံးခဲ့ပြီး ထိုဖြစ်ရပ်က ကမ္ဘာတစ်ဝှမ်းတွင် ပြောမဆုံးနိုင်သည့်ဇာတ်လမ်း ဖြစ်ခဲ့လေသည်။
အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုဒဏ် ခံရသူများကို ပဲရစ်တိုက်ခိုက်မှုကဲ့သို့ မီဒီယာများက စာနာထောက်ထားစွာ ဖော်ပြမှုမရှိခြင်းမှာ ဆင်ခြေပေးရန်မလိုသည့် ကိစ္စဖြစ်သည်။ ပဲရစ်တိုက်ခိုက်မှုကို New York Times သတင်းစာက ဖော်ပြရာတွင် ဇာတ်နာစေရန်အတွက် တိုက်ခိုက်မှုမဖြစ်ခင် မြို့တွင်းရှိ အားကစားပြိုင်ပွဲများ ပြုလုပ်နေခြင်း၊ ညစာထွက်စားသော ပြည်သူများ၊ ပဲရစ်၏ ညဘက်ဘ၀ကို ပျော်ရွှင်ခံစားနေသူများအကြောင်းကို သာသာထိုးထိုး ဖော်ပြကြသည်။
အမှန်တော့ ကင်ညာပြည်သူများနှင့် လက်ဘနွန်ပြည်သူများကလည်း ညစာထွက်စားကြသည်။ အားကစားပွဲများကို စောင့်ကြည့်တတ်ကြသည်။ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ၎င်းတို့သည်လည်း ဆောက်တည်ရာမရ ဖြစ်သွားခဲ့ကြသည်။ သို့သော် Times ကဲ့သို့သော သတင်းစာများကတော့ ကမ္ဘာလှည့်ခရီးသွားများကြား လူကြိုက်များသည့် ဒေသများရှိ ထိခိုက်ခံစားရသူများအတွက် ဖွဲ့နွဲ့ရေးသားကြသလိုမျိုး ဝေးလံခေါင်ဖျားသော ဒေသများမှ ထိခိုက်သူများအတွက် ရေးသားဖော်ပြခြင်း မရှိကြ။
Slate.com ဆောင်းပါးရှင် ဂျက်စတင်ပီတာက အယ်ဒီတာများ၏ သတင်းအပေါ် အဆင့်သတ်မှတ်မှုကို “ခွေးက လူကိုကိုက်တာ သတင်းမဟုတ်။ လူက ခွေးကိုကိုက်တာ သတင်းလုပ်ကြတယ်” ဟု မှတ်ချက်ပေးခဲ့သည်။ ဥရောပနှင့် မြောက်အမေရိကန်တို့မှ၍ အခြားသောတိုက်ကြီးများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပါက အနောက်တိုင်းသားတို့ တုတ်တုတ်တောင်မလှုပ်ကြ။ ထို့ကြောင့် ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့ကဲ့သို့ အနောက်နိုင်ငံများတွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများက ကင်ညာနှင့် လက်ဘနွန်တို့ကဲ့သို့ နိုင်ငံများတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများထက် မီဒီယာတွင် ပိုမိုသာသာဖော်ပြမှုများ ဆက်လက်ရှိနေမည်မှာ မေးစရာမလိုသည့် ကိစ္စဖြစ်သည်။
ထိုတိုက်ခိုက်မှုတစ်ခုချင်းစီကို မည်သို့ပင်ဖောပြနေပါစေ ကမ္ဘာသူကမ္ဘာသားစိတ်ဓာတ် ထားရှိခြင်းနှင့် ပဲရစ်တိုက်ခိုက်မှု၊ ဘရပ်ဆဲလ်တိုက်ခိုက်မှုများတွင် ထိုခိုက်ခံစားသူများကို စာနာသကဲ့သို့ အရှေ့အလယ်ပိုင်းမှ အကြမ်းဖက်မှုများ၏ သားကောင်ဖြစ်နေသူများကိုလည်း တူညီသော စာနာစိတ်ထားခြင်းမှာ မိမိတို့ စာဖတ်သူများ၏ တာဝန်သာ ဖြစ်ပေတော့သည်။
Ref: Usuncut
Comments