မတ် ၂၆၊ ၂၀၁၆
M-Media
– တရုတ်သမ္မတ ဇီဂျင်ပင်း နှုတ်ထွက်ရန်အတွက် တောင်းဆိုထားပြီး အွန်လိုင်းတွင် ပြန့်နှံ့နေသည့် စာအား ရေးသားသူများကို တရုတ်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကာ ကျယ်ကျယ်ပြန့်ပြန့် နှိမ်နှင်းရန် ပြင်ဆင်နေသည်ဟု သိရသည်။
တရုတ်အစိုးရ အတိုက်အခံတစ်ဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူ ၀မ် ယွန်ချောင်က နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်းပြည်နယ်တွင် နေထိုင်သည့် ၎င်း၏မိဘများနှင့် ညီငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ထိုကိစ္စနှင့်ပတ်သက်၍ အင်္ဂါနေ့တွင် ဖမ်းဆီးသွားခဲ့သည်ဟု ပြောကြားခဲ့သည်။
ထိုကဲ့သို့ ဖမ်းဆီးခြင်းမပြုမီ နေအိမ်သို့ အကြိမ်ကြိမ်လာရောက်က မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်သောကြာနေ့ကလည်း ၀မ်မှာ WeChat တွင် ပို့စ်တစ်ခု လွှင့်တင်ခဲ့ပြီး ထိုပို့စ်၌ အာဏာပိုင်များက သမ္မတအား နှုတ်ထွက်ရန် တောင်းဆိုထားသောစာမှာ မိမိက ဖြန့်ဝေခြင်းဖြစ်သည်ဟု ၀န်ခံစေရန်အတွက် မိသားစုကို ဖိအားပေးနေသည်ဟု ဖော်ပြထားသည်။
“တကယ်လို့ ဒီစာကို ဘယ်သူက ရေးလဲဆိုတာကို ပြောပြရင်၊ ကျွန်တော့်အပေါ် အပြစ်မတင်တော့ဘူးလို့ သူတို့က ကတိပေးခဲ့ပါတယ်” ဟု ၀မ်က ရေးသားခဲ့သည်။
ဝမ်ကမူ ထိုစာကို မည်သူရေးမှန်း မသိဘဲ၊ ထိုစာဖြန့်ဝေမှုတွင်လည်း မိမိနှင့် မည်သို့မှ မပတ်သက်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ဇီဂျင်ပင်းအား နှုတ်ထွက်ရန် တောင်းဆိုထားသည့် အဆိုပါစာကို Wujie News က မတ်လ ၄ ရက်နေ့တွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး တရုတ်ဥပဒေပြုအဖွဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်၏ နှစ်ပတ်လည်အစည်းအဝေးစတင်သည့် နေ့နှင့်လည်း တိုက်ဆိုင်နေသည်။
ထိုစာတွင် ဇီမှာ စုပေါင်းခေါင်းဆောင်မှုစနစ်ကို စွန့်လွှတ်နေကာ ၎င်းတစ်ဦးတည်း အာဏာရှိရန် ကြိုးပမ်းနေသည်ဟု ဖော်ပြထားပြီး နိုင်ငံနှင့် ပြည်သူများအတွက် နှုတ်ထွက်ပေးရန်လည်း တိုက်တွန်းထားသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.