စိန်စံထိုက်
ရှေးသရောအခါ ပြည်မြန်မာသည်
အတ္တဖယ်ထား မေတ္တာများနှင့်
မာနကိုရှောင် အပြုံးဆောင်လျှက်
လောကကိုချစ် အလှစစ်ခဲ့ပါလေသည်။
ကမ္ဘာမြေတလွှား စံပြုကာလျှင်
သူငါသွားလာ မြေလွတ်ရာတွင်
အာဂန္တုအား ကရုဏာပွား၍
ကြီးငယ်ဇရပ် ဆောက်လှူခဲ့ကြပါလေသည်။
နိဗ္ဗာန်ရည်ရော် ကုသိုလ်မျှော်၍
ရေတွင်းရေကန် သောက်သုံးရန်အတွက်
တူးကြဖေါ်ကြ စုပေါင်းကြနှင့်
လူမျိုးဘာသာ မခွဲပါဘဲ
ကောင်းမြတ်အကျိုး သယ်ပိုးခဲ့ကြပါလေသည်။
မြန်မာ့အလှ မေတ္တာမျှ၍
ကျက်သရေမြင့်မား စင်ကလေးများဖြင့်
ရေအိုးကိုတည်(တယ်) သောက်စေကွယ်လို့
၁၀ ပါး အကျိုး မျှော်ကိုးခဲ့ကြပါလေသည်။
အိမ်အနားကခွေး ကိုယ်မမွေးလည်း (လဲ)
ဟင်းစားပိုချက် ကရုဏာသက်၍
ခွေးစာခွက်ထား ကျွေးခဲ့တာများ
မှတ်မိရဲ့လား အို မြန်မာ…..။
သတ္တ၀ါအား ငဲ့ညှာသနားကာ
အသက်ကိုရှောင် ကုသိုလ်ဆောင်၍
သမုဒ္ဒရာပမာ ၀မ်းတစ်ထွာကို
အသက်သတ်လွတ် ရောင့်ရဲမှုနှင့်
တစ်ချိန်တုန်းက အို မြန်မာ….။
ခုချိန်ခုခါ ပြည်မြန်မာသည်
အပြစ်မဲ့သား ခရီးသွားကို
လူအုပ်စုပြု ဗိုလ်ကျမှုနှင့်
ဒုတ်ဓါးကိုင်စွဲ မျိုးဖြုတ်ပွဲသို့
ရက်စက်လှစွာ သတ်ဖြတ်ခဲ့ကြပါလေသည်။
ဆယ်ဦးသတ်ပွဲ နောက်ဆက်တွဲက
အတ္တကိုင်ဆွဲ မေတ္တာမွဲလို့
လူထောင်သောင်းထက် ဘ၀ပျက်၍
အိုးအိမ်ဥစ္စာ ပျောက်ရရှာသည်
အကျည်းတန်ခဲ့ ရုပ်ဆိုးခဲ့ပေါ့ ပြည်မြန်မာ ။
စိမ်းစိုချိုမြ တောတောင်အလှနှင့်
ပြာလဲ့လဲ့အသွင် ပင်လယ်ပြင်ကြောင့်
ထယ်ဝါ၀င့်ကြွား အနောက်တံခါးက
ကျက်သရေဆောင်ထား မေတ္တာများကြောင့်
ကမ္ဘာလှည့်များ ခိုဝင်နားခဲ့ကြပေသည်။
ပစ္စုပ္ပန်အခါ ပြည်မြန်မာသည်
အတ္တမာန်ကြီး ဒေါသမီးနှင့်
ရက်စက်စိတ်ကြမ်း ကရုဏာခန်းသည်
ကမ္ဘာ့ပြည်သား မိတ်ဆွေများက
ရွံရှာမုန်းတီး ကြောက်စိတ်ကြီး၍
မြန်မာ့မြေအား အစဉ်လေးစားတဲ့
ဂုဏ်သိက္ခာတံခါး ကျိုးပေါက်ခဲ့ရပါလေသည်။
Comments