ဧပြီ ၁၆၊ ၂၀၁၆
– နီပေါနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ တစ်ဦးတည်းသော အမျိုးသမီးအဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ အန်ဆွာရီသည် ခွဲခြားဆက်ဆံခြင်းများအတွက် တိုက်ပွဲဝင်လျက်ရှိသည်။
နီပေါဝန်ကြီးချုပ်ရုံးမှ မိုနာ အန်ဆွာရီထံ ဖုန်းဝင်လာသည်။ လူ့အခွင့်အရေးကိစ္စကို အစိုးရနှင့် ပူးပေါင်းအကောင်အထည်ဖော်နေသော နီပေါလူ့အခွင့်အရေးကော်မရှင်အဖွဲ့ NHRC ၌ ပါဝင်ရန် ၎င်းတို့က တောင်းဆိုခဲ့သည်။
နီပေါနိုင်ငံတောင်ပိုင်းမြို့တော် Nepalgunj ရှိ အခြေခံလူတန်းစားအလွှာ မွတ်စ်လင်မ်မိသားစုဝင် ရှေ့နေ အန်ဆွာရီမှာ မယုံနိုင်လောက်အောင် အံ့အားသင့်သွား၏။
“ကျွန်မ ဒီနေရာမှာ လုပ်ကိုင်ဆောင်ရွက်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့မိပါဘူး။ ကျွန်မတို့မိသားစုဝင်ထဲ ဘယ်သူမှ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်း မရှိကြဘူးလေ။ ဒါဟာ ၀ီရိယရဲ့အကျိုးရလဒ်ပါပဲ” ဟု ယခုအခါ NHRC တွင် ကော်မရှင်နာတစ်ဦးဖြစ်နေသူ မိုနာ အန်ဆွာရီ (၃၉ နှစ်)က မြို့တော် ခတ္တမန္ဒူ ဟော်တယ်ခန်းမ၌ သိမ်မွေ့စွာထိုင်လျက် ပြောကြားခဲ့သည်။
သူမ၏ထွန်းတောက်မှုသည် နီပေါနိုင်ငံတွင် ဆယ်နှစ်ကြာ မော်ဝါဒီပုန်ကန်မှုပြီးဆုံးပြီးနောက် ပဒေသရာဇ်စနစ်အဆုံးသတ်ချိန်မှစ၍ ပြောင်းလဲလာသည့် ပုံရိပ်တစ်ခုဟု ဆိုနိုင်ပေသည်။
လုံခြုံရေးတပ်ဖွဲ့ အလွန်အကျွံ သုံးစွဲမှုနှင့် ခွဲခြားဆက်ဆံမှု စသည့်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေရသော ကော်မရှင်အဖွဲ့ဝင်ငါးဦးအနက် သူမတစ်ဦးတည်းသာ အမျိုးသမီးဖြစ်နေခြင်းကြောင့် လုပ်ငန်းပိုင်းတွင် အလွန်ခက်ခဲစွာ ဖြတ်သန်းရကြောင်း သူမက ဆိုသည်။
ဖွင့်ထုတ်ပြောဆိုခြင်းနှင့် ဝေဖန်ခံရခြင်း
အမျိုးသမီးနှင့် တိုင်းရင်းသားအခွင့်အရေးများမှသည် Madhesi လူမျိုးနွယ်၏ အခြေအနေနှင့် မြေငလျင်အလွန် ပြန်လည်တည်ဆောက်ရေးနှောင့်နှေးမှုများအထိ သာမန်နီပေါပြည်သူတို့ ရင်ဆိုင်နေရသော ပြဿနာများအပေါ် အခွင့်ထူးခံ နိုင်ငံရေးအလွှာ၏ဆောင်ရွက်ချက်တို့နှင့်ပတ်သက်ပြီး အန်ဆွာရီက မကြာခဏ ထိပ်တိုက်ဝေဖန်တတ်ရာ သူမသည် ဆိုရှယ်မီဒီယာပေါ်တွင် ထင်ရှား၏။
“Madhesi လှုပ်ရှားမှုကို စစ်တပ်စေလွှတ်ကိုင်တွယ်မှုအပေါ် ပထမဆုံး ဆန့်ကျင်ခဲ့သူက ကျွန်မ ပါပဲ။ အဲ့ဒါကို ကျွန်မက ပထမဆုံး လူသိရှင်ကြား ရင်ဆိုင်ပြောထုတ်ခဲ့တယ်လေ။ ဝေဖန်မှု အများအပြား ကြုံခဲ့ရတယ်။ ၀ါရင့်ဂျာနယ်လစ်တစ်ဦးဆိုရင် ကျွန်မကို ဆောင်းပါးရေးပြီး ဝေဖန်တဲ့အထိပါပဲ” ဟု မကြာသေးမီက ဖြစ်ပွားခဲ့သော Madhesi လူမျိုးတို့၏ ကန့်ကွက်ဆန္ဒပြမှုများကို သူမက ရည်ညွှန်းပြောဆိုသည်။ Madhesi လူမျိုးတို့သည် နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံထက်မနည်း ရှိသော်လည်း စီးပွားရေးနှင့် နိုင်ငံရေးအရ ကိုယ်စားပြုခွင့် အပြည့်အ၀ မရရှိချေ။ အခြားသတင်းစာတိုက်များကမူ သူမ၏ရပ်တည်ချက်ကို ထောက်ခံအားပေးနေကြသော်လည်း သူမသည် မီဒီယာပေါ် ရပ်မနေဘဲ ရှေ့ထွက်လုပ်သွားရဦးမည်ဟု ဆိုသည်။
မတ်လလယ်က အန်ဆွာရီသည် Madhesi ဆန္ဒပြသူများကို အင်အားသုံးသည့်ကိစ္စနှင့်စပ်လျဉ်းပြီး ဂျီနီဗာရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံ တင်ပြခဲ့သည်။ ၎င်းနောက် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ၀န်ကြီးချုပ် KP Oli ၏ ရုံးမှ NHRC ဥက္ကဋ္ဌနှင့် အခြားအဖွဲ့ဝင်လေးဦးအား ခေါ်ူတွေ့ဆုံခဲ့၏။
Madhesi လူမျိုးတို့မှာ သမိုင်းနှင့်ချီပြီး နိုင်ငံကိုယ်စားပြုခွင့်မရရှိခဲ့ခြင်းကို ထပ်မံ အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကြောင့် Tarai ဒေသအတွင်း ကန့်ကွက်ဆန္ဒပြမှုများ ပွင့်ထွက်လာခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ လူအသေအပြောက် အနည်းဆုံး ၅၀ ဦးရှိလာခဲ့ပြီး အများစုမှာ Madhesi လူမျိုးနွယ်များ ဖြစ်ကြသည်။ မည်သို့ဆိုစေ လူ့အခွင့်အရေးအုပ်စုများ၊ လူမှုလှုပ်ရှားသူများက အန်ဆွာရီအား ကျားကန်ပေးထားကြ၏။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တိုက်ဖျက်ခြင်း
ယခုသော် အန်ဆွာရီသည် အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်နေပြီဖြစ်သည်။ NHRC အဖွဲ့ဝင် မဖြစ်မီက သူမသည် နိုင်ငံတော်အမျိုးသမီးများကော်မရှင်အဖွဲ့ (NWC) ၌ ကော်မရှင်နာတစ်ဦးအဖြစ် လေးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းမှာ သူမ၏ ပထမဆုံး အစိုးရ၏ လွှဲအပ်ချက်လုပ်ငန်းကြီးဖြစ်၏။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ စီမံကိန်းတစ်ခု ၌ လုပ်ကိုင်နေချိန် ၂၀၁၀ ခုနှစ်တွင် NWC အဖွဲ့ထဲပါဝင်ရန် ဖိတ်ကြားခံရသည်။ ၎င်းမှာ ထိုကဲ့သို့ အဆင့်မြင့်ရာထူးတွင် မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးကို ပထမဦးဆုံး ခန့်အပ်ခြင်းဖြစ်ကြောင်း သူမက ပြောပြသည်။ NWC ၌ အန်ဆွာရီနှင့် ၂ နှစ်နီးပါး အတူလက်တွဲလုပ်ဆောင်ခဲ့သူ Urmila Devi Vishvakarma က သူမအတွက် မိမိတို့ ဂုဏ်ယူကြောင်း ဆိုသည်။
၂၀၀၆ ခုနှစ်တွင် မော်ဝါဒီတော်လှန်ရေး အဆုံးသတ်ပြီးသည့်နောက် နီပေါနိုင်ငံတွင် ဒီမိုကရေစီတံခါး ပွင့်လှစ်လာသည်။ သို့ဖြင့် အမျိုးသမီးများ၊ တိုင်းရင်းအုပ်စုကဲ့သို့ ခွဲခြားဖိနှိပ်ခံနေရသူများက မိမိတို့၏ သက်ဆိုင်ရာအခွင့်အရေးများကို ထုတ်ဖော်တောင်းဆိုလာကြသည်။
“အရေးကိစ္စ အတော်များများကို ကျွန်မ အသံထုတ်ခဲ့တယ်။ အထူးသဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေပါ။ ဒါ့အပြင် လိင်ခွဲခြားမှုကို အဆုံးသတ်စေမယ့် ဥပဒေမူကြမ်းတစ်ရပ်ကိုလည်း တင်သွင်းနိုင်ခဲ့ပါတယ်” ဟု အန်ဆွာရီက ဖွင့်ပြောသည်။
“သူမဟာ NGO ကျောထောက်နောက်ခံနဲ့ လာခဲ့တာကြောင့် စနစ်ကျပြီး ထက်မြက်တယ်။ နိုင်ငံတကာဥပဒေနဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သူမရဲ့အတွေ့အကြုံက သူမရဲ့လုပ်ငန်းခွင်သစ်အတွက် အထောက်အကူရစေခဲ့ပါတယ်” ဟု NWC ၏ ဥက္ကဋ္ဌဟောင်း Sheikh Chand Tara က သူမ၏ကျွမ်းကျင်မှု၊ အမြင်စူးရှမှုနှင့်ပတ်သက်ပြီး ချီးမွှမ်းစကားဆိုပါသည်။
နီပေါနိုင်ငံ၏ ပထမဆုံး မွတ်စ်လင်မ်အမျိုးသမီး ဥပဒေဘွဲ့ရှင် ဖြစ်လာခြင်း
သူမ၏ခရီးလမ်းက ယနေ့တိုင် လွယ်ကူချောမွေ့မှု မရှိသေး၊ အခက်အခဲအတားအဆီးများကို ကျော်ဖြတ်နေရဆဲပင်။ သူမမိသားစု၏၀င်ငွေမှာ ဖခင်ဖြစ်သူ၏ လက်သမားဆိုင်တစ်ခုတည်းမှသာ မှီခိုနေရ၏။ သူမ၏ မိဘများသည် စာပေမတတ်မြောက်ကြ။ ထို့ကြောင့် သူတို့၏ရင်သွင်းများကို ပညာတတ်များ ဖြစ်ကာ ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်စေလိုခဲ့ကြ၏။
“နီပေါက မွတ်စ်လင်မ်မိဘတွေဟာ များသောအားဖြင့် သူတို့ရဲ့ကလေးတွေကို ခေတ်ပညာရေးကျောင်း မပို့လိုကြဘူး။ ဒါပေမယ့် ကျွန်မကတော့ အစိုးရနဲ့ တွဲဖက်ဖွင့်လှစ်တဲ့ကျောင်းကို တက်ခဲ့ပါတယ်”။
“သားများကသာ မိသားစုကို ကြည့်ရှုစောင့်ရှောက်မည့်သူများ၊ သမီးများမှာ သူတစ်ပါးထံ သွားမည့်သူများ” ဟူ၍ ၂၇ သန်းသော ပြည်သူများစွာတို့၏အမြင်အတိုင်း သူမသည် မိသားစုအတွင်း ယောက်ျားလေးများနှင့်တန်းတူ အခွင့်အရေး မရရှိသေးပေ။
“ကျွန်မရဲ့ အစ်ကို/မောင်တွေက အလယ်အလတ်တန်း အင်္ဂလိပ်ဘော်ဒါကျောင်း သွားရတယ်။ ကျွန်မကတော့ အစိုးရကျောင်း သွားတက်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီကနေ ဘာသာရေးပညာသာမက ခေတ်ပညာကိုပါ ရရှိခဲ့တဲ့အတွက် ကျွန်မ ၀မ်းသာပါတယ်” ဟု သူမက ရှင်းပြသည်။
သို့သော် ကောလိပ်ပညာရေးအတွက် ငွေကြေးအခက်အခဲကြုံတွေ့ရသဖြင့် ပထမနှစ်ပြီးသည့်နောက် ကျောင်းနားခဲ့ရသည်။ ပညာသင်ဆု ရလာပြီးသည့်နောက်မှာမှ နောက်ထပ် သုံးနှစ် ပြန်တက်ခဲ့ရသည်။
“နောက်ပိုင်းမှာ Nepalgunj က တစ်ခုတည်းသော အစိုးရကောလိပ် Mahendra Multiple College မှာ ဥပဒေဘွဲ့သင်တန်းကို စာရင်းသွင်းတက်ရောက်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်”။
ပညာသင်ကြားဆဲကာလအတွင်း ကျောင်းငယ်များ၌ စာသင်ကြားပေးခြင်း၊ ပြင်ပနည်းပြဆရာပြုလုပ်ခြင်းဖြင့် ကျောင်းစားရိတ်ကို ကိုယ်တိုင်ရှာဖွေခဲ့ရသည်။ နယ်ခံသတင်းစာများအတွက် အမျိုးသမီးနှင့်ကလေးငယ်တို့၏ ပြဿနာများဆိုင်ရာ ဆောင်းပါးများကိုလည်း အချိန်ပေးရေးသားခဲ့သေးသည်။
ထို့နောက်ဝယ် သူမသည် မိသားစုအတွင် ပထမဆုံး ဘွဲ့ရရှိသူ၊ ၎င်းအပြင် မွတ်စ်လင်မ်လူ့အဖွဲ့အစည်း၌ ပထမဆုံးသော အမျိုးသမီးဥပဒေဘွဲ့ရှင် ဖြစ်လာခဲ့သည်။ မွတ်စ်လင်မ်တို့သည် နိုင်ငံ့လူဦးရေ၏ ၅ ရာခိုင်နှုန်းပင် မရှိသည့်အပြင် ဆင်းရဲနွမ်းပါးကာ ပညာရေးနိမ့်ပါးနေကြ၏။
Nepalgunj ကဲ့သို့ မြို့ငယ်လေးတွင် သူမ၏ရှေ့နေအလုပ်မှာ ဘ၀ရပ်တည်ဖို့ ရုန်းကန်ရ၏။ သူမ၏ အမှုသည်အများစုက ဆင်းရဲသူဆင်းရဲသားများနှင့် အဖိနှိပ်ခံမိန်းမသားများ ဖြစ်ခဲ့၏။ မိမိ၏ကျောထောက်နောက်ခံ အနေအထားအရ ခတ္တမန္ဒူတွင် လုပ်ငန်းစတင်လုပ်ဆောင်ရန် အလွန်အမင်း ခက်ခဲလှကြောင်း၊ သို့သော် မိသားစုက တစိုက်မတ်မတ် အားပေးကူညီခဲ့ကြောင်း၊ ၎င်းနောက် နိုင်ငံတကာ NGO များ၌ ဆက်လက် အလုပ်ဝင်ခဲ့ကြောင်း သူမက ပြောပြသည်။
ဖျန်ဖြေဖြောင်းဖျနှစ်သိမ့်ခြင်းကို ဘယ်တော့မှ မလုပ်
သူမ၏အလုပ်မှာ တစ်စစနှင့် အသိအမှတ်ပြုခံလာရတော့သည်။ ၂၀၁၂ ခုနှစ်တွင် သမ္မတကိုယ်တိုင် ချီးမြှင့်သော လူထုအကျိုးဆောင်ဆုတံဆိပ် Suprabal Jana Sewa Shree Award ကို ရရှိခဲ့၏။ ထိုနှစ်မှာပင် နီပေါ၏ စံပြအမျိုးသမီးများနှင့် အောင်မြင်သူများကို အသိအမှတ်ပြုသော Nava Devi Award ကို ချီးမြှင့်ခံရပြန်၏။ သို့ဖြင့် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းအတွင်း ဂုဏ်ယူဖွယ်ပန်းတစ်ပွင့် ဖြစ်လာခဲ့ပေသည်။
“ကောင်းမွန်ထိရောက်တဲ့အလုပ်ကို သူမ လုပ်ဆောင်နေတာပါ။ ပြီးတော့ လူ့အဖွဲ့အစည်းဝင်အများအပြားရဲ့ စံပြပုဂ္ဂိုလ်စာရင်းဝင်လည်း ဖြစ်နေပါတယ်” ဟု Nepalgunj မှ ဒေသခံ မော်ဝါဒီခေါင်းဆောင် Athar Hussain Faruqi က ဆိုသည်။
အန်ဆွာရီသည် နီပေါနိုင်ငံအနှံ့ခြေဆန့်လျက် အမျိုးသမီးများ၊ ခွဲခြားချိုးနှိမ်ခံလူ့အသိုင်းအ၀ိုင်းများ၏အသံတို့ကို နားဆင်ခဲ့ပြီးဖြစ်သည်။
“ကျွန်မရဲ့ ကျောထောက်နောက်ခံအနေအထားကနေတဆင့် အမျိုးသမီးအားလုံးကို ကိုယ်စားပြုတဲ့ မူဝါဒပိုင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရမယ့်လူတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ကျွန်မ စဉ်းတောင်မစဉ်းမိခဲ့ဖူးဘူး”။
မွတ်စ်လင်မ်လူ့အဖွဲ့အစည်းသည် ဖြည်းဖြည်းချင်း ဦးမော့လာမည်ဟု သူမ ယုံကြည်ထားသည်။ “အခြေခံဥပဒေသစ်မှာ မွတ်စ်လင်မ်တွေအတွက် အလုပ်အကိုင်ရေးရာဝေစုတစ်ရပ် ရစေရေး ပြဋ္ဌာန်းပေးလိုက်တဲ့အတွက် မွတ်စ်လင်မ်များအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်တစ်ခု ဖြစ်လာစေပါတယ်”။
အမျိုးသမီးများအား အစိုးရလုပ်ငန်း၏ ၃၃ ရာခိုင်နှုန်း၌ လျာထားပေးမည့် ဆုံးဖြတ်ချက်ကိုလည်း သူမက ထောက်ခံထားသည်။ ၎င်းအချက်အားဖြင့် လူမှုရေးနှင့် ပညာရေးတွင် အနိမ့်ဆုံးရေချိန်ရောက်နေသည့် မွတ်စ်လင်မ်အမျိုးသမီးများအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု သူမက ယုံကြည်ထားသည်။
“ကျွန်မက ငြိမ်ခံနောက်တွန့်နေလေ့ရှိသူမျိုး မဟုတ်တဲ့အပြင် တရားမျှတမှုကို ယုံကြည်တဲ့အတွက်ကြောင့် ဖျန်ဖြေဖြောင်းဖျနှစ်သိမ့်ခြင်းကို ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ ခြိမ်းခြောက်မှု အများအပြားကို ရင်ဆိုင်နေရပေမယ့်လည်း ကရုမစိုက်ဘဲ ရှေ့ဆက်သွားပါမယ်”။
အန်ဆွာရီကတော့ မိမိယုံကြည်ရာအတိုင်း ဆက်လက်တိုက်ပွဲဝင်ပေဦးမည်။
(Source: Al Jazeera’s “Meet Mohna Ansari: Nepal’s first female Muslim lawyer” written by Saif Khalid.)
ဘာသာပြန် – မင်းထွဋ်ခေါင်
Comments