မေ ၁၊ ၂၀၁၆
M-Media
– နေရောင်ခြည်စွမ်းအင်သုံး Solar Impulse လေယာဉ်ဟာ ဟာဝိုင်ယီကျွန်းကနေ ပစိဖိတ်သမုဒ္ဒရာပေါ် သုံးရက်တာပျံသန်းပြီးတဲ့နောက် ကယ်လီဖိုးနီးယားပြည်နယ် ဆီလီကွန်တောင်ကြားမှာ ယမန်နေ့က ဆင်းသက်ခဲ့ကာ ရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာတစ်ပတ် ပျံသန်းမှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။
“ပစိဖိတ်သမုဒ္ဒရာကိုတော့ ဖြတ်နိုင်ခဲ့ပြီ” လို့ မဆင်းသက်ခင်မှာ လေယာဉ်မှူး ဘာထရန် ပစ်ကာ့ဒ်က ကြေငြာခဲ့ပြီး လေပြင်းတွေတိုက်ခတ်မှုကြောင့် ဆင်းသက်မှု အနည်းငယ် နောက်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လမှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့က စတင်ခဲ့တဲ့ Solar Impulse ရဲ့ ကမ္ဘာတစ်ပတ်ခရီးစဉ်ကို လေယာဉ်မှူးတွေဖြစ်ကြတဲ့ ပစ်ကာ့ဒ်နဲ့ အန်ဒရီ ဘော့ခ်ျဘာ့ဂ်တို့က တစ်လှည့်စီ မောင်းနှင်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာတစ်ပတ်ပျံသန်းမှုရဲ့ အခုနောက်ဆုံးအပိုင်းဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းမှုမှာ အရေးပေါ် ဆင်းသက်စရာနေရာ မရှိတဲ့အတွက် အန္တရာယ်များဆုံးခရီးစဉ် ဖြစ်ခဲ့ပါတယ်။ လေယာဉ်ဆင်းသက်ပြီး လေယာဉ်မှူး ပစ်ကာ့ဒ် ထွက်လာတဲ့အခါမှာတော့ ဘော့ခ်ျဘာ့ဂ်က ဖက်လှဲတကင်းနဲ့ ခရီးဦးကြို ပြုခဲ့ပါတယ်။
“ဒီလိုတွေ့ကြုံခံစားနိုင်ခဲ့တဲ့ ဒီဘ၀ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊ ကျွန်တော်ရရှိခဲ့သမျှအတွေ့အကြုံတွေထဲမှာ ဒီတစ်ခုဟာ အထူးခြားဆုံးပါပဲ” လို့ လေယာဉ်မှူး ပစ်ကာ့ဒ်က ၎င်းရဲ့ခံစားချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Solar Impulse လေယာဉ်ဟာ နေရောင်ခြည်စွမ်းအင်ကို ရာနှုန်းပြည့်အသုံးပြုကာ ကမ္ဘာတစ်ပတ်ပျံသန်းတဲ့ ပထမဆုံး လေယာဉ်ဖြစ်ပြီး၊ နေ့ခင်းဘက်မှာ ဆိုလာပြားတွေက ရတဲ့စွမ်းအင်နဲ့ တိုက်ရိုက် မောင်းနှင်တာဖြစ်ကာ တစ်ချိန်တည်းမှာပဲ ဘက်ထရီတွေကို အားဖြည့်ပေးပါတယ်။ ညဘက်မှတော့ အားသွင်းထားတဲ့ ဘက်ထရီကို အသုံးပြုပြီး မောင်းနှင်တာဖြစ်ပါတယ်။
ပစ်ကာ့ဒ်က ဒီ နေရောင်ခြည်စွမ်းအင်အသုံးပြုတဲ့ လေယာဉ်တွေဟာ နောက်ထပ် အနှစ် ၅၀ အတွင်းမှာ လူ ၅၀ လောက်ကို ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
Ref : BBC
Leave a Reply
You must be logged in to post a comment.