မေ ၃၊ ၂၀၁၆
M-Media
– နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား Facebook ပေါ်တွင် အသရေဖျက်ခဲ့သည့် နေမျိုးဝေကို ကန်ကြီးထောင့်ရဲစခန်းက ဖမ်းဆီးရန် စီစဉ်နေသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းရေးပါတီ၏ ဥက္ကဌဖြစ်သူ နေမျိုးဝေမှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ဓာတ်ပုံများအား အသုံးပြုကာ ၎င်းတို့အား အသရေပျက်စေသော၊ နိုင်ငံတော် မတည်မငြိမ်ဖြစ်ရန် ရည်ရွယ်သော ရေးသားမှုများကို Facebook စာမျက်နှာတွင် ပြုလုပ်ခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝေယံအောင်က ကန်ကြီးထောင့်ရဲစခန်းတွင် နိုင်ငံတော်အကြီးအကဲများအား ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားမှု၊ ပြည်ထောင်စုပြိုကွဲအောင် လှုံ့ဆော်ရေးသားမှု၊ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်ရေးသားမှုများကြောင့် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့သည်။
ကန်ကြီးထောင့်ရဲစခန်းမှ အမှုစစ်အရာရှိက မိမိတို့မှာ နေမျိုးဝေးအား ဖမ်းဆီးရန် ပြင်ဆင်နေသည်ဟု ပြောကြားခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြကြသည်။
နေမျိုးဝေမှာ ဘာသာရေးလူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်ရန် လှုံ့ဆော်မှုများကို Facebook စာမျက်နှာမှတစ်ဆင့် တောက်လျှောက်ပြုလုပ်နေသူဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန်ပင် ယခင်က လှုံ့ဆော်ခဲ့သူဖြစ်သည်။
Ref: Kamayut Media
Comments