မေ ၇၊ ၂၀၁၆
M-Media
– ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ကာ သမိုင်းဝင်အောင်ပွဲ ရရှိထားသော်လည်း ယနေ့ပွဲတွင် ခြေစွမ်းမပြနိုင်ပါက ကစားသမားများအား အသက်သေသည်အထိ ရိုက်နှက်သွားမည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက အရွှန်းဖောက်ပြောကြားလိုက်သည်။
လက်စတာမှာ ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံဖြစ်ထားပြီး ယနေ့ အိမ်ကွင်းတွင် အဲဗာတန်နှင့် ကစားမည့်ပွဲပြီးနောက် ပရီးမီးယားလိဂ်ဖလားကို လက်ဝယ်ရရှိမည်ဖြစ်သည်။ ရာနီယေးရီကမူ အသင်းသားများအနေဖြင့် ထိုပွဲတွင် ပုံမှန်ခြေစွမ်းကောင်းကို ပြသနိုင်ရန် မျှော်လင့်ထားသည်။
“(ခြေစွမ်းပြနိုင်ဘူးဆိုရင်) ကျွန်တော့်လက်နဲ့ သူတို့ကို မသေမချင်း ထုထောင်းမယ်။ လည်ပင်းလည်း ညှစ်မှာပါ။ ကျွန်တော်တို့ရဲ့အလုပ်က ကစားဖို့ပါ။ ဒီပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်မှာဖြစ်ပြီး အဲဗာတန်ကလည်း ကျွန်တော်တို့ကို နိုင်ချင်မှာပါ။ ဆုလာဘ်အနေနဲ့ ကစားသမားတွေကို အားလပ်ရပ်အပို ကျွန်တော် ပေးထားတယ်။ ဒါပေမယ့် လေ့ကျင့်ကွင်းမှာတော့ သူတို့ ကောင်းနေတုန်းဆိုတာ ကျွန်တော် တွေ့ခဲ့ရပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
Ref: Goal
Comments