မ ၉၊ ၂၀၁၆
– ပါကစ္စတန်နိုင်ငံသား ဗိသုကာပညာရှင် ယာစမင်း လာရီသည် ရေဘေးဒဏ်သင့် ဆင်းဒ်ဒေသ၌ ဒေသန္တရဆိုင်ရာ ဆောက်လုပ်ရေးနည်းပညာဖြင့် ရွာများကို ပြန်လည်ထူထောင်ပေးလျက်ရှိသည်။
ယာစမင်း လာရီသည် ပါကစ္စတန်၏ ပထမဦးဆုံး အမျိုးသမီးဗိသုကာပညာရှင်၊ ကမ္ဘာ့သဘာဝဘေးဒဏ်သင့် ကယ်ဆယ်ရေးစခန်းများကို အပံ့ပိုးနိုင်ဆုံးသူလည်းဖြစ်သည်။ ၂၀၁၀ ခုနှစ်မှစ၍ ပါကစ္စတန်တွင် ရေဘေးနှင့် ငလျင်ဒဏ်ခံစားရသူတို့အတွက် အိမ်ရာပေါင်း ၃၆၀၀၀ အထက်ကို သူမက ဆောက်လုပ်ပေးထားခဲ့ပြီးဖြစ်၏။
နိုင်ငံတကာအဖွဲ့အစည်းများကပေးသော အရံသင့်နေအိမ်များ၏ဖွဲ့စည်းမှုအားနည်းချက်ကို ရှောင်ဖယ်သောအားဖြင့် လာရီသည် ထုံးနှင့် ၀ါးကဲ့သို့သော ရိုးရာနည်းလမ်းနှင့် ပြည်တွင်းဖြစ်ပစ္စည်းတို့ကို အသုံးပြုသည်။ သူမ၏အိမ်ယာပုံစံငယ်လေးများမှာ လူတို့အနေဖြင့် ၎င်းတို့ဖာသာ တည်ဆောက်ရန် ရိုးရှင်းလွယ်ကူလှသည်။ ဤနည်းအားဖြင့် ဗိသုကာပညာသည်လည်း လူသားချင်းစာနာကူညီရေးတွင် တစ်ထောင့်တစ်နေရာမှ အသုံးဝင်ကြောင်း သူမက ခင်းကျင်းဖော်ထုတ်ပြရန် မျှော်လင့်ထားသည်။
“ကပ်ဘေးသင့်ဒုက္ခသည်တွေကို လိုအပ်ချက်ရှိနေသူတွေအပေါ် စွန့်ကြဲသလို မဆက်ဆံပဲ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံပေးဖို့ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေကို မကြာမကြာပြောတတ်ပါတယ်” ဟု သူမက ဆိုသည်။
တစ်ချိန်က လယ်ရီသည် ပါကစ္စတန်နိုင်ငံပိုင် ရေနံကုမ္ပဏီကြီးလို အလုပ်အပ်သူများအတွက် ကွန်ကရစ်နှင့် သံမဏိအဆောက်အဦကြီးများကို လက်ခံဆောက်လုပ်ပေးခဲ့သည်။ သို့သော် ၂၀၀၅ ကပ်ဘေးသင့်သောအခါ သူမသည် ကျေးလက်ဒေသပြည်သူများအတွက် ရေလွှမ်းခြင်းနှင့်ငလျင်ဒဏ်ခံ အဆောက်အဦးပုံစံထုတ်ရန် ရိုးရာနည်းလမ်းများဖက် လှည့်ပြောင်းအသုံးပြုခဲ့သည်။
သူမသည် ဆင်းဒ်ဒေသသို့ပြန်လာရာ သူမဆောက်လုပ်ခဲ့သည့်အိမ်များမှာ ၂၀၁၃ ရေလွှမ်းမိုးမှုဒဏ်မှ ခံနိုင်ရည်ရှိခဲ့သည်ကိုလည်းကောင်း၊ အ၀ါရန်ရွာသားတို့သည် ၂၀၁၃ ဘလိုချစ္စတန်မြေငလျင်ဒဏ်မှ သက်သာရာရခဲ့သည်ကိုလည်းကောင်း တွေ့ခဲ့ရပေသည်။
အိန္ဒိယမှ ရုပ်ရှင်ဖန်တီးသူ ဖိုင်ဇာ အဟ်မဒ်ခန်းက ပါကစ္စတန်သို့သွားရောက်၍ ၎င်းနှင့်ပတ်သက်သော မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး အလ်ဂျဇီးရားအင်္ဂလိပ်ပိုင်းအစီအစဉ်၌ ၂၀၁၄ သြဂုတ်လအတွင်း တင်ဆက်ခဲ့သည်။
၎င်း၌ ယာစမင်း လယ်ရီနှင့်အဖွဲ့သည် ရိုးရာတည်ဆောက်ခြင်းနည်းလမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ၂၀၀၅ ခုနှစ်က Heritage Foundation ကို ဆင်းဒ်ဒေသ၊ Moak Sharif ကျေးရွာတွင် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစင်တာတွင် အမျိုးသမီးရေးရာဋ္ဌာန၊ ကလေးသူငယ်များအတွက် သင်ကြားလေ့လာရေးဋ္ဌာန၊ ကျေးလက်ပြည်သူများအတွက် ဆေးပေးခန်း ပါဝင်ကြောင်း၊ အစိုးရထံမှ ကွန်ကရစ်အိမ်ရာဆောက်လုပ်မှုရံပုံငွေ မရယူဘဲ ရွှံ့၊ ၀ါး၊ သစ်ရွက် ကဲ့သို့ သဘာဝပစ္စည်းများကို အသုံးပြုကာ နေအိမ်များကို ဆောက်လုပ်နေကြကြောင်း၊ မိမိရောက်ရှိစဉ်က သူတို့သည် အစိုးရကျောင်းတစ်ခုဖွင့်လှစ်နိုင်ရန် ကြိုးစားနေကြောင်း၊ ရွာသူများက မိခင်များကော်မတီတစ်ရပ်ကို ကိုယ်ထူကိုယ်ထ ဖွဲ့စည်းကာ စာသင်ကျောင်းလည်ပတ်နိုင်ရေးအတွက် စီစဉ်ကြကြောင်း၊ အိန္ဒိယသို့ မိမိပြန်ရောက်သောအခါ ၎င်းတို့သည် အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်း၊ ဇီဝဓာတ်မြေသြဇာနှင့် သဘာဝဆပ်ပြာအသုံးပြုခြင်းတို့ကို ဆောင်ရွက်နေပြီဟု လယ်ရီမှ ၀မ်းသာအားရ ဆက်သွယ်ပြောကြားလာကြောင်း၊ ရိုးရာနည်းလမ်းများသည် လူသားနှင့်သဘာဝစံနစ်ကို ချိန်ခွင်လျှာညီမျှစေအောင် ဟန်ချက်ထိန်းပေးရာရောက်ကြောင်း၊ ယာစမင်းနှင့်အဖွဲ့သားများက ယင်းကွက်လပ်ကို ဖြည့်ဆည်းပေးနေခြင်းဖြစ်ကြောင်း ဝေေ၀ဆာဆာ ဖော်ပြထားပေသည်။ သူမ၏စကားတစ်ရပ်ကိုလည်း ဤသို့တွေ့ရပါမည်။
“ကျွန်မတို့ဟာ အရာရာအားလုံးအတွက် ဒီမြေကို မှီခိုနေရတယ်။ (ဒီထဲကနေ) ကျွန်မတို့ သိရှိတာကို ထုတ်ယူပြီး ပြန်လည်ဖြည့်ဆည်းပေးတယ်။ မြို့ပြနေသူများဟာ သဘာဝမြေသားနဲ့ အဆက်အသွယ် ပြတ်တောက်နေကြတဲ့အတွက် သစ်ပင်ခုတ်ပစ်ဖို့၊ တွင်းနက်တွေတူးဖို့ နှစ်ခါပြန် စဉ်းစားမနေကြတော့ဘူး။ လူတွေက သဘာဝနဲ့ ကင်းကွာနေထိုင်နိုင်တယ်လို့ ထင်မြင်ကြတယ်။ ဒါပေမယ့် သီးခြားကင်းကွာလို့မရပါဘူး။ တကယ်လို့ သဘာဝစနစ် ပျက်သုဉ်းရင် သူတို့လည်း ပျက်သုဉ်းကုန်မှာပါပဲ”။
Ref: Al Jazeera
(Pakistan: A Traditional Future ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် မှီငြမ်းပြန်ဆိုသည်။)
Comments