မေ ၁၁၊ ၂၀၁၆
– ပူလောင်အိုက်စပ်သော မေလ၏ နေ့တစ်နေ့။ ရခိုင်ပြည်နယ် နုံချာနွမ်းပါးလှသည့် ရွာလေးတစ်ရွာမှ အိမ်တစ်အိမ်၏ အိမ်ရှေ့တွင် ပလပ်စတစ်ထိုင်ခုံများ အစီအရီခင်းကျင်းထား၏။ ၎င်းမြင်ကွင်းနှင့်မလိုက်ဖက်စွာ ဂေါက်ရိုက်ပစ္စည်းတစ်စုံကိုလည်း တွေ့ရ၏။ ထိုနေရာတွင် အမျိုးသားနှစ်ဦးက ဒေသတွင်း ဘာသာရေးတင်းမာမှုအကြောင်းအရာများကို ဆွေးနွေးနေကြ၏။ စပ်စပ်စုစုနိုင်လှသော အိမ်နီးချင်းများကလည်း သူတို့အနီးတွင် ၀ိုင်းရံလျက်ရှိ၏။
“ရိုဟင်ဂျာတို့ ဘင်ဂါလီတို့ ဆိုတဲ့နာမည်တွေကို ကျွန်တော်ကတော့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ ကြားခဲ့ရတယ်။ ဒီမှာရှိတဲ့လူတွေအားလုံးက (မိမိကိုယ်ကို) မွတ်စ်လင်မ်လို့သာ သုံးနှုန်းကြတာပါ” ဟု ဆင်တက်မော် မွတ်စ်လင်မ်ရွာ၏ ရွာလူကြီးဟောင်း ဦးကာလုက ဆိုသည်။
ထိုရွာအနီး ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးတို့နေထိုင်သော စင်အိရွာ၏လူကြီးလည်းဖြစ်၊ သူ၏မိတ်ဆွေဟောင်းလည်းဖြစ်သော ဦးထွန်းအေးသိန်းက ထိုအချက်ကို သဘောတူညီကြောင်း အများမြင်သာအောင် ခေါင်းညိတ်ပြလေသည်။
ပေါက်တောမြို့နယ်ရှိ ဆင်တက်မော်နှင့် ၎င်းဝန်းကျင်မှ ဗုဒ္ဓဘာသာဝင် တံငါရွာတို့မှာ တစ်နေရာနှင့်တစ်နေရာ အလှမ်းဝေးကြ၏။ တစ်ဖက်တွင် တောင်တန်းများ၊ နောက်တစ်ဖက်တွင် ပင်လယ်ပြင်တည်ရှိပြီး ပြင်ပကမ္ဘာနှင့် သွားလာဆက်ဆံနိုင်ရန် လှေတစ်စင်းတော့ လိုအပ်ကြသည်။ ပူးပေါင်းဆောင်ရွက်မှု၌လည်းကောင်း၊ ကုန်သွယ်မှု၌လည်းကောင်း ဒေသခံ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်တို့မှာ ကိုင်းကျွန်းမီကျွန်းကိုင်းမီ နှစ်ကာလများစွာ နေထိုင်လာခဲ့ကြသူများဖြစ်သည်။
ရခိုင်ပြည်နယ်တစ်ခွင်၌ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်တို့အကြား လူမျိုးရေးတင်းမာမှုများသည် ပေါက်ကွဲလုမတတ် တအုံနွေးနွေး ဖြစ်နေသော်လည်း ဦးကာလုနှင့် ဦးထွန်းအေးသိန်းတို့က လူ့အဖွဲ့အစည်းခေါင်းဆောင်များအနေနှင့် သူတို့၏နယ်မြေစပ်ပေါ်ရှိသည့် ကယ်ဆယ်ရေးစခန်းတစ်ခုကို ကန့်ကွက်ဆန္ဒပြရန် လက်ချင်းချိတ်ထားကြကုန်သည်။ ထိုစခန်းမှာ လူအများ အိုးမဲ့အိမ်မဲ့ဒုက္ခသည်ဘ၀သို့ရောက်စေခဲ့သော ဘာသာရေးအကြမ်းဖက်မှုထက်ပင် ဗုဒ္ဓဘာသာဝင်နှင့်မွတ်စ်လင်မ်တို့၏ ကောင်းမွန်နေသည့်ဒေသတွင်းဆက်ဆံရေးအတွက် အန္တရာယ်ကြီးမားလာစေနိုင်ကြောင်း သူတို့ကဆိုသည်။
ဆင်တက်မော်စခန်းတွင် ကမန်မွတ်စ်လင်မ်ပေါင်း ၂၂၀၀ ၀န်းကျင် နေထိုင်လျက်ရှိသည်။ သူတို့သည် ကျောက်ဖြူဒေသတွင် နိုင်ငံမဲ့ရိုဟင်ဂျာမွတ်စ်လင်မ်တို့ထက် လူဦးရေများပြားသည်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တစ်ဝှန်း အကြမ်းဖက်မှုကာလအတွင်း လူ ၂၀၀ သေဆုံးပြီး တစ်သိန်းလေးသောင်း အိုးအိမ်မဲ့ဒုက္ခသည်များ ဖြစ်ခဲ့ရသည်။ အများစုမှာ မွတ်စ်လင်မ်များဖြစ်သည်။ အဆိုပါစခန်းသို့ ထိုသူများသည် နေရပ်စွန့်ပြေးကာ ရောက်ရှိနေထိုင်လာခဲ့ကြသည်။
“ဒုက္ခသည်စခန်း(က ပြဿနာတွေ)ကြောင့်သာမဟုတ်ရင် လူတွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားပါလိမ့်မယ်” ဟု ဦးကာလု(၅၂ နှစ်)က ပြောပြသည်။ သူသည် ဆင်တက်မော်ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်မှ လတ်လတ်ဆတ်ဆတ် အနားယူထားပြီး နိုင်ငံသားပြုအဖြူရောင်ကတ်ပြား တစ်နည်း ယာယီနိုင်ငံသားကတ်ပြား ကိုင်ဆောင်ထားသူဖြစ်၏။ မိမိ၏လူမျိုးသည် မွတ်စ်လင်မ်၊ ဘာသာတရားသည် အစ္စလာမ်ဟု သူက ကြေညာပြောဆိုထားသည်။
ရခိုင်အမျိုးသား ဦးထွန်းအေးသိန်း(၄၅ နှစ်)မှာ သူနှင့် အသက်အရွယ်ကွာခြားသော်လည်း ဘာသာနှစ်ရပ်၏ ရင်သွေးများ တစ်မိုးတည်းအောက်ပေါင်းစည်းရာ စာသင်ကျောင်းတစ်ခုတည်းတွင် အတူတက်ရောက်သင်ကြားခဲ့သူဖြစ်၏။ လူ့အဖွဲ့အစည်းတင်းမာမှု ကျယ်ပြန့်လာလင့်ကစား သူတို့နှစ်ဦးကမူ ဘုံတူညီချက်အများအပြားရှိနေသည့် မိတ်ဆွေရောင်းရင်းကောင်းများအဖြစ် ဖော်ထုတ်ပြောကြားနေသည်။
“ကျုပ်တို့က သူငယ်ချင်းရောင်းရင်းတွေပဲဗျို့” ဟု တစ်ဦးကိုတစ်ဦး ဖက်ပွေ့ထားလျက် ဦးထွန်းအေးသိန်းက ရယ်ရယ်မောမော ပြောဆိုပါသည်။
မြန်မာနိုင်ငံလူထုအများစုအမြင်၌ ယင်းသို့သော ချစ်ခင်ရင်းနှီးမှု မရှိနိုင်ဟု ယူဆကြပေမည်။ ၂၀၁၂ အကြမ်းဖက်မှုနောက်ပိုင်း ဗုဒ္ဓဘာသာဝင်ရခိုင်နှင့် မွတ်စ်လင်မ်တို့အကြား ဆက်ဆံရေးမှာ လုံးဝပြိုကွဲသွားပြီဖြစ်၍ လူ့အဖွဲ့အစည်းနှစ်ရပ်ကို ပြန်လည်ရင်ကြားစေ့ပေးရေးအလုပ်မှာ မည်သို့မျှ မဖြစ်နိုင်တော့ဟု အဖွဲ့အစည်းများစွာက ယူဆသုံးသပ်ထားကြ၏။
မကြာသေးမီ ခွာတော်မူနန်းစွန့်ခဲ့ရသည့် အစိုးရဟောင်းသည် လူ့အသိုင်းအ၀ိုင်းနှစ်ခုအကြား သွေးခွဲသော မူဝါဒတစ်ရပ်ကို သွတ်သွင်းကျင့်သုံးစေခဲ့သည်။ ၎င်းက ယခုတိုင် အသက်ငင်နေဆဲ။ လူဦးရေတစ်သန်းထက် မနည်းသော မွတ်စ်လင်မ်တို့မှာ နေထိုင်သွားလာရေးအတွက် တင်းကြပ်မှုများကို ရင်ဆိုင်နေရဆဲပင်။
“၂၀၁၂ ခုနှစ်အလျင်က လူ့အသိုင်းအ၀ိုင်းအသီးအသီးအကြားက အခြေအနေတွေဟာ ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့တစ်တွေလည်း တစ်ဖက်နဲ့တစ်ဖက် မိသားစုလိုက် သွားလာလည်ပတ်မှုတွေ ရှိခဲံကြတယ်။ ဒီရပ်ဝန်းအလယ်မှာ ကလေးတွေအားလုံး တက်ရောက်ကြတဲ့ စာသင်ကျောင်းတစ်ခုလည်း ရှိခဲ့တယ်။ အခုတော့ လူတွေက အပြန်အလှန် တရင်းတနှီး မရှိကြတော့ဘူး။ မေးထူးခေါ်ပြောလောက်သာ ဖြစ်ကုန်ကြပြီ” ဟု ဦးကာလုက ပြောပြသည်။
မွတ်စ်လင်မ်ရွာသူရွာသားများအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားမှု ကန့်သတ်ခံနေရခြင်းကဲ့သို့ ပြဿနာများ ရှိနေလင့်ကစား ဆင်တက်မော်ဒေသရှိ တင်းမာမှုများမှာ ရခိုင်ပြည်နယ်ရှိအခြားဒေသများလောက် မဆိုးရွားလှပါကြောင်း၊ အခြေအနေများသည် ပိုမိုကောင်းမွန်ပြေလည်လာနိုင်ကြောင်း၊ လူတို့အကြား ကုန်သွယ်ရောင်းဝယ်မှုများ ရှိနေကြောင်း၊ သွားလာမှုကန့်သတ်ခံရသည့် မွတ်စ်လင်မ်ရွာသားများသည်လည်း ရိက္ခာသယ်ယူရေးအတွက် နီးစပ်ရာ ဗုဒ္ဓဘာသာဝင်တို့အပေါ် မှီခိုနေရလေ့ရှိကြောင်း ထည့်သွင်းပြောကြားပါသည်။
လူ့အသိုင်းအ၀ိုင်းနှစ်ရပ်အကြား ဆက်ဆံရေးကိစ္စများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဦးထွန်းအေးသိန်းက အောက်ပါအတိုင်း ထောက်ပြဖြေကြားခဲ့၏။
“ဘာသာရေးနဲ့ ငွေရှာလို့မရပါဘူး။ စီးပွားရေးနဲ့ ငွေရှာရတာပါ။ အသိုင်းအ၀ိုင်းနှစ်ရပ်အကြားမှာ လူမှုရေးပြဿနာ ကြီးကြီးမားမား ရှိမနေကြပါဘူး။ စီးပွားရေးပြဿနာကလွဲလို့ပေါ့။ IDP စခန်းတွေ ရောက်မလာခင်က ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စ်လင်မ် နှစ်ဖက်စလုံးဟာ သောက်သုံးရေ၊ ငါးဖမ်းလုပ်ငန်းနဲ့ အခြားသော အခြေခံအရင်းအမြစ်များကို အတူတစ်ကွ မျှဝေခံစားခဲ့ကြတယ်။ ဒါပေမယ့် အခုကျတော့ အချိုးညီအောင် မလုံလောက်ကြတော့ဘူး။ တကယ်လို့ လုံလောက်မယ်ဆိုရင် နှစ်ဖက်နှစ်ဝဒေသခံလူတွေအတွက် မိတ်ဆွေဖြစ်လာဖို့ သိပ်လွယ်ကူလှပါတယ်။ ဒီ IDP စခန်းက ဒုက္ခသည်များဟာလည်း အကြမ်းဖက်မှုဒဏ် ခံစားထားရတော့ ကွဲပြားတဲ့အမြင်တွေ ရှိနေမှာပဲ။ အာရကန်(ဗုဒ္ဓဘာသာရခိုင်)တွေက သူတို့ကို ဒုက္ခပေးကြမလားဆိုပြီး စိုးရိမ်နေကြတယ်။ အဲ့ဒီဂယက်က ဒေသခံမွတ်စ်လင်မ်တွေကြားထဲကိုလည်း ရိုက်ခတ်မှုရှိလာတယ်။ ဒါကြောင့် မူလကတည်းက ဒီရေမြေမှာအတူမှီတင်းနေထိုင်လာကြတဲ့ နှစ်ဖက်စလုံးက ဒုက္ခသည်တွေကို သူတို့ရဲ့မူရင်းနေရပ်ဆီ ပြန်ပို့ပေးဖို့ အထက်အာဏာပိုင်ကို ပူးပေါင်းတောင်းဆိုကြပါတယ်”။
ဒေသခံများက မိမိတို့ကိုထွက်ခွာစေလိုသည့်အတွက် မိမိတို့လည်း နေရပ်ပြန်လိုကြောင်း ကနဦးပိုင်းတွင် The Myanmar Times သို့ ဒုက္ခသည်များပြောပြခဲ့ကြသည်။ သို့သော် ရခိုင်ပြည်နယ်အစိုးရကမူ မည်သည့် သဘောထားကိုမျှ ထုတ်ဖော်ခြင်း မပြုသေးချေ။
“ပထမဆုံးအနေနဲ့ လွန်ခဲ့တဲ့သုံးလက လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနဆီ ကျွန်တော်တို့ စာရေးပေးပို့ကြတယ်။ ဒါပေမယ့် နောက်တက်မယ့်အစိုးရကို တင်ပြပေးပါမယ်လို့ သူတို့က ပြောတယ်။ ခုချိန်ထိ နောက်ထပ် ဘာအသံမှ မကြားရတော့ဘူး” ဟု ဦးကာလုက ဆိုသည်။
မိမိနှင့် မိမိအသိုင်းအ၀ိုင်းအတွက် ဦးကာလု၏ ရိုဟင်ဂျာဝိသေသငြင်းပယ်ချက်သည် နိုင်ငံရေးအရ ရေလိုက်ငါးလိုက် ပြောဆိုခြင်းဟုတ်မဟုတ် အသေအချာ မသိရပေ။ အဘယ်ကြောင့်ဆိုသော မိမိကိုယ်ကို အလယ်အလတ်လမ်းစဉ်သမားဟု ခံယူထားသူ မြန်မာလူထုများစွာတို့ပင်လျှင် ထိုဝေါဟာရအပေါ် ခါးသည်းနေခြင်း၊ ဗုဒ္ဓဘာသာဝင်အစွန်းရောက်အမျိုးသားရေးဝါဒီများအတွက် လက်ကိုင်ခလုတ်သဖွယ်ဖြစ်နေခြင်းကြောင့်တည်း။
နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ၎င်းရွာကို ရိုဟင်ဂျာရွာဟု သတ်မှတ်ဖော်ပြခဲ့သော်လည်း အဘယ်ကြောင့် ယင်းသို့သမုတ်ကြောင်းကိုမူ ရှင်းလင်းချက် မပေးနိုင်ခဲ့ပါ။
အတိတ်ကာလမွတ်စ်လင်မ်တို့သည် မိမိကိုယ်ကို ရိုဟင်ဂျာအဖြစ် သတ်မှတ်ထားမှု မရှိကြောင်း၊ ၂၀၁၂ အကြမ်းဖက်မှုတွင် ညှင်းပန်းနှိပ်စက်ခံလိုက်ရသည့် လူတစ်စုအား မီးမောင်းထိုးပြချိန်မှစ၍ ယင်းကဲ့သို့ အသံထွက်လာကြောင်း ရခိုင်လူမျိုးအချို့က ဆိုသည်။
ဦးကာလုကမူ မိမိ၏ကိုယ်ပိုင်သတ်မှတ်ချက်အား ဤသို့ ပြတ်သားစွာ တင်ပြပါသည်။
“ကျွန်တော်တို့အပေါ် ရိုဟင်ဂျာ သို့မဟုတ် ဘင်ဂါလီလို့ ခေါ်ဝေါ်နေခြင်းကို လက်မခံပါဘူး။ ကျွန်တော်ဟာ မွတ်စ်လင်မ်ဖြစ်ပါတယ်။ ကျွန်တော့်အဖိုးနဲ့အဖွားက အစိမ်းရောင်နိုင်ငံသားကတ်တွေကို ကိုင်ဆောင်ခဲ့ကြသူပါ။ ဒီကလူတွေအများစုဆီမှာ အစိမ်းရောင်ကတ်၊ ပန်းရောင်ကတ်၊ အဖြူရောင်ကတ် တစ်ခုမဟုတ်တစ်ခု ရှိနေကြပါတယ်။ ကျွန်တော်တို့ဘိုးဘွားတွေရဲ့အဆိုအရ ဒီရွာရဲ့သက်တမ်းဟာ နှစ်ပေါင်း ၈၀၀ ၀န်းကျင်ရှိနေပါပြီ”။
၎င်းနောက် ဦးထွန်းအေးသိန်းအား ရွာ၏သက်တမ်းများနှင့်ပတ်သက်သော ဦးကာလုအဆိုနှင့်စပ်လျဉ်း၍ မည်သို့သဘောထားရှိကြောင်း သီးသန့်တွေ့ဆုံမေးမြန်းရာ “မဖြစ်နိုင်ပါဘူး။ ချဲ့ကားပြောဆိုတဲ့ လက်ဆင့်ကမ်းစကား ဖြစ်ပါလိမ့်မယ်” ဟု ရယ်မောလျက် ပြောသည်။ သို့ပင်သို့ငြား ယင်းမွတ်စ်လင်မ်ရွာသည် မိမိတို့၏ရွာထက် ဦးစွာ တည်ခဲ့ခြင်းဖြစ်ပြီး ပို၍သက်တမ်းရှည်ပါကြောင်း၊ ခန့်မှန်းခြေအားဖြင့် ယင်းလူ့အဖွဲ့အစည်းမှာ နှစ်ပေါင်း ၈၀ မှ ၁၀၀ အထိ ကြာမြင့်ပြီဖြစ်ကြောင်းကိုမူ လိုလိုလားလားပင် အသိအမှတ်ပြောကြားခဲ့ပေသည်။
တွေ့ဆုံပြောကြားမိသော အနီးဝန်းကျင် ဗုဒ္ဓဘာသာဝင်များသည် ဆင်တက်မော်ကျေးရွာ၏ မူလဘူတနေထိုင်သူတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသူများအဖြစ် မသတ်မှတ်ကြောင်း အခိုင်အမာသက်သေတစ်ရပ်ဖြစ်နေပေသည်။
ဆက်တက်မော်ကျေးရွာအုပ်စုငါးစုအနက်တစ်ခုမှာ မွတ်စ်လင်မ်ရွာဖြစ်ပြီး ယခုသော် လူဦးရေ ၃၇၀၀ ခန့် ရှိနေသည်။ ၎င်းတို့အနက်အချို့မှာ ကျောက်ဖြူမှ တိမ်းရှောင်လာသူများဖြစ်ပြီး IDP စခန်းတွင်မနေဘဲ ထိုဒေသ၌ အခြေချသဖြင့် မူလထက် လူဦးရေတိုးပွားလာခဲ့သည်။
ဆင်တက်မော်၏ ကျန်ကျေးရွာအုပ်စုလေးခုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး လူဦးရေ ၂၀၀၀ ခန့်ရှိကြောင်း ရွာလူကြီးများက ဆိုသည်။ မွတ်စ်လင်ရပ်ကွက်များနှင့် ဘေးချင်းကပ်လျက်တည်ရှိနေသော ပိုက်စိပ်ကျေးရွာငယ်တွင် ဗုဒ္ဓဘာသာဝင် ၁၅၀ ခန့်သာ မှီတင်းနေထိုင်ကြ၏။ ၎င်းတို့ကလည်း အဓိကပြဿနာမှာ ဒုက္ခသည်စခန်းဖြစ်ကြောင်း ဆိုကြ၏။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်တွေ့ရသည့်သူတစ်ဦးကလည်း “ဒုက္ခသည်စခန်းသာမရှိရင် ကျွန်တော်တို့အားလုံး အတူတစ်ကွ ငြိမ်းချမ်းစွာ နေထိုင်သွားနိုင်ပါတယ်။ အဲ့ဒါက မွတ်စ်လင်မ်လူဦးရေ ပိုမိုများပြားလာစေတဲ့အတွက် ပြဿနာဖြစ်လာရတယ်။ ကျွန်တော်တို့လည်း ရင်တထိတ်ထိတ်ပါပဲ” ဟူ၍ ပြောဆိုခဲ့သည်။
ဦးကာလုနှင့် ဦးထွန်းအေးသိန်းတို့၏စကားများ၌ အခြေခံအားဖြင့် တူညီချက်ရှိနေသည်ကို တွေ့ရ၏။
“၂၀၁၀ ဂီရိ ဆိုင်ကလုန်းမုန်တိုင်းဝင်ပြီးတဲ့နောက် UNDP က ဒီဖက်မှာ မုန်တိုင်းကာတံတိုင်းတစ်ခု တည်ဆောက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘတ်ဂျက် မလုံလောက်ဘူး။ ဒါကြောင့် နေရာအတော်များများက မုန်တိုင်းကို မကာကွယ်နိုင်ဘူး။ ရာသီဥတုအပြောင်းအလဲကလည်း အခြေအနေကို ပိုဆိုးဝါးလာစေတယ်” ဟု ဦးထွန်းအေးသိန်းက ပြောပြသည်။
ကျွန်ုပ်တို့ သတင်းအဖွဲ့နှင့်အတူလိုက်ပါလာကြသော ကလေးငယ်များသည် ပင်လယ်ကမ်းခြေတစ်နေရာအရောက်တွင် မမြင်ရသောအတားအဆီးတစ်ခုကို ကြုံတွေ့သည့်အလား တုန့်ကနဲ ရပ်တန့်လိုက်ကြသည်။ ထိုနေရာရှိ ကျိုးပျက်နေသည့်နံရံ၌ အပေါက်တစ်ခု ပွင့်လှပ်နေသည်။ ၎င်းသည် မွတ်စ်လင်မ်ရပ်ကွက်အဆုံးနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ရပ်ကွက်အစ ဖြစ်သည်။
သူတို့သည် ဘာသာရေးတင်းမာမှုများကို နားလည်နိုင်သေးသော အရွယ်မဟုတ်၊ သို့သော် လူ့အဖွဲ့အစည်းနှစ်ရပ် ခွဲခြားခံနေရကြောင်းကိုမူ သိရှိနေကြပေသည်။
ထိုအခြေအနေမျိုးမှာ ပဋိပက္ခမတိုင်ခင် နှစ်အနည်းငယ်အထိ မဖြစ်ခဲ့စဖူး၊ ဘာသာတရားနှစ်ဖက်လုံးမှ ကလေးငယ်တို့သည် တစ်ကျောင်းတည်း အတူတက်ခဲ့ကြကြောင်း ကျေးရွာအကြီးအကဲများက ဆိုသည်။ သူတို့သည် ရခိုင်နယ်သားအားလုံး၏အနာဂတ်အတွက် မျှော်လင့်ချက်ထားရှိနေကြဆဲ ………..
ဦးကာလု၏ရင်တွင်းစကားကို ရင်ဖွင့်နားဆင်ကြည့်လိုက်ပါလေ။
“ဒီနယ်မြေမှာ ကျွန်တော်တို့ နှစ်ပေါင်းများစွာ အတူတစ်ကွ နေထိုင်ရှင်သန်ခဲ့ကြပြီးပါပြီ။ နောက်တစ်ကြိမ် (ငြိမ်းချမ်းစွာ) အတူယှဉ်တွဲနေထိုင်ဖို့ဆိုတာ ကျွန်တော်တို့အတွက်တော့ အနာဂတ်ပြဿနာတစ်ရပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ မထင်မြင်ပါဘူး။ ဒါပေမယ့် တခြားဒေသများအတွက်တော့ အစိုးရပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အရေးအရာအားလုံးကို ဆုံးဖြတ်နေတာက အာဏာပိုင်အစိုးရပါ။ ငြိမ်းချမ်းစွာ အတူတစ်ကွ ယှဉ်တွဲနေထိုင်ကြပါလို့ လူတွေကို ကြားကောင်းယုံပြောနေတာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့ဗျာ”။
(The Myanmar Times မှ Fiona Macgregor နှင့် Nyan Lynn Aung ရေးသားသော Rakhine Buddhists and Muslims form an unlikely alliance ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုသည်။)
Comments