News @ M-Media

အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို သဘောထားကြီးစွာ တုန့်ပြန်ခဲ့တဲ့ ဘယ်လ်ဂျီယံက မွတ်စလင်အမျိုးသမီး

မေ ၂၁၊ ၂၀၁၆
M-Media

bel 1

– အရှေ့အလယ်ပိုင်း နိုင်ငံတွေက ပြည်တွင်းမတည်မငြိမ်မှုတွေမှာ အနောက်နိုင်ငံတွေ ၀င်ရောက်စွက်ဖက်မှုနဲ့အတူ ပေါ်ထွက်လာတဲ့ မွတ်စလင်အမည်ခံ IS အကြမ်းဖက်အဖွဲ့ကြောင့် အမေရိကနဲ့ ဥရောပတစ်ဝှမ်းမှာ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

ဒါ့ကြောင့် ဒီလို အထင်အမြင်လွဲမှားမှုတွေကို မွတ်စလင်တွေကလည်း အစ္စလာမ့်ရေးရာ အသိပညာပေးရေးသီတင်းပတ်တွေ၊ ဗလီဝတ်ကျောင်းတော် တံခါးဖွင့်လှုပ်ရှားမှုတွေပြုလုပ်ပြီး ဖြေရှင်းနေရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ဘယ်လ်ဂျီယံမှာဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မွတ်စလင်အမျိုးသမီးငယ်တစ်ယောက်ရဲ့ သဘောထားကြီးစွာ တုန့်ပြန်ပုံကတော့ ဆိုရှယ်မီဒီယာတွေမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပါတယ်။

သူကတော့ အသက် ၂၂ နှစ်အရွယ် ဇာကီယာ ဘာလ်ခီရီဖြစ်ပြီး အန်ဗာ့စ်မြို့က မွတ်စလင်ရေးရာ ပြပွဲ (Muslim Expo) တစ်ခုကို သွားရောက်ရင်း မွတ်စလင်ဆန့်ကျင်ရေး လက်ယာစွန်းရောက်အဖွဲ့တွေရဲ့ ဆန္ဒပြမှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ပြပွဲကျင်းပတဲ့ အဆောက်အဦးရဲ့ အ၀င်အ၀မှာ လူ ၄၀ လောက်က “ဟာလာ အလိုမရှိ” “ခေါင်းခြုံအလိုမရှိ” စသဖြင့် ဆိုင်းပုဒ်တွေကိုင်ဆောင်ပြီး အစ္စလာမ်ဆန့်ကျင်ရေး သီချင်းတွေကိုလည်း သီဆိုခဲ့ကြပါတယ်။

bel 2

ဟီဂျဘ်နဲ့ လုံလုံခြုံခြုံဝတ်ဆင်ထားတဲ့ ဇာကီယာကတော့ အဲဒီဆန္ဒပြပွဲကို သွားရောက်ပြီး သူ့ရဲ့သဘောထားကြီးမှုကို ပြသတဲ့နေနဲ့ ဆန္ဒပြသူတွေနဲ့တွဲကာ selfie ရိုက်ခဲ့ပါတယ်။

“ကျွန်မက Muslim Expo ကိုသွားခဲ့တာပါ။ ပြီးတော့ ဒီလူတွေဆန္ဒပြတာကို တွေ့ခဲ့ရပြီး ချက်ခြင်းပဲ သူတို့နဲ့ Selfie ရိုက်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒါတွေအားလုံးက မရည်ရွယ်ဘဲနဲ့ ဖြစ်ခဲ့တာပါ။ ဒီဆန္ဒပြပွဲ ရှိတယ်ဆိုတာ ကျွန်မ မသိခဲ့ပါဘူး။ ကျွန်မကတော့ ဒီလို အကြမ်းမဖက်တဲ့ တုန့်ပြန်မှုကို ပြလုပ်ခြင်းအားဖြင့် အပြုသဘောဆောင်တဲ့ သတင်းစကားကို ပေးချင်ပြီး မွတ်စလင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနေလိုတဲ့လူတွေ ဖြစ်တယ်ဆိုတာ ဒီလူတွေကို ပြသချင်ပါတယ်” လို့ သူမရဲ့လုပ်ရပ်နဲ့ပတ်ပြီး ဇာကီယာက Mashable France ၀ဘ်ဆိုက်ကို ဖွင့်ဟခဲ့ပါတယ်။

bel 4

သူမရဲ့အဲဒီဓာတ်ပုံတွေဟာ ဆိုရှယ်မီဒီယာတွေမှာ လျင်လျင်မြန်မြန်ပဲ ပြန့်နှံ့သွားခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိခဲ့ပါတယ်။

“ကျွန်မရဲ့ Selfie ဓာတ်ပုံတွေက ဒီလောက်များများ ပြန့်နှံ့သွားမယ်လို့ ကျွန်မ မမျှော်လင့်ခဲ့ပါဘူး။ ပထမတော့ ဒီလိုဆန့်ကျင်မှုမျိုးတွေကို ရင်ဆိုင်ဖို့ ခက်တာပေါ့လေ။ အခုတော့ နေသားကျသွားပါပြီ။ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ရတဲ့အတွက်လည်း ကျွန်မ တကယ့်ကို ပျော်ရွှင်မိပါတယ်”

နောက်ပြီး သူမရဲ့ဒီလို မထင်မှတ်ဘဲ ကျော်ကြားသွားတဲ့အဖြစ်အပျက်ဟာ နိုင်ငံအတွင်းက အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်ဖို့ အခြားသော မွတ်စလင်လူငယ်တွေအတွက် တွန်းအားဖြစ်စေဖို့ မျှော်လင့်တယ်လို့လည်း ဇာကီယာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

bel 3

Ref: mashable.com

Comments

Leave a Reply