စက်တင်ဘာ ၂၊ ၂၀၁၂၊
M-Media
သတင်း/ဓါတ်ပုံ – ပြည့်ပြည့်
စစ်ကိုင်း ။ ။ရွှေမန်းဇေယျာ အလှူရှင်များသည် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ကျောင်းသားကျောင်းသူ (၅၅၆)ယောက်တို့အား ကျောင်းသုံး ပစ္စည်းများလှူဒါန်းခြင်းနှင့် တောင်ဗီလာဘုန်းကြီး စာသင်ကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဆရာများအား နံနက်စာကျွေးမွေးခြင်းလှူဒါန်းမှုကို ၂.၉.၂၀၁၂(တနင်္ဂနွေနေ့)တွင် ကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါလှူဒါန်းမှုတွင် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် နီလာကျောင်းမှ ကျောင်းသားကျောင်းသူ(၁၂၄)ဦး ဆရာဆရာမ(၇)ဦး၊ ပတ္တမြားကျောင်းမှ ကျောင်းသားကျောင်းသူ(၁၀၃)၊ ဆရာဆရာမ(၅)ဦး၊ မြရတနာကျောင်းမှ ကျောင်းသားကျောင်းသူ(၁၉၇)ဦး၊ ဆရာဆရာမ(၇)ဦး၊ တောင်ဗိလာကျောင်းမှ ကျောင်းသားကျောင်းသူ(၁၃၂)ဦး၊ ဆရာဆရာမ(၁၁)ဦး၊ စုစုပေါင်းကျောင်းသားကျောင်းသူ(၅၅၆)ဦးနှင့် ဆရာမဆရာမ(၃၀)ဦးတို့အတွက် သင်ထောက်ကူပစ္စည်းများ(သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်)၊ မုန့်များ၊ ဆန်များ၊ အ၀တ်အစားများ၊ မြရတနာမှ တက္ကသိုလ်ဝင်တန်းအောင်တစ်ဦးနှင့် တက္ကသိုလ်တက်နေသူတစ်ဦးတို့အား အလှူငွေပေးအပ်ခဲ့ကြပြီး မြရတနာကျောင်းတွင် လိုအပ်နေသော ရေပိုက်သွယ်တန်းခြင်းကိုလည်း လှူဒါန်းခဲ့ပြီး စုစုပေါင်းငွေကျပ် (၉၆၅၅၀၀ိ/-)တန်ဖိုး လှူဒါန်းခဲ့ကြကြောင်းသိရပါသည်။
အဆိုပါ ရွှေမန်းဇေယျာအလှူရှင်များ၏ နှစ်စဉ်လှူဒါန်းနေမှုမှာ ၁၅-နှစ်ရှိခဲ့ပြီဖြစ်ကြောင်းလည်း သိရပါသည်။ ရွှေမန်းဇေယျာအလှူရှင်များတွင် ဦးဆောင်နေသူမှာ စစ်ကိုင်းမြို့မှ ဟာဂျီဦးချစ်ဖူးနှင့် ဟာဂျီမဒေါ်သီတာခိုင်(ရွှေနှင်းဆီစာပေ) ဇနီးမောင်နှံဖြစ်သည်ဟု သိရသောကြောင့် ဟာဂျီမဒေါ်သီတာခိုင်အား ရွှေမန်းဇေယျာ အလှူရှင်များအကြောင်းမေးမြန်းခဲ့ပါသည်။
“ဒီအဖွဲ့လေးက အစကတော့ အဖွဲ့အနေနဲ့မရှိပါဘူး။ ဟိုးအရင်တုန်းက အခုဒီနေ့လှူခဲ့တဲ့ကျောင်း(၄)ကျောင်းလုံးကို အန်တီတို့တစ်ဦးတည်းက လှူခဲ့တယ်။ မြရတနာကျောင်းကိုလှူလာတာ ၁၅-နှစ်လောက်ရှိပါပြီ။ မြရတနာရပ်ကွက်က အရင်က အနာကြီးရောဂါရှိသူတွေနေကြတာ။ အဲဒါကို လှူရင်းနဲ့ စလှူဖြစ်သွားတာ။ အခုတော့ အနာကြီးရောဂါ မရှိကြတော့ပါဘူး။ အဲလို လှူတာကို တစ်ခြားမိတ်ဆွေအပေါင်းသင်းတွေကလည်းသိလာတယ်။ နောက်တော့ အန်တီတို့ဆရာကြီး ဦးဇော်ဝင်းက သိသွားပြီး နင်တစ်ယောက်တည်းလှူမနေနဲ့ ငါတို့တွေအားလုံး ၀ိုင်းလှူကြရအောင် ဆိုတာနဲ့ တစ်ခြားမိတ်ဆွေသူငယ်ချင်းတွေပါ ပါဝင်လာကြတယ်။ ဒီအဖွဲ့ကို အရင်က နာမည်ပေးမထားဘူး။
နောက်ပိုင်း စစ်ကိုင်းကလူတွေရော၊ မန္တလေးမိတ်ဆွေတွေလည်း ပါဝင်လာကြပေမယ့် ဘာနာမည်မှမပေးပဲ ဒီအတိုင်းပဲလှူကြတာပါ။ လှူတဲ့အခါမှာလည်း ၀ိုင်းပြီးထည့်ကြတဲ့ငွေကို အပိုလက်ထဲမှာ ကိုင်ထားတာမျိုးမလုပ်ဘူး။ ရတဲ့ငွေကို တစ်ခါတည်း ကုန်အောင်လှူပါတယ်။ စာရင်းရှင်းတမ်းတစ်ခါတည်း လုပ်တယ်။ အနည်းအပါးလိုအပ်ငွေကို စိုက်ပြီးထည့်ဝင်ပါတယ်။ အများကြီးလိုတဲ့အခါကျရင်တော့ အဖွဲ့ဝင်သူငယ်ချင်းတွေကို ပြောပြတဲ့အခါ သူတို့တွေလည်း ၀ိုင်းဝန်းထည့်ဝင်လိုက်ကြတယ်။ ဒီအဖွဲ့လေးကို အခုနာမည်လေးပေးဖြစ်သွားတာက အရင်က ဒီဘကကျောင်းက ကျောင်းအုပ်ဆရာမကြီးတစ်ယောက်ရှိတယ်။ အခုတော့ သူကကွယ်လွန်သွားပါပြီ။ အန်တီတို့တွေ လှူကြတဲ့အခါတိုင်း စစ်ကိုင်းနဲ့ မန္တလေးက အလှူရှင်တွေပါတယ်ဆိုတာ ပြောပြတော့ နောက်အန်တီတို့လာတိုင်းသူက ရွှေမန်းဇေယျာအဖွဲ့လာပြီ ရွှေမန်းဇေယျာအဖွဲ့လာပြီလို့ခေါ်ရင်းကနေ ရွှေမန်းဇေယျာအဖွဲ့လို့ တွင်သွားတယ်။ အဲဒါနဲ့ အဲဒီနာမည်လေးကိုပဲ ပေးဖြစ်လိုက်တယ်။ အခုလို လှူလာတာ ၁၅-နှစ်လောက်ရှိပေမယ့် အဖွဲ့အနေနဲ့လုပ်ခဲ့တာက ၇-နှစ်လောက် ရှိပါပြီ။
အခုဒီတောင်ဗီလာကျောင်းလေးကို အန်တီတို့ စပြီးလှူခါစက ဒီလိုမဟုတ်ဘူး။ တဲလေးနဲ့။ အန်တီတို့တွေ လှူဒါန်းလာပြီးတဲ့နောက်မှာ မိတ်ဆွေအပေါင်းသင်းတွေကိုပြောပြတော့ သူတို့တွေလည်း အန်တီတို့ မလှူဒါန်းနိုင်တဲ့ အပိုင်းကို သူတို့က လှူဒါန်းပေးကြတယ်။ အခုတော့ တစ်ခြား အလှူရှင်တွေလည်း လှူဒါန်းကြလို့ ဒီအဆောက်အဦးလေးဖြစ်လာပါပြီ။ ဒီတောင်ဗီလာဆရာတော်က နာမည်ကြီး ဆရာတော်မဟုတ်ပေမယ့် စေတနာနဲ့သင်ကြားပေးနေတာကြောင့် အန်တီတို့ကလည်း ကူညီတဲ့အနေနဲ့ ဒီကျောင်းက ဆရာ/ဆရာမ(၇)ယောက်အတွက် လစာ တစ်လကို(၂၀၀၀၀ိ/-)နှုန်းနဲ့ တစ်နှစ်စာလှူဒါန်းပေးပါတယ်။ အဖွဲ့အနေနဲ့က လစဉ်မဟုတ်ပါဘူး။ လှူတဲ့သူတွေရှိတဲ့လဆို အဲဒီအလှူငွေနဲ့ ပြန်ကူညီတယ်။ တစ်ခြားလှူဒါန်းသူမရှိရင်လည်း အန်တီတို့ပဲ လှူဒါန်းလိုက်တာပါ။
မန္တလေးက မိတ်ဆွေတချို့ကလည်း ထည့်ဝင်လှူဒါန်းပေးကြတယ်။ ဒီကျောင်လေးမှာ ဘာသာပေါင်းစုံက ကျောင်းသားလေးတွေရှိတယ်။ အန်တီတို့အနေနဲ့က ဘာသာနဲ့လူမျိုးကိုကြည့်ပြီးလှူတာမဟုတ်ပါဘူး။ ကလေးတွေ လူဆိုတဲ့ ကလေးတွေကိုပဲကြည့်ပြီးလှူတာပါ။ အဖွဲ့ ဖွဲ့ထားလို့ အဖွဲကခေါင်းဆောင်အနေနဲ့ မသွားပါဘူး။ အားလုံး မောင်နှမတွေလိုပဲ ၀ိုင်းပြီးလုပ်ကြတာပါ။ ဒီအဖွဲ့မှာ ဘာသာပေါင်းစုံက ပါဝင်ကြပါတယ်။”လို့ ဟာဂျီမဒေါ်သီတာခိုင်က ဖြေကြားခဲ့ပါတယ်။
Comments