News @ M-Media

ယခုနှစ် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်အား ဒီဇိုင်းအသစ်ဖြင့် တွေ့ရမည်

ဇွန် ၁၇၊ ၂၀၁၆
M-Media

mm

– လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး၏ အထိမ်းအမှတ် ဂူဗိမာန်အား အကြီးစားပြင်ဆင်မွမ်းမံမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးကော်မတီ၏ ဆောက်လုပ်ရေးအင်ဂျင်နီယာဌာနမှ ဒုတိယအကြီးအကဲ ဦးနေ၀င်းကမူ အဆိုပါ ပြင်ဆင်မွမ်းမံမှုကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“အာဇာနည်ဗိမာန်ကို အာဇာနည်နေ့မတိုင်ခင် ကျွန်တော်တို့ အမြဲလိုလို ပြင်ဆင်မွမ်းမံလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျွန်တော်တို့ဟာ အကြီးစားပြင်ဆင်မွမ်းမံမှုကို ဆောင်ရွက်ရမှာပါ။ ဗိသုကာပညာရှင်တွေဟာ ဒီဇိုင်းအသစ်ကို ရေးဆွဲနေပြီး ပြည်ထောင်စုအဆင့်က ဆုံးဖြတ်ချက်ထွက်တာနဲ့ အကောင်အထည်ဖော်မှာပါ” ဟု ဦးနေ၀င်းက ပြောကြားခဲ့ပြီး ဒီဇိုင်းအသစ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံတူကို ရေးဆွဲထားသည့် ကျောက်တိုင်များ ထည့်သွင်းမှု ပါဝင်လာမည်ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကိုယ်တိုင် တက်ရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဇွန်လ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင်များ၊ အင်ဂျင်နီယာချုပ်များနှင့် အာဇာနည်ဗိမာန်တွင် တွေ့ဆုံခဲ့ပြီး ပြင်ဆင်မှုပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

Ref: mmtimes

Comments

Leave a Reply