ဇွန် ၂၇၊ ၂၀၁၆
M-Media
– လုပ်ငန်းခွင်များတွင် ကလေးအလုပ်သမားများအသုံးပြုမှုအပေါ် ချက်ခြင်းအရေးယူမည်ဟု အစိုးရက ပြီးခဲ့သည့်တစ်ပတ်တွင် ကတိပြုခဲ့သည့် သတင်းမှာ သတင်းကောင်းတစ်ခုဖြစ်သည်။
အသက် ၁၄ နှစ်အောက်ကလေးငယ်များအား စီးပွားရေးလုပ်ငန်းများတွင် အမြတ်ထုတ်အသုံးချနေမှုအပေါ် ထိုကဲ့သို့ အာရုံစိုက်လာခြင်းက ကြိုဆိုစရာကိစ္စတစ်ခုဖြစ်သော်လည်း နေအိမ်များတွင် ကလေးအလုပ်သမားများအား အသုံးပြုနေမှုမှာ ထင်ထင်ပေါ်ပေါ်မရှိဘဲ လှိုက်စားနေသည့် ပြဿနာတစ်ခု ဖြစ်လေသည်။
မြန်မာနိုင်ငံတွင် အိမ်ပြင်ထွက်အလုပ်လုပ်ရသည့် အမျိုးသားများနှင့် အိမ်တွင်နေရသည့် အမျိုးသမီးများအကြား လှုမှုရေးဆိုင်ရာ စည်းခြားမှုကို နိစ္စဓူဝ မြင်နေကြရသကဲ့သို့ ကလေးအလုပ်သမားများအကြားတွင်လည်း ထိုစည်းခြားမှုမှာ သိသိသာသာ ရှိနေလေသည်။
လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များနှင့် နိုင်ငံတစ်ဝှမ်း အခြားသော အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် အလုပ်လုပ်ကိုင်နေကြရသော ယောင်္ကျာလေးများကို အလွယ်တကူ တွေ့နိုင်၊ မြင်နိုင်ကြသည်။
သို့ရာတွင် နေအိမ်များ၌ အိမ်အကူအဖြစ် အလုပ်လုပ်နေကြရသည့် မိန်းကလေးငယ်များစွာမှာ အိမ်တွင်း၌ လုပ်ကိုင်ရသော ၎င်းတို့၏ အလုပ်သဘာဝကြောင့် ခေါင်းပုံဖြတ်ခံရမှု၊ အနိုင်ကျင့်ခံရမှု အခွင့်အလမ်း ပိုများနေသည်ဆိုသည့် ပြဿနာကိုမူ သိသင့်သလောက် မသိကြ။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုအပေါ် အာရုံစိုက်မှုမှာ အတော်လေးမြင့်တက်လာခဲ့သည်။ မကြာသေးမီကပင် နိုင်ငံခြား အထူးသဖြင့် စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်နေသော မြန်မာအမျိုးသမီးများ အနိုင်ကျင့်ခံရမှုများကို တားဆီးရေး ကြိုးပမ်းမှုအဖြစ် ဥပေဒေကြောင်းအရ လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး ရလဒ်မှာ အကောင်းအဆိုး ၂ မျိုးစလုံး ရှိခဲ့သည်။
သို့သော်လည်း အရေးတယူဆောင်ရွက်ခြင်းမခံရဘဲ၊ ယခုအချိန်အထိ ဆက်လက်ဖြစ်ပွားနေသော နိုင်ငံအတွင်းရှိ အိမ်အကူအမျိုးသမီးငယ်များ အနိုင်ကျင့်ခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းပြဿနာအပေါ် ပိုမိုအာရုံစိုက်ဆောင်ရွက်ရန်၊ ဆွေးနွေးအဖြေရှာမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်။
မြန်မာနိုင်အတွင်းရှိနေသည့် ကလေးအိမ်အကူလုပ်သားအရေအတွက်နှင့် ပတ်သက်သည့် တိကျသော ကိန်းဂဏန်း မှတ်တမ်းများမရှိ။ သို့သော်လည်း အသက် ၁၀ နှစ်မှ ၁၇ နှစ်အကြား ကလေး ၅ ဦးတွင် ၁ ဦးမှာ ကျောင်းမတက်ရဘဲ အလုပ်လုပ်နေရသည်ဟု သန်ခေါင်စာရင်းကောက်ယူမှုမှ အလုပ်အကိုင်နှင့် ပတ်သက်၍ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရလေသည်။
မိန်းကလေးငယ်များအား အိမ်အကူအဖြစ် အသုံးပြုမှုကို နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရယုံသာမက၊ အများစုကလည်း ထိုအခြေအနေကို လက်ခံထားကြသည်။ အချို့သောအခြေအနေများတွင် ဆင်းရဲနွမ်းပါးသည့် အသိုင်းအ၀ိုင်းမှ ဆင်းသက်လာသော ကလေးများကို နေရာထိုင်ခင်းနှင့် အလုပ်အကိုင်ပေးသည့် ထိုအခြေအနေမျိုးကို လူမှုဖူလုံရေး ပုံစံတစ်ခုအဖြစ်ပင် မှတ်ယူကြသည်။
ထိုကဲ့သို အိမ်အကူအဖြစ် ခိုင်းစေကြသူ အိမ်ရှင်အချို့မှာ ရည်ရွယ်ချက်ကောင်းများ ရှိသည်ဆိုသော်လည်း အနိုင်ကျင့်ခံရနိုင်ခြေ ရှိသည်ဆိုသည့် အခြေအနေကိုတော့ ငြင်း၍ မရ။ အိမ်အကူ မိန်းကလေးငယ်များအား အလွန်အမင်း ခိုင်းစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ပြဿနာများကိုလည်း မကြာခဏ တွေ့မြင်နေရသည်။ ထိုကဲ့သို့ အနိုင်ကျင့်မှု တော်တော်များများမှာ တိုင်ကြားမှုမရှိ၊ အရေးမှုမရှိ ဆိုသည်ကိုလည်း သိရှိရသည်။
အစိုးရကတော့ အသက် ၁၄ နှစ်အောက် ကလေးငယ်များအား အလုပ်မခိုင်းရန်နှင့် မလိုက်နာပါက ဒဏ်ငွေ သိန်း ၅၀ မှ၊ သိန်း ၁၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဟု စီးပွားရေးလုပ်ငန်းရှင်များအား ပြီးခဲ့သည့်တစ်ပတ်တွင် သတိပေးခဲ့သည်။ ဟော်တယ်လုပ်ငန်း လုပ်ကိုင်သူများ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ အလတ်စားနှင့် အငယ်စား စက်ရုံပိုင်ရှင်များ၊ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများနှင့် တွေ့ဆုံစဉ် တာဝန်ရှိသူများက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အလယ်အလတ်အဆင့် အိမ်ရှင်မများအား ရှင်းပြပြောဆိုရန်နှင့် အိမ်အကူများအပေါ် ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ခြင်းများကို ရှောင်ရှားရေး သတိပေးရန်မှာလည်း အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သည်။
စီးပွားရေးလုပ်ငန်းဆိုင်ရာနှင့်ပတ်သက်၍ ရည်ရွယ်ပြဌာန်းထားသော ဥပေဒများတွင် မီးဖိုဆောင်အပါအ၀င် အန္တရာယ်ရှိသော နေရာများတွင် ကလေးငယ်များအား အလုပ်လုပ်ကိုင်စေခြင်းမှ တားဆီးရေး သတ်မှတ်ချက်လည်း ပါဝင်သည်။ သို့သော်လည်း ချက်ခြင်းပြုတ်ခြင်းက အိမ်အကူများ၏ အလုပ်တာဝန်များတွင် ပုံမှန်ပါဝင်နေသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။
လက်တွေ့လိုက်နာကျင့်သုံးမှု နည်းပါးသော်လည်း ထိုဥပဒေတွင် အသက် ၁၄ နှစ်မှ ၁၆ နှစ်ရှိ ကလေးငယ်များအား တစ်နေ့လျှင် ၄ နာရီထက်ပို၍ အလုပ်ခိုင်းစေခြင်းကို တားမြစ်ထားသည်။ သို့ဆိုလျှင် အိမ်အကူ အမျိုးသမီးငယ်အများအပေါ် ထိုကဲ့သို့ အချိန်ပိုင်းအလုပ် စီစဉ်ပေးသူ၊ သို့မဟုတ် ခွင့်ပြုသူ အိမ်ရှင်မည်မျှ ရှိသနည်းဆိုသည်မှာလည်း မေးခွန်းထုတ်စရာပင်။
လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရ အသက် ၁၆ နှစ် သို့မဟုတ် ၁၈ နှစ်အောက် ကလေးများအား အလုပ်ခိုင်းစေမှုကို ချက်ခြင်းလက်ငင်း အရေးယူခြင်းမှာ လက်တွေ့မကျဆိုသည်က အမှန်တရားတစ်ခုဖြစ်ပြီး လူငယ်တော်တော်များများနှင့် ၎င်းတို့၏မိသာစုများ ၀င်ငွေပြတ်လပ်မှုအထိ ဦးတည်သွားနိုင်လေသည်။
သို့သော်လည်း ထိုအချက်က ကလေးငယ်များအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကို ဖာထေးရန် ဆင်ခြေတစ်ခု ဖြစ်၍မရ။ ကလေးငယ်များ အလုပ်လုပ်နေရမှုအခြေအနေကို အဆုံးသတ်ရန် လိုအပ်သည့် ကြိုးပမ်းအားထုတ်မှုတိုင်းကို တတ်နိုင်သမျှမြန်မြန် ဆောင်ရွက်ရမည်ဖြစ်သည်။
ကလေးများ အလုပ်ခန့်ထားမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအား ရှင်းလင်းပြောကြားရာတွင် အလုပ်သမား၊ လူဝင်မှုနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စက်ရုံနှင့် အထွေထွေအလုပ်သမားရေးရာ ဥပဒေများ လေ့လာဆန်းစစ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးအောင်နိုင်က ဥပဒေရေးရာ တာဝန်ဝတ္တရာများကို အဓိကထား ပြောကြားခဲ့သည်။
“နိုင်ငံတကာသဘောတူညီချက်တွေအရ၊ အသက် ၁၈ နှစ်အောက်ဆိုရင် ကလေးလို့ပဲ သတ်မှတ်ပါတယ်။ ဒါပေမယ့် ဒီသတ်မှတ်ချက်က ကျွန်တော်တို့နိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံနဲ့ အဆင်မပြေဘူးလေ။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ ကလေးတွေကို အလုပ်မခိုင်းဘူးဆိုရင် သူတို့ဟာ အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးပြီး သူတို့နဲ့ သူတို့ရဲ့ မိသားစုတွေကလည်း ၀င်ငွေရဖို့ ခက်ခဲမှာပါ” ဟု ညွှန်ကြားရေးမှူးကဆိုသည်။
သို့သော်လည်း ကလေးများအား ကျောင်းမထားဘဲ ကျွမ်းကျင်မှုမရှိသည့် အလုပ်များတွင် ခိုင်းစေခြင်းက ရေရှည်တွင် မိသားစု၏ ဆင်းရဲတွင်းကို ပို၍ နက်သထက် နက်လာစေမည်ဖြစ်သည်။ မိန်းကလေးငယ်များကို အိမ်အကူလုပ်ငန်းတွင်သာ ဘ၀တစ်သက်တာလုံး ထည့်သွင်းနှစ်မြှုပ်ထားခြင်းက နိုင်ငံအတွင်း ရှင်သန်ကြီးထွားရန် လိုအပ်နေသည့် ကျား၊ မ တန်းတူညီမျှရေးအတွက် တိုင်းပြည်ရှိ အခွင့်အလမ်းများကို ဓားမြတိုက်ယူလိုက်ခြင်းဖြစ်သည်။
တိုင်းရင်းသားရေးရာ တန်းတူညီမျှမှုကို ဆောင်ရွက်သည့်အခါမျိုးတွင် အိမ်တွင်း ကလေးလုပ်သားပြဿနာကိုလည်း အရေးပါသည့် ကိစ္စတစ်ခုအဖြစ် မှတ်ယူသင့်သည်။ မည်သည့်တိုင်းရင်းသားလူမျိုး အသိုင်းအ၀ိုင်းတွင်မဆို ကလေးငယ်များအနေဖြင့် ၎င်းတို့အတွက် ကုန်ကျစားရိတ်ကို ပြန်လည်ရှာဖွေပေးရမည်ဆိုသည့် သဘောထားမျိုး အချို့မိသားစုများတွင် ရှိနေသည်မှာ ၀မ်းနည်းစရာကောင်းသည့် ကိစ္စဖြစ်သည်။
သို့သော်လည်း အချို့သော အသိုင်းအ၀ိုင်းများတွင် ပိုကောင်းသည့်ဘ၀တစ်ခုကို အလိုအလျောက်ရရှိနိုင်လိမ့်မည်ဆိုသည့် ယုံကြည်ချက်များဖြင့် ကလေးများအား မြို့ကြီးများတွင် အလုပ်လုပ်ရန် စေလွှတ်မှုများမှာလည်း တွင်ကျယ်သည့်ကိစ္စ ဖြစ်နေပြီး ထိုပြဿနာမှာလည်း ဖြေရှင်းရမည့်ပြဿနာ ဖြစ်သည်။
ကျေးလက်ဒေသများတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် အလွန်အမင်း ဆင်းရဲမွဲတေမှုကို ခံစားရခြင်းကြောင့် မြို့သို့လွှတ်၍ အလုပ်ခိုင်းခြင်းကို နားလည်ပေး၍ရသည်။ အချို့သော မိသားစုများက ၎င်းတို့ထံတွင် အလုပ်လုပ်နေသည့် ကလေးများအား ကျောင်းတက်ရန် ခွင့်ပြုသည်။
သို့သော်လည်း ကလေးငယ်များအား ၎င်းကျင်လည်ရာအသိုင်းအ၀ိုင်း၊ တတ်ကျွမ်းရာဘာသာစကားနှင့် ဝေးရာသို့ပို့ခြင်း၊ ကျောင်းမထားခြင်း၊ အမြတ်ထုတ်ခံရနိုင်ဖွယ်ရှိသည့် အခြေအနေများသို့ ပို့ဆောင်ခြင်း စသည်တို့ကြောင့် ရေရှည်တွင်ဖြစ်လာမည့် လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နောက်ဆက်တွဲပြဿနာများကိုမူ တိုင်းပြည်ရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် အနာဂတ်တို့အား ကာကွယ်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်ရန် အမှန်တစ်ကယ် စိတ်ဆန္ဒရှိသူများအနေဖြင့် ချက်ခြင်းဆောင်ရွက်ရမည့် အရေးကြီးကိစ္စတစ်ခုအဖြစ် မှတ်ယူသင့်သည်။
အချုပ်ဆိုရလျှင် မည်သည့်တိုင်းရင်းသားမျိုးနွယ်မဆို၊ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကလေးငယ်တိုင်းမှာ အထက်တွင်ဖော်ပြထားသည့် အခြေအအနေမျိုးတွင် ထိခိုက်ခံစားနေရသည်ကို မိမိတို့က သတိတရ ရှိရမည်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းများတွင် ကလေးငယ်များ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရမှုများကို ဖြေရှင်းရန် အစိုးရက ဆောင်ရွက်နေသည်ကို မြင်ရခြင်းမှာ အပြုသဘောဆောင်သည့် အခြေအနေဖြစ်သည်။ သို့ရာတွင် နေအိမ်များအတွင်း ဖြစ်နေသည့် ကလေးငယ်များအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများမှာလည်း မေ့လျော့ထား၍မရသည့် ကိစ္စပင် ဖြစ်ပေတော့သည်။
Ref: mmtimes
(Myanmar Times တွင် ဖော်ပြထားသည့် The fight against child labour begin at home ဆောင်းပါးအား လေးမောင်မှ
ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Comments