ဇူလိုင် ၁၆၊ ၂၀၁၆
M-Media
– တူရကီစစ်တပ်ထဲက အဖွဲ့တစ်ခုက အာဏာသိမ်းဖို့ကြိုးစားတာကို ရပ်တန့်နိုင်ခဲ့ပြီလို့ တူရကီသမ္မတ အာဒိုဂန်က ဒီနေ့မနက်အစောပိုင်း သူ့ကိုထောက်ခံသူတွေနဲ့အတူ အစ္စတန်ဘူလ်မြို့ လမ်းမပေါ်မှာရှိနေစဉ်အတွင်း ပြောကြားလိုက်ပါတယ်။
အာဏာသိမ်းမှုဟာ အာဒိုဂန် ခရီးသွားနေချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ ဂျာမနီနိုင်ငံအတွင်း လေယာဉ်ဆင်းသက်ဖို့ ကြိးစားခဲ့ပေမယ့် ဂျာမန်အာဏာပိုင်တွေက လက်မခံခဲ့ဘဲ အခုအချိန်မှာတော့ သမ္မတဟာ တူရကီကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဘီနာလီ ယီလ်ဒရင်ကတော့ မိမိတို့အနေနဲ့ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတော်တော်းများများကို ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီအာဏာသိမ်းမှုအတွင်း နိုင်ငံတစ်ဝှမ်း တစ်ချို့နေရာတွေမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၆၀ လောက် သေဆုံးခဲ့ပြီး စစ်တပ်ကတာဝန်ရှိသူ ၇၅၀ ကျော်လောက်ကိုလည်း အစိုးရက ဖမ်းဆီးထားလိုက်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ အာဒိုဂန်က ဒီလိုအာဏာသိမ်းတာဟာ နိုင်ငံတော်ကို သစ္စာဖောက်တဲ့လုပ်ရပ်လို့ပြောကြားခဲ့ပြီး ပါဝင်သူတွေအနေနဲ့ ကြီးကြီးမားမား ပေးဆပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ အစ္စတန်ဘူနဲ့ အန်ကာရာမြို့တွေမှာ အာဏာသိမ်းသူတွေက ခုခံတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး သမ္မတအိမ်တော်တည်ရှိရာနေရာကိုလည်း ဂျက်လေယာဉ်တွေက ဗုံးကြဲချမှုတွေ ရှိခဲ့ပါတယ်။
အာဒိုဂန်က ဒီအာဏာသိမ်းမှုဟာ အမေရိကန်အခြေစိုက် တူရကီတရားဟောဆရာ ဖာသူလာ ဂူလန်ကို ထောက်ခံသူတွေက ပြုလုပ်တယ်လို့ စွပ်စွဲပြောကြားထားပေမယ့် ဂူလန်ကတော့ ဒီစွပ်စွဲမှုကို ငြင်းပယ်ထားပြီး အစိုးရဆိုတာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကနေတစ်ဆင့် တက်လာရမှာမျိုးဖြစ်ပြီး အင်အားသုံးရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
တူရကီပြည်သူတွေကလည်း စစ်တပ်ရဲ့ ဆန္ဒပြမှုကို ဆန့်ကျင်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.