ဇူလိုင် ၂၅၊ ၂၀၁၆
M-Media
– မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးစနစ်ကို ပြင်ဆင်ရန် ကန်ဒေါ်လာ ဘီလီယံ ၆၀ နီးပါး ကုန်ကျနိုင်ပြီး အချိန်မီ ပြင်ဆင်နိုင်ခြင်းမရှိပါက ယခုပမာဏထက်ပို၍ ကုန်ကျနိုင်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
Transport Sector Policy Notes ဟု အမည်ပေးထားသည့် အဆိုပါအစီရင်ခံစာမှာ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး စနစ်အကြောင်း လေ့လာဆန်းစစ်ထားခြင်းဖြစ်ပြီး အကျပ်အတည်းနှင့် အခွင့်အလမ်း ၂ ခုစလုံး ရှိနေသည်ဟုလည်း ဖော်ပြထားသည်။
“ပြီးခဲ့တဲ့ကာလတွေမှာ ရင်းနှီးမြှုပ်မှုအားနည်းခြင်းနဲ့ လစ်လျူရှုမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦးတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့စာရင် နောက်ကောက်ကျနေပြီး ဒေသတွင်း ဈေးကွက်နဲ့ လူမှုဝန်ဆောင်မှုစနစ်တွေမှာ ၀င်ရောက်ပူးပေါင်းဖို့လည်း အဟန့်အတား ဖြစ်စေပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သယ်ယူပို့ဆောင်ရေးနစစ်အတွက် မြန်မာအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံဂျီဒီပီ၏ ၁.၀ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ဒေသအတွင်း အခြားနိုင်ငံများကမူ ထိုကာလအတွင်း ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ သုံးစွဲခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြည်သူ သန်း ၂၀ မှာ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံဝန်ဆောင်မှုကို မရရှိဘဲ နိုင်ငံအတွင်းရှိ အဝေးပြေးလမ်းနှင့် ရထားလမ်းများ၏ ၆၀ ရာခိုင်နှုန်းမှာလည်း ‘အလျင်အမြန်ပြင်ဆင်ရန်နှင့် ပြည်လည်ထူထောင်ရေး လုပ်ဆောင်ရန်’ လိုအပ်နေသည်ဟု ADB ၏ ထိုအစီရင်ခံစာတွင် ထောက်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ရေကြောင်းအခြေပြု သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ မရှိဟုလည်း ဆိုသည်။
“လိုအပ်ချက်တွေက အရင်းအမြစ်ထက် ပိုများနေတာ၊ ပြုလုပ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု အနည်းငယ်ကလည်း ထိရောက်မှု၊ ချော့မွေ့မှု မရှိတာကြောင့် မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍဟာ တော်တော်လေး ဆိုးရွားနေပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးကဏ္ဍ မအောင်မြင်မှုကိုလည်း အစီရင်ခံစာက သတိပေးထားပြီး သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပေါ်လစီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပါက နောက်ထပ် ၁၅ နှစ်အတွင်း ကန်ဒေါ်လာ ဘီလီယံ ၆၀ ကုန်ကျနိုင်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပြီးစီးပါက နိုငငံ၏ ဂျီဒီပီမှာ နှစ်စဉ် ဒေါ်လာ ဘီလီယံ ၄၀ တိုးတက်လာနိုင်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
Ref: mmtimes
Leave a Reply
You must be logged in to post a comment.