ဇူလိုင် ၂၅၊ ၂၀၁၆
M-Media
– တူရကီအစိုးရက အာဏာသိမ်းမှုကိုအကြောင်းပြ၍ ဖမ်းဆီးမှုများကို ဆက်လက်လုပ်ဆောင်နေပြီး ယနေ့တွင် ဂျာနယ်လစ် ၄၂ ဦးကို ဖမ်းဆီးထိန်းသိမ်းရန် ၀ရမ်းထုတ်လိုက်သည်ဟု သိရသည်။
ဝရမ်းထုတ်ခံရသူများတွင် နာမည်ကြီး အစီအစဉ်တင်ဆက်သူဖြစ်ပြီး ယခင် လွှတ်တော်အမတ်ဖြစ်ခဲ့ဖူးသူ နဇ်လီ အီလီကက်လည်း ပါဝင်သည်ဟု ဆိုသည်။
ပြီးခဲ့သည့်တစ်ပတ်က မအောင်မြင်သော အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း တူရကီအာဏာပိုင်များမှာ စစ်သား၊ ရဲ၊ တရားသူကြီးများ၊ ကျောင်းဆရာများ၊ အစိုးရ၀န်ထမ်းများနှင့် အခြားသူများ စုစုပေါင်း ၆၀၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်းတို့ ပြုလုပ်နေသည်။
ထိန်းသိမ်းထားသူများထဲမှာ ၁၃၀၀၀ ခန့်မှာ အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပါဝင်သည့်အတွက်ဖြစ်ပြီး ၆၀၀၀ ကို ဖမ်းဆီးလိုက်သည်ဟု သမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်။ ပညာရေးဝန်ကြီးဌာနမှ အများစုအပါအ၀င် အစိုးရ၀န်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၃၇၅၀၀ ကို လက်ရှိတွင် ရာထူးမှ ရပ်နားထားသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တိုင်းပြည်အား ၃ လ အရေးပေါ်အခြေအနေ ကြေငြာပြီးနောက် စနေနေ့ကလည်း တူရကီသမ္မတ အာဒိုဂန်မှာ စာသင်ကျောင်းများ၊ ပရဟိတအဖွဲ့များ၊ သမဂ္ဂများနှင့် ဆေးဘက်ဆိုင်ရာ အသင်းအဖွဲ့များအပါဝင် စုစုပေါင်း အသင်းအဖွဲ့ပေါင်း ၃၇၅၀၀ ခန့်ကို ပိတ်ပစ်ခဲ့သည်။
အာဒိုဂန်ခေါင်းဆောင်သော တူရကီအစိုးရ၏ ထိုကဲ့သို့ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများကို တူရကီ၏ မဟာမိတ်နိုင်ငံများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပြီး တိုင်းပြည်အား အာဏာရှင်လမ်းကြောင်းပေါ်သို့ ဆွဲချနေသည်ကို မြင်နေရသည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.