News @ M-Media

တာလီဘန်ကိုစားလှယ်အဖွဲ့ တရုတ်သို့သွားကာ အာဖဂန်အရေး ဆွေးနွေးခဲ့

ဇူလိုင် ၃၁၊ ၂၀၁၆
M-Media

taliban

– အနောက်နိုင်ငံ ကျောထောက်နောက်ခံပြု အစိုးရနဲ့ စစ်သွေးကြွတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ အာဖဂန်နစ္စတန်က အခြေအနေတွေကို ဆွေးနွေးဖို့အတွက် တာလီဘန်ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ တရုတ်နိုင်ငံသို့ ဒီလအစောပိုင်းက သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့ကို ကာတာရှိ တာလီဘန်နိုင်ငံရေးရုံးဥက္ကဌ အဘတ်စ် စတာနက်ဇိုင်က ဦးဆောင်တာဖြစ်ပြီး တရုတ်အစိုးရရဲ့ ဖိတ်ကြားမှုကြောင့် ပေကျင်းကို ဇူလိုင် ၁၈ ရက်ကနေ ၂၂ ရက်အထိ သွားရောက်ခဲ့တာဖြစ်တယ်လို့ တာလီဘန်အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“ကျွန်တော်တို့ဟာ ကမ္ဘာ့နိုင်ငံတော်တော်များများနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိပါတယ်၊ တရုတ်ကလည်း အဲ့ဒီနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ကျူးကျော်ဝင်ရောက်လာတဲ့ တပ်ဖွဲ့တွေရဲ့ ပိုင်နက်သိမ်းပိုက်မှုတွေ၊ အာဖဂန်ပြည်သူတွေအပေါ် သူတို့ရဲ့ ရက်စက်မှုတွေနဲ့ပက်သက်လို့ တရုတ်အရာရှိတွေကို ကျွန်တော်တို့ အသိပေးထားပြီးဖြစ်ပါတယ်။ ဒီအရေးကိစ္စတွေကို ကမ္ဘာ့ဖိုရမ်တွေမှာ ဆွေးနွေးတင်ပြဖို့၊ ကျူးကျော်သိမ်းပိုက်နေတဲ့ တပ်တွေရဲ့လက်နေ ကျွန်တော်တို့လွတ်မြောက်မှုရဖို့အရေး ကူညီကြဖို့ တရုတ်ရဲ့ဦးဆောင်မှုကို ကျွန်တော်တို့လိုချင်ပါတယ်” လို့ အမည်မဖော်ပြလိုတဲ့ တာလီဘန်အရာရှိတစ်ဦးက ပြောပါတယ်။

အဆိုပါလည်ပတ်မှုကို အမည်မဖော်ပြလိုတဲ့ အခြားသော အကြီးတန်းတာလီဘန်အရာရှိတွေကလည်း အတည်ပြုခဲ့ပါတယ်။ အမည်မဖော်ရတဲ့ အကြောင်းအရင်းကတော့ ကာတမှာရှိနေတဲ့ နိုင်ငံရေးရုံးရဲ့ ပြောရေးဆိုခွင့်ကို မရရှိထားလို့ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Reuters

Comments

Leave a Reply