သြဂုတ် ၇ ၊ ၂၀၁၆
M-Media
ဂျက်ဖရီတင်အုန်း ( R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်) ရေးသည်။
မြန်မာပြည်အနှံ့ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူလူထုအပေါင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလတစ်ပါတီ) အာဏာရှင်စနစ်ကိုအံတု၊ ဆန့်ကျင်သောအားဖြင့် လမ်းများပေါ်ထွက်ကာ ဆန္ဒ ပြခဲ့သည့် ၈-၈-၈၈ (ရှစ်လေးလုံး) နှစ်ပတ်လည် အခမ်းအနားကြီးသည်လည်း မကြာခင် ၂၈ နှစ် ပြည့်တော့မည်ဖြစ်သည်။
စစ်အာဏာရှင်အငွေ့အသက်များကို ရှူရှိုက်လိုသည့် အခွင့်ထူးခံ၊ လက်တစ်ဆုတ်စာ လူတစ်စု အလိုတော်ရှိများ အလိုကျရေးနေ၊ ပြောနေသော၊ လူမှု့ရေးကွန်ယက် မီဒီယာများကလည်း ယနေ့ အချိန်ထိ ရှိနေပါသည်။ ထိုသူများက အာဏာရှင် ဘက်တော်သားများဖြစ်သည့် အလျောက် ၈-၈-၈၈ (ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် လူသတ်၊ ခေါင်းဖြတ်၊ မင်းမဲ့စရိုက်များ ရှိခဲ့ကြောင်း ဖော်ပြကြပြီး ထိုအရေးတော်ပုံကြီးအား သေးသိမ်အောင်၊ အကျဉ်းတန်အောင်၊ မသိမသာ ထိုးနှက်နေပြန်သည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့ရခြင်း၏ အဓိကကြောင်းအရင်းများကို ဆန်းစစ် ကြည့်လျှင် ၁၉၆၂ ခု မတ်လ (၂) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် မိမိလူတစ်စု၊ တစ်ဖွဲ့ကိုယ် ကျိုးအတွက် နိုင်ငံတော်အာဏာကို ၂၆ နှစ်ကြာ တစ်ပါတီ၊ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ ခု ဇူလိုင်လ (၇) ရက်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဒိုင်းနမိုက် ဖြင့် ဖြိုခွဲ ဖျက်ဆီးခဲ့သည်။ လှုပ်ရှားတက်ကြွသော ကျောင်းသားလူငယ်များကို ဖမ်းဆီး၊ ထောင်ချ၊ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ၁၉၇၄ ခု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် ဈာပနအခမ်းအနားတွင်လည်း စစ်တပ်ကို တက္ကသိုလ်ကျောင်းဝင်းအတွင်း ၀င်ရောက်စီးနင်းစေကာ တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ရက်ရက်စက်စက် ဖြိုခွင်းခဲ့သည်။ ထို့နောက် မှိုင်းရာပြည့်အရေးအ
ခင်း ဆန်ပြဿနာအကြောင်းခံကာ တရုတ်-ဗမာ အရေးအခင်း၊ ၁၉၈၇ ခုနှစ်တွင် ကုလား-ဗမာ ပြည်၊ တောင်ကြီး အရေးအခင်းများကို ဖန်တီးကာ၊ နိုင်ငံရေးအာရုံလှည့်ခဲ့သည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံရေးလောကတွင်၊ လက်ညိုးထောင်ခေါင်းညိမ့်၊ အပေါ်ဖား၊ အောက်ဖိ၊ အရည်အချင်းမရှိ၊ အချောင်သမားလူတန်စားများ၊ အုပ်ချုပ်ရေး နယ်ပယ်တွင်၊ ဒုနဲ့ဒေး ဖြစ်လာခဲ့ တော့သည်။ တစ်ချိန်က အရှေ့တောင်အာရှတွင် စင်္ကာပူထက်သာလွန်ခဲ့သော မြန်မာနိုင်ငံကြီးသည်ကမ္ဘာ့အဆင်းရဲဆုံး ဖွံ့ဖြိုးမှု့အနှေးကွေးဆုံး စာရင်းဝင်နိုင်ငံတစ်ခု ဖြစ်သွားခဲ့သည်။
ထို့အပြင် “မဆလ” တစ်ပါတီအာဏာရှင်စနစ်လက်ထက်တွင်ပင် ပြည်သူလူထု၏ ချွေးနည်းစာငွေ များ ၁၀၀ ကျပ်တန်၊ ၉၀ ကျပ်တန်၊ ၄၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ငွေစက္ကူများသုံးစွဲခြင်းကို တရားမ၀င်ငွေများဖြစ်ကြောင်း အမိန့်အာဏာဖြင့် ထုတ်ပြန်ခဲ့ခြင်း။ ရန်ကုန်စက်မှု့တက္ကသိုလ်ဝင်းအတွင်း၊ဆန္ဒပြကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကို လုံထိန်းအထူးရဲများ၏ ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့ရသည်ကို အချွန်ဖြင့်ထိုးမိ၍ သေဆုံးခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင်
လိမ်ညာထုတ်ပြန်ခဲ့ခြင်း။ လုံထိန်းရဲများကြောင့် ရန်ကုန်စက်မှု့တက္ကသိုလ်ကျောင်းသားနှစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်သည် အခြား ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များသို့ပါ ကူးစက်ပြန့်နှံ့ခဲ့ပြီး ကျောင်းသားထုက ထိုဖြစ်ရပ်ကို အမြန်ဆုံးဖော်ထုတ်စုံစမ်းပြီး ကျူးလွန်သူများကို အမြန်ဆုံးအရေးယူပေးပါရန်ရန်ကုန်မြို့ အင်းယားကန်၊ တံတားဖြူအနီး စုရုံး၊ ဆန္ဒပြ၊ တောင်းဆိုခဲ့သည်။ သို့သော် “မဆလ” အစိုးရက လုံထိန်းရဲများဖြင့် အတင်းအဓမ္မဖြိုခွင်းမှုကြောင့်၊ ထိခိုက်ဒဏ်ရာရသူရ၊ ရေထဲပြုတ်ကျသူပြုတ်ကျ၊ လုံထိန်းကားများတွင် ကျောင်းသား/သူများအား ဇွတ်အတင်း၊ ငါးပိ၊ ငါးချဉ်ဖိသိပ်သည့်အလား၊ လူမဆံစွာထည့်ပြီး ဖိနှိပ်၊ ရက်စက်ခဲ့မှုကြောင့်၊ အသက်ရှုကြပ်ပြီး ကျောင်းသား/သူအချို့သေဆုံးခဲ့ရသည့် ဖြစ်ရပ်ဆိုးများသည် အမှန်တကယ် မဟာရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့ပါသည်။
ထိုဖြစ်ရပ်များနှင့်ပတ်သက်လို့ တာဝန်ရှိ အစိုးရအာဏာပိုင်များက ပြည်သူလူထုနှင့်ကျောင်းသားထုကြီးအား တောင်းပန်ခဲ့ခြင်းမပြုဘဲ၊ “မဆလ” တစ်ပါတီအာဏာရှင်ကြီး ဦးနေ၀င်းက ရန်ကုန်မြို့ကျိုက္ကဆံ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် “ပြည်နယ်၊ တိုင်း မဆလပါတီ အရေးပေါ်၊ပါတီညီလာခံကြီး” တွင် ကျောင်းသားပြည်သူလူထုတစ်ရပ်လုံးအား ရည်ညွှန်း၍ “စစ်တပ်ဆိုတာ၊ပစ်ရင် တည့်တည့် ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဘူး” ဟု လူမိုက်ဆန်ဆန်၊ ခေါင်းဆောင်မပီသစွာတာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့စွာ၊ လက်လွတ်စပယ် ပြောဆိုခဲ့မှုကြောင့်၊ ၈-၈-၈၈ ခုနှစ်တွင်ရန်ကုန်မြို့၌ ကျောင်းသား/သူများ ဦးဆောင်ကာ မဆလတစ်ပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေးဒီမိုကရေစီရရေး တောင်းဆို ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရပါသည်။ နောက်ဆက်တွဲ ရလဒ်အနေဖြင့် ပါတီဥက္ကဌ ဦးနေ၀င်း နှုတ်ထွက်ခဲ့ပြီး၊ သတ်ရဲ၊ ဖြတ်ရဲတဲ့နေရာတွင် လူမိုက်ဆန်ဆန် လုပ်လေ့ရှိသောဦးစိန်လွင်အား သမ္မတ တင်မြှောက်ခဲ့သည်။ ဦးစိန်လွင်သည် တပ်မ ၂၂ စစ်တပ်အင်အားကို ရန်ကုန်မြို့သို့ခေါ်ခဲ့သည်။ ထို့နောက် အပ်တိုတစ်ချောင်းမျှ မရှိသော ဆန္ဒပြကျောင်းသား/သူများကိုဗကပယူဂျီ (ဗမာပြည်ကွန်မြူနစ်ပါတီ မြေအောက်အဖွဲ့အစည်းဝင်များ) ဟု တံဆိပ်မည်းတပ်ခဲ့သည်။ အထက်အမိန့်အဆင့်ဆင့် နာခံလေ့ရှိသော စစ်တပ်အား၊ အဆိပ်မှိုင်းများ သွတ်သွင်းကာ၊မတရားဝါဒဖြန့်ချီခဲ့သည်။
ထို့ကြောင့်လည်း အထက်တန်း၊ အလယ်တန်း အဖြူ၊ အစိမ်းဝတ် ဆန္ဒပြကျောင်းသား/သူလေးများ၊ ရင်ဘတ်များ၊ ကျောများ ပွင့်ထွက်ကာ၊ မြင်မကောင်း၊ ရှု့မကောင်းအောင် ပိုးဆိုးပက်ဆက်သေပွဲဝင်ခဲ့ရသည်မှာ စာရေးသူမျက်မြင် ကိုယ်တွေ့ဖြစ်သည်။ ထိုသွေးစွန်းသော လုပ်ရပ်ဆိုးများကြောင့် ရဟန်းရှင်လူ၊ ပြည်သူလူထုကြီး မခံမရပ်နိုင်ဖြစ်ကာ မြန်ပြည်အနှံ့ တိုင်းနှင့်ပြည်နယ်ရှိ မြို့ကြီး၊ပြကြီးများသို့ ဆန္ဒပြလူပင်လယ်လှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့ရတော့သည်။
ရှစ်လေးလုံးဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲတွင် တစ်ပါတီအာဏာရှင် မဆလအစိုးရ၏ ရက်ရက်စက်စက် မိုက်မိုက်ကန်းကန်း၊ ပစ်ခတ်ဖြိုခွင်းမှု့ကို အခံရဆုံးမှာ ရန်ကုန်တိုင်းအတွင်းရှိ ဆန္ဒပြကျောင်းသားထုပင် ဖြစ်သည်။
ကန့်လန့်ကာနောက်ကွယ် ကြိုးကိုင်သူများက သမ္မတ ဦးစိန်လွင်အား (၁၇) ရက်ပွဲထုတ်ခဲ့ပြီး၊ ဥပဒေပညာရှင်ဒေါက်တာ မောင်မောင်အား သမ္မတ တင်မြှောက်ခဲ့ပြန်သည်။ သမ္မတဒေါက်တာမောင်မောင်သည် အပြောအဟောကောင်းသည့် စာရေးဆရာတစ်ဦးလည်းဖြစ်သည်။ ဦးနေ၀င်း၏ အလွန်စိတ်ချ၊ ယုံကြည်ရဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ အာဏာရှင်ကြီး ဦးနေ၀င်း အလိုကျ ဥပဒေများကိုရေးဆွဲပေးနေ ရသူလည်းဖြစ်ပါသည်။
ဒေါက်တာမောင်မောင် သမ္မတဖြစ်လာသောအခါ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးခဲ့သည်။ ထိုအခါပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ စ-စ-စ (စသုံးလုံး) အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အပါအ၀င် အစိုးရဌာနဆိုင်ရာ အတော်များများ၊ ရှေ့နေများ၊ စာပေဂီတ၊ ရုပ်ရှင်လောက၊ အနုပညာရှင်များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ စသည်တို့သည် ပြည်သူလူထုနှင့်အတူ လမ်းများပေါ်ထွက်ကာ မကျေနပ်ချက်အလုံးစုံအား ရင်ဖွင့်ကာ ဆန္ဒပြပွဲများတွင် ပါဝင်လာခဲ့ကြတော့သည်။
တစ်ချိန်တည်းမှာပင် မဆလအစိုးရသည် မြန်မာပြည်တစ်ဝန်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အကျဉ်း ထောင်များတွင် “အကျဉ်းသားများ ထောင်ကို မီးရှို့ကြသည်။ ထောင်ဖောက်ပြေးကြသည်။ ထို့ကြောင့် ထောင်အာဏာပိုင်များက ပစ်ခတ်၊ နှိမ်နှင်းအရေးယူရပါသည်” ဟူသော ကြေညာချက် သတင်းများကို နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ဝေေ၀ဆာဆာ တင်ပြခဲ့ကြသည်ကို သတိပြုမိသည်။
အမှန်တကယ် နိုင်ငံအနှံ့ ထောင်ခါနေခြင်းဖြစ်သည်။ ထောင်ခါနေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ (၁) ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေသူများအား ထောင်ထဲထည့်ရန် (၂) လူသတ်၊ ခိုးဆိုး လုယက်၊ ဒုစရိုက်မှု၊ ရာဇ၀တ်မှုပေါင်း၊ မြောက် များစွာဖြင့် ထောင်ကျနေသူများကို ထောင်ကလွှတ် ပေးလိုက်လျှင် ထိုထောင်ချစ်သူများ ရာဇ၀တ်မှုအမျိုးမျိုးကို ထပ်မံကျူးလွန်ကြမည်။ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်ကြမည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာမည်။ ထိုအခါ စစ်တပ်က
အာဏာသိမ်းမည် စသည်ဖြင့် ကြိုတင်ကြံစည်၊ မဟာဗျူဟာ၊ အကွက်ချထားခဲ့သောကြောင့် ထောင်ကျရာဇ၀င်လူဆိုးများကို တမင်ရည်ရွယ်ချက်ရှိရှိ ထောင်မှလွှတ်ပေးခဲ့ခြင်း ဖြစ်သည်ကို ဆန်းစစ်မိပါသည်။
အမေကမွေး၊ ထောင်ကကျွေးနေသူ ရာဇ၀င်လူဆိုးများ ပုံစံအမျိုးမျိုး နည်းလမ်းအသွယ်သွယ်ဖြင့် ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြကြသည့် ပြည်သူလူထုကြား ရောက်ရှိသွားကြသောအခါ မိမိတို့ ၏ပင်ကိုယ်စရိုက်အဖုံဖုံဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို တရားဥပဒေစိုးမိုးမှုကင်းမဲ့နေသော အချိန်များတွင် လုပ်ဆောင်ခဲ့မှု့များကြောင့် မင်းမဲ့စရိုက်ဆန်ဆန်အမှု့အခင်းများ၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ဖြစ်ပွားခဲ့ရပါသည်။ “ဆွမ်းဆန်ထဲ၊ ကြွက်ချေးရော” သွားသည့်အလား ငခုံးမတစ်ကောင်ကြောင့်၊ တစ်လှေလုံးပုပ်သည့်အလား ဖြစ်ပွားခဲ့ရသည်။
သမ္မတဒေါက်တာမောင်မောင်က စစ်မိန့်များကို ရုတ်သိမ်းပေးခဲ့သည့်အခါ ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြကြသည့် လူပင်လယ်လှိုင်းများကလည်း တစ်နေ့ထက်တစ်နေ့ ဒီရေအလားအားကောင်းလာခဲ့သည်။
စစ်တပ်က အစိုးရပိုင်၊ ကုန်လှောင်ရုံများမှ ပစ္စည်းများကို TE ကားများဖြင့်၊ အကြိမ်ကြိမ် သယ်ခဲ့ကြ သည်။ မသယ်ဘဲထားခဲ့သော၊ အကြွင်းအကျန်များကို ထိုအနီးတစ်ဝိုက်ရှိ ရပ်ကွက်များတွင် နေထိုင် ကြသော သေမထူး၊ နေမထူး ဆင်းရဲသားများ၊ ထောင်နန်းစံခဲ့ကြသူ ဆင်းရဲသားများက သွားယူခဲ့ကြ သည်။ ပစ္စည်းများယူနေစဉ်၊ စစ်တပ်၏ ရှောင်တခင်ပစ်ခတ်ဖြိုခွင်းခံခဲ့ရသူများလည်း ရှိပါသည်။ ထို အချိန် အာဏာရှင်ဒေါက်တိုင် စစ်ထောက်လှမ်းရေးများကလည်း ဒီမိုကရေစီအရေး ဆန္ဒပြပြည်သူ လူထုကြားထဲ ထိုးဖောက်ဝင်ရောက်ကာ ဥာဏ်နီ၊ ဥာဏ်နက်များသုံးကာ ဆန္ဒပြအဖွဲ့များအကြား၊ သပိတ်စခန်းများအကြား၊ ၀င်ရောက်ပူးကပ်သွေးခွဲ သပ်လျှိုကာ၊ စည်းရုံးလှုပ်ရှားမှုများသည် အတိုင်း အတာတစ်ခုအထိ ခရီးပေါက်ခဲ့သည်ကို လေ့လာမိသည်။
ပမာပြရလျှင် ဒေါ်အောင်ဆန်းစုကြည်၏ရွှေတိဂုံဘုရားဝင်း လူထုအစည်းအဝေးဟောပြောမည့် မနက်ခင်းတွင် ရန်ကုန်မြို့လယ်ခေါင်၌ စစ်ထောက်လှမ်းရေး ဗိုလ်ကြီး ဦးဆောင်ကာ လူထုခေါင်း ဆောင်အား ပုဂ္ဂိုလ်ရေးထိခိုက်စေသည့် ၀ါဒဖြန့်လှုံ့ဆော်စာများကို ဖြန့်ဝေနေစဉ်၊ ပြည်သူလူထုက လက်ပူးလက်ကြပ် လက်ရဖမ်းဆီးခဲ့သည်။ ထို့ကြောင့် ထိုအခါက စစ်တပ်ထိပ်တန်းခေါင်းဆောင် များသည်ဒီမိုကရေစီကို မလိုလားကြောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနယ်ပယ်တွင် နေရာမပေးလိုကြောင်း သမိုင်းဝင်သက်သေ ဖြစ်သွားခဲ့ပါသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် သမိုင်းဝင်ပြယုဂ်တစ်ခုအနေဖြင့် ရှစ်လေးလုံး(၈-၈-၈၈) ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကြီးကို MCC ခန်းမကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ(ယခင်) ဒေါ်အောင်ဆန်းစုကြည်၊ နာယကကြီး သူရဦးတင်ဦး ကွယ်လွန်သူသတင်းစာဆရာကြီး သံမဏိလူသားကြီး ဦးဝင်းတင် တို့တက်ရောက် အားပေးခဲ့သည်။ အံ့ဩစရာကောင်းသည့်အချက်မှာ န၀တ၊ နအဖ စစ်အစိုးရများလက်ထက်နှင့် ဦးသိန်းစိန်အစိုးရ လက်ထက်တွင်ပါ၊ တာဝန်ထမ်းဆောင်နေသူ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ချို့ပင်၊ ကိုယ်တိုင်တက်ရောက်တစ်ခဲနက် အားပေးခဲ့ကြသည်။ အလှူငွေများ လှူဒါန်းခဲ့ကြသည်။ ပို၍ ထူးဆန်းသည်မှာ ထိုရှစ်လေးလုံး ငွေရတုအခမ်းအနားကြီးတွင် “၁၉၈၈ခု ဒီမိုကရေစီရေး တောင်း
ဆိုဆန္ဒပြရင်းသွေးမြေကျခဲ့သော၊ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူလူထုအပေါင်းအား မတ်တပ် ရပ်၊ အလေးပြု၊ ဂါဝရပြုသည့်အခမ်းအနားကြီးတွင် ထိုအစိုးရအဖွဲ့ဝင် ၀န်ကြီးများလည်း တက် ရောက်လာသူများနှင့်အတူ လက်ရည်တစ်ပြင်တည်း ပါဝင်ခဲ့ကြခြင်းဖြစ်သည်”
အချုပ်ဖြင့်ဆိုရလျှင် ကမ္ဘာလောကကြီးသည် အမှန်တရားကိုလိုလားသူ၊ လောကကို အလှဆင်နေ သူများအတွက် မိတ်ဆွေဖြစ်သည်။ မဆလ၊ န၀တ၊ နအဖ စသည့် စစ်အစိုးရများသည် ကျောင်းသား ကျောင်းသူ၊ ပြည်သူလူထုနှင့်ပတ်သက်၍ မြန်မာ့သမိုင်းတွင် အမဲစက်များ စွန်းထင်းခဲ့ကြသည်။ ၈-၈-၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးသည် “အာဏာသည် သေနတ်ပြောင်းဝမှာရှိသည်” ဟူသော ခေတ်အဆက်ဆက် အာဏာရှင်များ၏လက်သုံးစကားဆောင်ပုဒ် မှားယွင်းကြောင်း သမိုင်းသင်ခန်း
စာကို ပေးခဲ့သည်။ ပြည်သူလူထု၏ထောက်ခံမှု့မရှိသော အစိုးရတစ်ရပ်သည် ရေရှည်မရပ်တည်နိုင် ကြောင်း၊ အမှန်တရားကိုလိုလားသော ပြည်သူလူထုကြီးသည် တစ်နေ့ အောင်ပွဲခံရမည်မှာ ဧကန်မ လွှဲဖြစ်ကြောင်း သင်ခန်းစာ အမွေကောင်းများကို ပေးစွမ်းနိုင်ခဲ့၍ မြန်မာသမိုင်းတွင် မော်ကွန်းတင်ထိုက်ပေတော့သည်။
ဂျက်ဖရီတင်အုန်း ( R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)
Comments