သြဂုတ် ၁၂၊ ၂၀၁၆
M-Media
– ပြီးခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံအနှံ့ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက လုံခြုံရေးကို တိုးမြှင့်လိုက်ပြီး ထိုဖောက်ခွဲမှုများ၏ နောက်ကွယ်မှ အကြောင်းအရင်းနှင့် စီမံဆောင်ရွက်သူများကို ဖော်ထုတ်ရန် ကြိုးစားနေသည်ဟု သိရသည်။
ယမန်နေ့ညက ဘန်ကောက်မြို့တောင်ပိုင်း ဟွာဟင်ကမ်းခြေ ဗုံးပေါက်ကွဲမှုနှစ်ခုအတွင်း အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ၊ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး၊ ယနေ့မနက်ပိုင်းကလည်း ထိုနေရာတွင်ပင် နောက်ထပ် ဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့သောကြောင့် လူတစ်ဦး ထပ်မံသေဆုံးခဲ့သည်။
ဖူးကတ်တွင် ယနေ့မနက်ပိုင်း ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး တောင်ပိုင်းပြည်နယ်များဖြစ်သော တရန်းနှင့် ဆူရတ်ထာနီတို့တွင်လည်း ဗုံးပေါက်ကွဲမှု တစ်ခုစီဖြစ်ပွားခဲ့ကာ လူတစ်ဦးစီ သေဆုံးခဲ့သည်။
ထိုပေါက်ကွဲမှုများတွင် ဆက်စပ်မှုများရှိလားဆိုသည့် အထောက်အထားများ လက်ရှိတွင် မတွေ့ရှိရသေးဘဲ၊ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက တည်တည်ငြိမ်ငြိမ်ရှိကြရန် ပြည်သူများအား တိုက်တွန်းခဲ့ကာ ထိုဖောက်ခွဲမှုများ၏နောက်ကွယ်တွင် မည်သူရှိနေကြောင်းကို မသိရေသေးဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်တစ်ပတ်တွင် ထိုင်းနိုင်ငံ၌ စစ်တပ်ကရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပြီး အတိုက်အခံများကမူ အဆိုပါအခြေခံဥပဒေမှာ စစ်တပ်၏ပါဝင်ကို ကြီးမားစေပြီး နိုင်ငံအတွင်း သွေးကွဲမှုများ ဖြစ်စေနိုင်သည်ဟု ဝေဖန်ထားသည်။
Ref: Aljazeera
Comments