သြဂုတ် ၁၈၊ ၂၀၁၆
M-Media
– ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမှာ ပြုလုပ်နေတဲ့ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ မကျင်းပခင်မှာ အကြမ်းဖက်ဝါဒ၊ လုံခြုံရေး စတာတွေနဲ့ ပတ်သက်ပြီးသာ အစ္စလာမ်သာသနာရဲ့အမည်ကို ကြားခဲ့ကြရပါတယ်။ ဒါပေမယ့် ပြိုင်ပွဲပြီးဆုံးဖို့နီးလာတဲ့ ဒီလိုအချိန်မှာတော့ မွတ်စလင် အားကစားသမားတွေရဲ့ အောင်မြင်မှုတွေကြောင့် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကြောက်ရွံ့မှုကလည်း မှေးမှိန်သွားသလို၊ ယူဆချက်အမှားတွေလည်း လွင့်ပျောက်သွားခဲ့ပါတယ်။
ဗြိတိန်က မိုဖာရာ၊ အီဂျစ်က ဆာရာ အဟ်မဒ်၊ အမေရိကန်က အစ်ဘ်သီဟဂ်ျမိုဟာမက် စတဲ့ ကစားသမားတွေဟာ သံသယ၊ လူမျိုးရေးခွဲခြားမှုနဲ့ အစ္စလာမ်ကြောက်ရောဂါတွေအကြား ရီယိုရဲ့ အိုလံပစ်စင်မြင့်မှာ ၀င့်ဝင့်ထည်ထည့် ရပ်တည်နိုင်ခဲ့ကြပါတယ်။
ဆုတောင်းမှုစွမ်းအား
သြဂုတ်လ ၁၃ ရက်နေ့မှာ ဆိုမာလီနွယ်ဖွား ဗြိတိန်နိုင်ငံသား အပြေးအားကစားသမား မိုဖာရာဟာ မီတာ ၁ သောင်း အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့ပြီး အိုလံပစ် နှစ်ကြိမ်ဆက်တိုက် ရွှေရခဲ့တာလည်း ဖြစ်ပါတယ်။ ပြေးလမ်းတစ်ဝက်လောက်မှာ မိုဖာရာဟာ ပြိုင်ဘက်ကစားသမားတစ်ဦးရဲ့ ခြေထောက်နဲ့ တိုက်မိခဲ့တာကြောင့် လဲကျသွားခဲ့ပါသေးတယ်။ ဒါပမယ့် သူ့ရဲ့မလျှော့သောဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ရွှေတံဆိပ်ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပန်းဝင်ပြီးတဲ့အခါမှာတော့ ဖာရာဟာ နောက်တစ်ခေါက် ပြေးလမ်းပေါ်ကို လဲကျခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ဒီလဲကျမှုဟာ သူ့ရဲ့ အောင်မြင်မှုအတွက် သူယုံကြည်တဲ့ဘုရားသခင်ကို ပျပ်ဝပ်ဦးချခြင်းပဲ ဖြစ်ပါတယ်။ ဒီရွှေတံဆိပ်ဟာ ရီယိုအိုလံပစ်မှာ သူ့ရဲ့ တတိယမြောက် ရွှေတံဆိပ်လည်းဖြစ်ပြီး ပရိတ်သတ်တွေကတော့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပါတယ်။
ဖာရာရဲ့ ဒီ ပျပ်ဝပ်ဦးချဆုတောင်းမှုဟာ ကမ္ဘာတစ်ဝှမ်းမှာ မွတ်စလင်တွေနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက် အမှားတွေကို တန်ပြန်တိုက်ဖျက်နိုင်ခဲ့ပါတယ်။ ဖာရာနဲ့ မွတ်စလက်ကစားသမားတွေအတွက်တော့ သူတို့ရဲ့ ယုံကြည်ချက်ဟာ အသေးအဖွဲမဟုတ်ဘဲ အဓိကကျတဲ့ အရာတစ်ခု ဖြစ်လို့နေပါတော့တယ်။
“အပြေးမပြိုင်ခင်မှာ ကျွန်တော် ပုံမှန် ၀တ်ပြုတယ်။ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုကို ရည်စူးပြီး အောင်မြင်မှုရဖို့ ဆုမွန်ဒိုအာ တောင်းပါတယ်။ ပြီးတော့မှ ကျွန်တော် ယှဉ်ပြိုင်တာပါ”
ဗြိတိန်အပြေးအားကစားသမား မိုဖာရာရဲ့ ရင်ကို ထိမှန်စေသော ဖွင့်ဟချက် ဖြစ်ပါတယ်။
ဝိတ်ပြားကပြောသည့် မွတ်စလင်အမျိုးသမီးတို့၏ စွမ်းရည်
ပုဝါဆောင်းထားတဲ့ မွတ်စလင်အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရင် များသောအားဖြင့် နုံချာသူ၊ အသိပညာမဲ့သူအဖြစ် ထင်မြင်ယူဆတတ်ကြပါတယ်။ ဒါပေမယ့် အီဂျစ်အမျိုးသမီး ဆာရာ အဟ်မဒ်ကတော့ ဒီယူဆချက်အမှားကို ချေဖျက်လိုက်ပြီး ကမ္ဘာ့အမျိုးသမီးတွေထဲက တစ်ချို့သာလုပ်နိုင်တဲ့ အလုပ်တစ်ခု၊ တစ်ချို့မှာသာရှိတဲ့ စွမ်းအားတစ်ခုကို လုပ်ပြနိုင်၊ ထုတ်ပြန်နိုင်ခဲ့ပါတယ်။
တစ်ကိုယ်လုံးလုံတဲ့ အားကစားဝတ်စုံဝင်ဆင်ထားပြီး နိုင်ငံကိုယ်စားပြု အနီရောင် ခေါင်းဆောင်ပုဝါ ဆင်မြန်းထားတဲ့ ဆာရာတစ်ယောက် ၂၅၅ ကီလိုဂရမ် (၅၆၂ ပေါင်) ရှိတဲ့ ၀ိတ်ပြားကို မ,ကာ ၆၉ ကီလိုတန်းမှာ ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုဟာ သူ့နိုင်ငံ၊ သူ့လူမျိုးနဲ့ အီဂျစ်က အမျိုးသမီးထုအတွက် တစ်မူထူးခြားတဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။ နိုင်ငံရဲ့ ၁၀၄ နှစ်ကြာ အိုလံပစ်ပြိုင်ပွဲဝင်သမိုင်းမှာ ဆုတံဆိပ်ရ ပထမဆုံး အားကစားမယ်ဖြစ်တဲ့ ဆာရာဟာ အခုတော့ အီဂျစ်အမျိုးသမီးတွေရဲ့ လေးစားအတုယူဖွယ် အမျိုးသမီးတစ်ဦး ဖြစ်လို့နေပါပြီ။ နောက်ပြီး ဆာရာဟာ ၀ိတ်မအားကစားမှာ ဆုတံဆိပ်ရတဲ့ ပထမဆုံး အာရပ်အမျိုးသမီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆာရာတစ်ယောက် ဆုယူစင်မြင်မှာ ရပ်ခဲ့ရတဲ့ တစ်ခဏဟာ မွတ်စလင်အမျိုးသမီးတစ်ဦးရဲ့ စွမ်းအား၊ ကြံ့ခိုင်မှု၊ ညီအမစိတ်ဓာတ်တွေကို ကိုယ်စားပြုရုံသာမကဘဲ၊ ပြင်သစ်က မွတ်စလင်အမျိုးသမီးတွေရဲ့ ခေါင်းဆောင်းပုဝါ ပိတ်ပင်မှု၊ အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ မွတ်စလင်အမျိုးသမီးတွေရဲ့ လုံလုံခြုံခြုံဝတ်စားဆင်ယင်မှုကို ဖိနှိပ်မှုအဖြစ် အက်ကြောင်းထပ်အောင် ပြောကြားမှုတွေဟာ မှာယွင်းတယ်လို့ ချေဖျက်ပစ်လိုက်တာလည်း ဖြစ်ပါတယ်။
လူမျိုးရေးခွဲခြားမှုနဲ့ အစ္စလာမ်ကြောက်ရောဂါအား ချေဖျက်လိုက်တဲ့ ဓားတစ်လက်
အစ်ဘ်သီဟဂ်ျ မိုဟာမက်ဆိုတဲ့ အမေရိကန်မွတ်စလင် ဓားသိုင်းမယ်ဟာ နိုင်ငံတကာအဆင့်ကို တိုးမ၀င်ခင် အချိန်ကတည်းက အမေရိကန်မွတ်စလင်အသိုင်းဝိုင်းမှာ နာမည်တစ်လုံး ရထားခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဇာတ်ကြောင်းဟာ “ဟီဂျဘ်ခေါင်းဆောင်ပုပါဝတ်ပြီး အိုလံပစ်မှာယှဉ်ပြိုင်မယ့် ပထမဆုံး အမေရိကန် မွတ်စလင်အားကစားမယ်” ဆိုတာထက်ကို ပိုပါတယ်။ သူမဟာ မွတ်စလင်တွေနဲ့ မွတ်စလင်မဟုတ်သူတွေကပါ အချိန်အတော်ကြာ လစ်လျူရှုထားတဲ့ ပြဿနာတစ်ရပ်ကို ရင်ဆိုင်တွန်းလှန်သူ ဖြစ်ပါတယ်။
ဒါကတော့ အာဖရိကန်-အမေရိကန် မွတ်စလင်တွေ တွေ့ကြုံရတဲ့ ပြဿနာတွေနဲ့ လူမျိုးရေးခွဲခြားမှု၊ အစ္စလာမ်ကြောက်ရောဂါဆိုတဲ့ ပြဿနာနှစ်ရပ်ကြောင့် ပေါ်ပေါက်လာတဲ့ ဒုက္ခဆင်းရဲတွေပဲ ဖြစ်ပါတယ်။
ရီပက်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်က မွတ်စလင်ပြောင်းရွှေ့အခြေချသူတွေကို ပိတ်ပင်ရမယ်ဆိုတဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး အစ်ဘ်သီဟဂ်ျက အခုလို တုန့်ပြန်ခဲ့ပါတယ်။
“ကျွန်မ အာဖရိကန်-အမေရိကန် မွတ်စလင်ပါ။ ကျွန်မ ဒီမှာမွေး၊ ဒီမှာကြီးတာဖြစ်ပြီး တစ်ခြား ဘယ်မှသွားစရာမရှိပါဘူး။ ကျွန်မမိဘတွေကလည်း ဒီမှာမွေးတယ်။ ကျွန်မကိုယ်တိုင်လည်း နယူးဂျာဆီမှာ ကြီးပြင်းတယ်။ ကျွန်မရဲ့ မိသားစုအားလုံးဟာလည်း နယူးဂျာဆီက ဖြစ်ပါတယ်။ ကျွန်မတို့ ဘယ်သွားရမှတုန်း”
ဒီရဲရဲတောက် ဓားသမားလေးဟာ အိုလံပစ်မှာ အမေရိကန်နိုင်ငံအတွက် ကြေးတံဆိပ်တစ်ခု ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့သမိုင်းကြောင်း၊ ဝေဖန်လေကန်မှုတွေကို အန်တုပြီး အိုလံပစ်မှာအောင်မြင်အောင်ကြိုးစားခဲ့တဲ့ သူမရဲ့အားထုတ်မှုတွေကတော့ ရွှေတံဆိပ်လောက်ကို အဖိုးတန်ပါတယ်။
Ref: Time.com
(Time.com မှာ ဆောင်းပါးအား လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
Comments