သြဂုတ် ၂၃၊ ၂၀၁၆
M-Media
– တောင်တရုတ်ပင်လယ်ရှိ တရုတ်၏ ကျွန်းတုများတစ်ဝိုက် အငြင်းပွားရေပိုင်နက်တွင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ခေါင်းစဉ်ဖြင့် အမေရိကန်စစ်သင်္ဘောများနှင့်အတူ ကင်းလှည့်ရန် ဂျပန်က ဆုံးဖြတ်ခဲ့မည်ဆိုပါက စည်းဖောက်ခြင်းဖြစ်မည်ဟု တရုတ်က ပြင်းထန်စွာ သတိပေးလိုက်သည်။
အဆိုပါ ပိုင်နက် အငြင်းပွားနေသော ကျွန်းများနှင့် တရုတ်မှာ မည်သို့မှ ပတ်သက်မှုမရှိဟု The Hague ရှိ နိုင်ငံတကာခုံရုံးက ကြေငြာခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်မှု ပြုလုပ်ရန် ရှိနေစဉ် တရုတ်၏ ယခုကဲ့သို့ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်ကမူ တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက် အများအပြားမှာ ၎င်း၏ ပိုင်ဆိုင်မှုဖြစ်သည်ဟု ဆက်လက်ကြေငြာထားဆဲဖြစ်သည်။
အမေရိကန်စစ်တပ်ကမူ တရုတ်က ဆောက်လုပ်နေသည့် ကျွန်းတုများအနီး စစ်သင်္ဘောများ ကင်းလှည့်မှုကို ယခုနောက်ပိုင်းတွင် တိုးမြှင့်လုပ်ဆောင်နေပြီး အကယ်၍ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များ ထိုလှုပ်ရှားမှုတွင် ပါဝင်ပါက စည်းဖောက်ခြင်း ဖြစ်မည်ဖြစ်ကြောင်း ဂျပန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ယွန်ဟွာက တိုကျိုရှိ ဂျပန်အရာရှိတစ်ဦးသို့ ပြောကြားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ထို့ပြင် ဂျပန်အနေဖြင့် တောင်တရုတ်ပင်လယ်တွင် တရုတ်ကိုဖယ်ထုတ်ရန် ရည်ရွယ်သော အမေရိကန်စစ်တပ်၏ ပူးတွဲစစ်ရေးလှုပ်ရှားမှုတွင် မပါဝင်သင့်ဟုလည်း ချန်ကဆိုပြီး တရုတ်နိုင်ငံအနေဖြင့် အချုပ်အခြာထိပါးမှုကို လက်ခံမည်မဟုတ်ဘဲ၊ စစ်ရေးကျူးကျော်မှုကိုလည်း ကြောက်ရွံ့နေမည်မဟုတ်ဟု ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါသတင်းရင်းမြစ်အရ ဂျပန်ကလည်း မိမိတို့အနေဖြင့် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ရန် အစီအစဉ်မရှိဟု ပြောကြားခဲ့သည်ဟု ဆိုသည်။
Ref : RT
Comments