စက်တင်ဘာ ၁၅၊ ၂၀၁၆
M-Media
– ယခုနှစ်အတွင်း မြန်မာနိုင်ငံအပေါ် စတာလင်ပေါင် ၁၁၈ သန်း ထောက်ပံ့ကူညီခဲ့သည့် မိမိတို့နိုင်ငံအနေဖြင့် ထပ်မံ၍ အကူအညီပေးသွားရန် အဆင်သင့်ရှိနေသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
စက်တင်ဘာ ၁၃ ရက်နေ့တွင် အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ၀န်ကြီးချုပ်ရုံးခန်း၌ ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး နိုင်ငံအတွင်းရှိ လူ့အခွင့်ရေးချိုးဖောက်မှုများနှင့်ပတ်သက်၍လည်း စိုးရိမ်မိသည်ဟု ဆိုသည်။
“လူတိုင်းအတွက်အလုပ်ဖြစ်မယ့် အခြေအနေတစ်ခု ဖန်တီးဖို့အတွက် သူတို့ သဘောတူခဲ့ကြပြီး ဒါက မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ပိုမိုဖန်တီးနိုင်ရေး၊ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ရေးနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးတို့မှာ အရေးပါလာမှာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဟာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့ပါတယ်” ဟု ၀န်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ဦးဆောင်ချီတက်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ချီးကျူးခဲ့ပြီး ယခုနှစ်အတွင်း ပေးအပ်ခဲ့သည့် အကူအညီ ပေါင် ၁၁၈ သန်းအပါအ၀င် နိုင်ငံ ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်မံ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref : Dailymail
Comments