စက်တင်ဘာ ၂၈၊ ၂၀၁၆
M-Media
– ၁၉၅၇ ခုနှစ်။ အိန္ဒိယ၀န်ကြီးချုပ် ဂျာဝဟလာနေရူး က စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် သိမေယရဲ့ ရုံးခန်းထဲ ရောက်ခဲ့တယ်။ သူ့စားပွဲနောက်မှာ သံထည်ဘီရိုကြီးတစ်လုံးတွေ့တော့ အထဲမှာ ဘာတွေရှိနေလဲလို့ ၀န်ကြီးချုပ်က ဗိုလ်ချုပ်ကို မေးမြန်းတယ်။
ဘီရိုရဲ့ အပေါ်ဆုံးအဆင့်ထဲမှာ ကာကွယ်ရေးအစီအစဉ်တွေ၊ ဒုတိယဆင့်ထဲမှာ နိုင်ငံ့ထိပ်တန်းဗိုလ်ချုပ်များရဲ့ ကိုယ်ရေးကိုယ်တာလျှို့ဝှက်စာတွဲတွေ ရှိနေတယ်လို့ ဗိုလ်ချုပ်က ဖြေကြားတယ်။
ဘီရိုရဲ့တတိယဆင့်ထဲမှာ ဘာတွေရှိနေသေးလဲလို့ နေရူးက မေးမြန်းတယ်။
ဒီတော့ ဗိုလ်ချုပ်က “ခင်ဗျားကို ဆန့်ကျင်ပြီး အာဏာသိမ်းဖို့အတွက် ကျုပ်ရဲ့ လျှို့ဝှက်အစီအမံတွေ အဲ့ဒီထဲမှာ ရှိနေတယ်” လို့ မျက်နှာထားတင်းတင်းနဲ့ ပြောလိုက်တယ်။ ဒီတော့ နေရူးက တစ်ဖက်သားကို မခံချိမခံသာမဖြစ်စေဘဲ ပေါ့ပေါ့ပါးပါးနဲ့သာ ရယ်မောတုန့်ပြန်ခဲ့ပါတယ်။
ကိုလိုနီခေတ်လွန် အာရှနဲ့ အာဖရိကနိုင်ငံများအတွင်း စစ်အာဏာသိမ်းမှုတွေက မထူးဆန်းတဲ့ အစဉ်အလာတစ်ရပ်လို ဖြစ်နေခဲ့ကြအတိုင်း ၁၉၅၀-၆၀ ခုနှစ်များအတွင်း အိန္ဒိယမှာလည်း ဒီကိစ္စက ဖြစ်မလာဘူးလို့ ပြောမရနိုင်ပါဘူး။ Times သတင်းထောက် Neville Maxwell ကလည်း လာမယ့်ရွေးကောက်ပွဲဟာ အိန္ဒိယအတွက် နောက်ဆုံးအကြိမ် ဖြစ်သွားနိုင်တယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်။
အိန္ဒိယနိုင်ငံဟာ အနှေးနဲ့အမြန်ဆိုသလို စစ်အုပ်ချုပ်ရေးအောက် ရောက်လိမ့်မယ်လို့ ယုံကြည်နေသူက သူတစ်ဦးတည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အဆုံးသတ်တော့ စစ်အာဏာသိမ်းမှုဟာ အလျဉ်း ဖြစ်မလာခဲ့တာကို တွေ့လိုက်ရပါတော့တယ်။
ဘာကြောင့်လဲ ?
—————–
ဗြိတိသျှထံက နှစ်ပေါင်း ၂၅၀ ထိကြာအောင် အမွေခံခဲ့တဲ့ စည်းကမ်းကောင်းမှု၊ အရည်အသွေးမြင့်မားမှု၊ ဂုဏ်အရှိန်အ၀ါကြီးမှုတွေ ပိုင်ဆိုင်ထားပါလျက် အိန္ဒိယစစ်တပ်ဟာ အာဏာသိမ်းရေး ကြိုးပမ်းဖို့ အလျဉ်း မကြိုးစားခဲ့ဘူး။ စစ်တပ်က တစ်ချိန်ချိန်မှာ အာဏာသိမ်းလိမ့်မယ်ဆိုတဲ့ ဒီပုံသေယူဆချက်က အလုပ်မဖြစ်လာခဲ့ဘူး။ အလားတူအစဉ်အလာထဲကနေ ကွဲထွက်လာတဲ့ ပါကစ္စတန်စစ်တပ်ရဲ့အင်အားစု ကြီးထွားလာမှုကို မဟန့်တားနိုင်တာကြောင့်လို့ ထင်စရာအကြောင်းရှိပါတယ်။
ပါကစ္စတန်စစ်တပ်ဟာ အလားတူ အထူးတင်းပြည့်ကျပ်ပြည့် အင်အားစုတစ်ရပ်ဖြစ်ခဲ့တာကြောင့် တကယ်တမ်းမှာလည်း တိုင်းပြည် ချောက်ထဲကျတဲ့အခါ ကယ်တင်ဖို့တာဝန်ရှိနေတယ်ဆိုပြီး လက်လျှိုလှမ်းဝင်ခဲ့တယ်။ အဲ့ဒီလိုမျိုး စောဒက၀င်စရာ ရှိပါလိမ့်မယ်။
စစ်အုပ်ချုပ်ရေးစနစ်အောက် အိန္ဒိယ ဘာကြောင့် မကျရောက်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို စေ့စေ့စပ်စပ် လေ့လာပြီး အဖြေရှာကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ နိုင်ငံရေးသိပ္ပံပညာရှင် စတီဗင် ၀ီလ်ကင်ဆင်က သူ့ရဲ့ “တပ်မတော်နဲ့ နိုင်ငံတော်” စာအုပ်မှာ အကောင်းဆုံး တင်ပြထားပါတယ်။
အိန္ဒိယမှာ အာဏာသိမ်းမှုမဖြစ်ပွားခဲ့တဲ့အပေါ် နားလည်နိုင်ဖို့ ပါကစ္စတန်မှာ ဖြစ်ပျက်ခဲ့တာကိုလည်း လက်ဦးလေ့လာကြည့်ရင်လည်း မမှားပါဘူး။ ပါကစ္စတန် စစ်အုပ်ချုပ်ရေးနောက်ကွယ်မှာ စိတ်ဝင်စားစရာ သမိုင်းကြောင်းတစ်ရပ်ရှိတယ်။ အခရာအကျဆုံးကတော့ စစ်တပ်(တပ်မတော်)ပဲဖြစ်ပါတယ်။
တစ်ခါ အိန္ဒိယမှာ ကွန်ကရက်ပါတီက နှစ်ဖက်ခွဥပါယ်တံမျဉ်နဲ့ အင်အားကြီးထွားနေချိန် ပါကစ္စတန်ဖက်မှာတော့ ဂျင်းနားနဲ့သူ့အနီးကပ်လူများသာ ကြီးစိုးနေခဲ့တယ်။ ဒါကြောင့်လည်း အထူးသဖြင့် ဂျင်းနား ကွယ်လွန်သွားတဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ ပါကစ္စတန်အနေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ဘက်မညီမျှမှု အန္တရာယ်တစ်ရပ်ကို ကြုံတွေ့လာရတော့တယ်။
ဘုရားသခင်ရဲ့ကောင်းခြီးပေးမှုလို့ ဆိုရတဲ့အထိ
————————————————
ပါကစ္စတန်ရဲ့ စစ်အာဏာရှင်အုပ်ချုပ်ရေးက အကြောင်းမဲ့ ပေါ်ပေါက်ခဲ့တာ မဟုတ်ပါဘူး။ ဥပမာဆိုရရင် ၁၉၅၀ ခုနှစ်များအတွင်း လာဟိုရ်မှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တယ်။ အရပ်သားအာဏာပိုင်များက မထိန်းချုပ်မထိန်းသိမ်းနိုင်ခဲ့ကြဘူး။ နောက်ဆုံးမှာတော့ စစ်တပ်ကို ဆင့်ခေါ်လိုက်ရတယ်။ စစ်တပ်က ဒီပြဿနာကို အချိန်တိုတိုအတွင်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ထိန်းသိမ်းလိုက်တယ်။
အဲ့ဒီနောက် စစ်ဦးစီးအရာရှိက တမူထူးခြားတဲ့ တောင်းဆိုချက်တစ်ခုပြုလုပ်ခဲ့တယ်။ မိမိရဲ့တပ်ဖွဲ့တွေ စစ်တန်းလျားကို မပြန်မီ ရက်အနည်းငယ် အချိန်ပေးဖို့တောင်းဆိုတယ်။ အဲ့ဒီရက်အနည်းငယ်အတွင်း စစ်တပ်က မြို့တော်သန့်ရှင်းရေးတွေ ပြုလုပ်တယ်၊ အများပြည်သူဆိုင်ရာအဆောက်အဦတွေကို ဆေးသုတ်ပေးတယ်၊ လမ်းများကို ပြုပြင်ပေးတယ်၊ တရားမ၀င်အဆောက်အဦများနဲ့ သစ်ပင်အမှိုက်များကို ရှင်းလင်းပေးကြတယ်။ ကာလအတန်ကြာ ကျောခိုင်းထားခံရတဲ့ လူထုဆိုင်ရာဝတ္တရားတွေကို ဆောင်ရွက်ပေးပြီးတဲ့နောက် စစ်တပ်ကလည်း ဘာအသံမှမထွက်ဘဲ ဆုတ်ခွာထွက်လာခဲ့ကြတယ်။ လာဟိုရ်မြို့ကြီးကလည်း တပ်မြို့တပ်နယ်လေးတစ်ခုအလား သန့်ရှင်းသပ်ရပ်စွာ ကျန်ရစ်ခဲ့တယ်။
အရပ်သားအာဏာပိုင်တွေဖက်က နှစ်ပေါင်းများစွာ ပျက်ကွက်နေခဲ့မှုများကို စစ်တပ်က ရက်ပိုင်းအတွင်း စီမံဆောင်ရွက်ပြောင်းလဲပေးလိုက်နိုင်တဲ့အတွက် စစ်တပ်က လူထုရဲ့ အထင်ကြီးလေးစားမှုကို သိမ်းပိုက်ရယူသွားနိုင်ခဲ့တယ်။ ဒါကြောင့် ၁၉၅၈ ခုနှစ် ပါကစ္စတန်ရဲ့ ပြည်တွင်းနိုင်ငံရေး ပရမ်းပတာအခြေအနေကို ဘုရင်ခံချုပ်က မာရှယ်လောထုတ်ပြီး တုန့်ပြန်တယ်၊ စစ်တပ်ကို ခေါ်ယူလိုက်တယ်။ ဒီသတင်းကို လူထုတို့ကလည်း လိုလိုလားလား ကြိုဆိုခဲ့ကြတယ်။ “ဘုရားသခင်ရဲ့ကောင်းခြီးပေးမှု” လို့တောင် လူထုအကြား ဆိုစမှတ်ပြုရတဲ့အထိ ဖြစ်ခဲ့တယ်။
နောက်နှစ်အနည်းငယ်အကြာ ဗိုလ်ချုပ် အိုင်ယုဗ်ခန်းရဲ့ သမ္မတသက်တမ်းအတွင်း ပါကစ္စတန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ထူးထူးခြားခြား မှတ်တိုင်စိုက်ထူနိုင်တဲ့ ကာလတစ်ရပ် ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ရှောင်ဖယ်မရတဲ့ ဓမ္မတာအတိုင်း စစ်တပ်ကိုယ်၌က အကျင့်ပျက်ခြစားပြီး သြဇာမှေးမှိန်သွားတာပါပဲ။
အိန္ဒိယစစ်တပ်အား ပြုပြင်ပြောင်းလဲခြင်း
——————————————–
အိန္ဒိယစစ်တပ်လည်း ပါကစ္စတန်စစ်တပ်ရဲ့ အလားတူအစဉ်အလာအတိုင်း ပေါ်ပေါက်လာခဲ့တာပါပဲ။ ဗြိတိသျှလက်ထက် အိန္ဒိယစစ်တပ်ဟာ နိုင်ငံ့မူဝါဒရေးရာဇာတ်ရုပ်တစ်ခု အပါအ၀င် ဖြစ်တဲ့အထိ အလေးထားနေရာရခဲ့တယ်။ စစ်ဦးချုပ်က ကာကွယ်ရေးဝန်ကြီး ဖြစ်တဲ့အပြင် ဘုရင်ခံချုပ်ရဲ့နောက် ဒုတိယမြောက် သြဇာအကြီးမားဆုံးပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ခဲ့တယ်။ လွတ်လပ်ရေးရပြီးနောက်မှာတော့ အနေအထား အပြောင်းအလဲ ဖြစ်သွားပါတယ်။
အိန္ဒိယပြည်သစ်အနေနဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍအပေါ် ပြန်လည်သုံးသပ်ဖို့ လိုပြီလို့ ၀န်ကြီးချုပ်နေရူးက သုံးသပ်တယ်။ အဲ့ဒီနောက် အရပ်ဖက်အာဏာပိုင်ရဲ့ လက်အောက်ခံ အခိုင်အမာ ဖြစ်လာရေးအတွက် မူဝါဒတစ်ရပ်ကို စတင်ခဲ့တယ်။ ဒါဟာ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးပြုလုပ်ဆောင်ရွက်မှုများထဲက တစ်ခုအပါအ၀င်ဖြစ်တယ်။ စစ်တပ်အကြီးအကဲကို ၀န်ကြီးချုပ်နေရာအစား တပ်မတော်နယ်ပယ်ထဲမှာ အဆင့်မြင့်မြင့် တာဝန်ယူစေခဲ့တယ်။ ဒါဟာ အသေးအဖွဲပင်ဖြစ်လင့်ကစား စဦးခြေလှမ်းတစ်ရပ်ဆိုတာ ထင်ရှားပါတယ်။
ဆက်တိုက်ဆိုသလိုပဲ ဗြိတိသျှခေတ်က အတိုင်းထက်အလွန် ပေးကမ်းထားတဲ့ စစ်အရာရှိလစာများ အပါအ၀င် ဘတ်ဂျက်အသုံးစားရိတ် လျှော့ချ/ဖြတ်တောက်ရေးအစီအစဉ်များကိုလည်း ဆောင်ရွက်ခဲ့တယ်။
အိန္ဒိယရဲ့ ပထမဆုံး ဗိုလ်ချုပ်ကြီး ကာရီယာပါ က အစိုးရရဲ့ စီးပွားရေးရာဆောင်ရွက်ချက်အပေါ် လူသိရှင်ကြား ဝေဖန်တဲ့အခါ မဆိုင်းမတွဘဲ ပြည်သူများရဲ့ ချောင်ထိုးခြင်းကို ခံလိုက်ရပါတော့တယ်။ အဲ့ဒီနောက် သူက မိမိနဲ့ မသက်ဆိုင်တဲ့အရေးအရာတွေမှာ ၀င်ရောက်စွက်ဖက်ခြင်း မပြုကြဖို့ မှာကြားခဲ့ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့များနဲ့ အိန္ဒိယလူ့အဖွဲ့အစည်းပေါ်က သူတို့ရဲ့သြဇာလွှမ်းမိုးမှုကို စနစ်တကျ သိမ်းသွင်းပြုပြင်တဲ့ အစီအစဉ်တစ်ရပ် ဆောင်ရွက်ပြုလုပ်ခဲ့တယ်။ နှစ်များစွာလွန်မြောက်ပြီး ၁၉၅၈ ခုနှစ်ရောက်တော့ အိမ်နီးချင်း ပါကစ္စတန်မှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားလာတော့တယ်။ စစ်ဦးစီးဘ၀ကနေ လောလောလတ်လတ် အငြိမ်းစားယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး ကာရီယာပါ အဖို့ အဲ့ဒါဟာ တိတ်တခိုး အမွှမ်းတင်စရာ ဖြစ်စဉ်တစ်ခုပေါ့။
အသိအမှတ်ပြုမခံရတဲ့ အောင်မြင်မှုတစ်ရပ်
———————————————
၁၉၇၀ နှစ်များအရောက်မှာတော့ အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့များရဲ့ အာဏာသိမ်းလိုတဲ့ဗီဇဟာ ထည့်သွင်းအကောင်အထည်ဖော်လိုက်တဲ့ checks and balances အမြင်ကျယ်ကျယ် ချိန်ထိုးထိန်းညှိခြင်းစနစ်အောက်မှာ အကြွင်းမဲ့ တည်ငြိမ်သွားခဲ့တယ်။ ဒါဟာ နေရူးအစိုးရလက်ထက် ဒီမိုကရေစီစနစ်ကို တာရှည်ခံသွားစေတဲ့ အဓိက အောင်မြင်မှုများထဲက တစ်ခုဖြစ်တယ်လို့ သုံးသပ်နိုင်ပါလိမ့်မယ်။ တောင်အာရှဒေသအတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ တို့မှာ စစ်အာဏာသိမ်းမှု သို့မဟုတ် အာဏာသိမ်းကြိုးပမ်းမှုတွေကို သိသာထင်ရှားစွာ တွေ့ကြုံခဲ့ရသော်လည်း အိန္ဒိယတစ်နိုင်ငံတည်း လွတ်ကင်းနေခဲ့တယ်။ ဒီအဖြစ်က အထူးတလည် အသိအမှတ်ပြုခြင်း မခံခဲ့ရတဲ့ အောင်မြင်မှုကြီးတစ်ခု ဖြစ်နေပါတယ်။
ဝီလ်ကင်ဆင်က “စစ်အာဏာသိမ်းမှုတားဆီးကာကွယ်ရေး” အစီအစဉ်ကို ဘယ်လိုအောင်မြင်အောင် ဆောင်ရွက်ခဲ့ကြောင်း လက်နက်ကိုင်တပ်ဖွဲ့များအတွင်းရှိ မတူကွဲပြား လူမျိုးနွယ်များစွာ ပေါင်းစုပါဝင်မှုကနေ ခက်ထန်ကြမ်းတမ်းတဲ့ အမိန့်နဲ့ ကိုင်တွယ်ထိန်းချုပ်ချက်အထိ အစိပ်အပိုင်းတစ်ခုချင်းစီအပေါ် စေ့စပ်နှံ့စပ်စွာ လေ့လာချက်နဲ့အတူ ရှင်းပြထားပါတယ်။ အရပ်ဖက်နဲ့ စစ်ဖက်အာဏာပိုင်ကြားရှိ ရှေးရိုးအစဉ်အလာကို ပြန်လည်မွမ်းမံပုံသွင်းခြင်း၊ ရာထူးတိုးမြှင့်ရေးကို အထူးကရုပြုဆောင်ရွက်စေခြင်း၊ စစ်တပ်အရာရှိများကို အများပြည်သူဆိုင်ရာသတင်းထုတ်ပြန်ချက် ပြုလုပ်ခွင့်မပေးခြင်း၊ တန်ပြန်ချိန်ညှိထိန်းချုပ်ထားနိုင်မယ့် (အမြဲတမ်းတပ်မတော် မဟုတ်တဲ့) ပြည်သူ့စစ်အင်အားစုတစ်ရပ်ကို ဖန်တီးခြင်း၊ အငြိမ်းစား ဦးစီးခေါင်းဆောင်များကို ရပ်ဝေးတိုင်းပြည်များမှာ သံအမတ်ကြီးအဆင့်နဲ့ အမြဲစေလွှတ် တာဝန်ထမ်းဆောင်စေခြင်း စတဲ့ သိမ်မွေ့လှပစွာ ကိုင်တွယ်မှုများကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အဆုံးသတ် ထွက်ရှိလာတဲ့အဖြေကို ကြည့်ပါလေ။ ဗိုလ်ချုပ် V. K. Singh ရဲ့ လှုံ့ဆော်မှုအားဖြင့် (သူဦးဆောင်တဲ့)တပ်ဖွဲ့များက ဒေလီမြို့ကို တိတ်တဆိတ် ထွက်လာပြီးး စစ်အာဏာသိမ်းကြိုးပမ်းချက်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်းစာများက အထိတ်တလန့်နဲ့ ဦးစားပေး ဖော်ပြရေးသားခဲ့ကြတယ်။ ဒါပေမယ့်လည်း ပြည်သူလူထုတွေက ဒီသတင်းအပေါ် အဓိပ္ပာယ်မဲ့လုပ်ရပ်တစ်ခုအဖြစ်ပြောဆိုပြီး အလေးမထားကရုမစိုက်ဘဲ အားကစားစာမျက်နှာကိုသာ လှန်လျောကြည့်ရှုလိုက်ကြပါတော့တယ်။
လူထုအားလုံးက ပြတ်သားညီညွတ်ကြရင် စစ်အာဏာရှင်စနစ် မရှင်သန်နိုင်ကြောင်း သင်ခန်းစာကောင်းတစ်ခု ဖြစ်စေပါတယ်။
××××××××××××××××××
မြင့်မိုရ်မောင်မောင်
(Anvar Alikhan ၏ Why India has never seen a military dictatorship ဆောင်းပါးကို မှီးပါသည်)
Comments