အောက်တိုဘာ ၂ ၊ ၂၀၁၆
M-Media
ကျနော်တို့ ရွှေပြည်ကြီးမှာ သူခိုးမိတယ်ဆိုပါတော့။ အဲဒီသူခိုးကို ရဲလက်အပ်၊ ဒါမှမဟုတ်လည်း ရပ်ကွက်ရုံးကိုအပ်ပေါ့၊ ပြီးတာပဲ။ လုပ်နေကြတာက အဲဒီလိုသက်ဆိုင်ရာကို မအပ်ခင် အဲဒီသူခိုးကို လူတွေက ဝိုင်းထိုးကြသေးတယ်။
ကားတိုက်မှုဖြစ်တယ်။ ကားက လူကို တိုက်တယ် ဆိုပါတော့။အခင်းဖြစ်တဲ့နေရာနားကလူတွေက ဘာမဆိုင် ညာမဆိုင် ကားမောင်းလာတဲ့သူကို ဝိုင်းရိုက်၊ ဝိုင်းထိုးကြတယ်။ ကားမှန်ကိုလည်း ရိုက်ခွဲ၊ ကားကိုလည်း ဝိုင်းချေမွဖျက်ဆီးလိုက်ကြတယ်။
ငယ်ငယ်ကတည်းက ရပ်ရွာထဲက ဗွီဒီယိုရုံမှာ ပွဲတောင်းအခံရဆုံး ဗွီဒီယိုကားက မဟုတ်မခံတဲ့ မင်းသားက သူတစ်ယောက်တည်းနဲ့ လူဆိုးတွေအများ ကြီးကိုချတဲ့ ထိုးသတ်ခန်းတွေပါတဲ့ ဇာတ်ကြမ်း။ ယုတ္တိရှိတာ/မရှိတာ အပထား။ ကြည့်လို့ကောင်းတယ်။ ကလေး/လူကြီး အကုန်ကြိုက်တယ်။ အဲဒီဇာတ်လမ်းတွေက လွှမ်းမိုးထားတယ်။ ထစ်ကနဲရှိ ထိုးမယ်၊ ကြိတ်မယ်။ အနာခံရတဲ့သူဘက်က ကာကွယ်ပေးမယ်။ စိတ်ဓာတ်လေးကတော့ ကောင်းပါတယ်။ ဒါပေမယ့်.. ဒါပေမယ့်ပေါ့လေ…
သူခိုးကို ဝိုင်းထိုးတဲ့သူတွေ၊ ကားတိုက်မှုဖြစ်လို့ ယာဉ်မောင်းလာသူကို ဝိုင်းထိုးနှက်တိုက်ခိုက်သူတွေကို မေးကြည့်တယ်။ ဘာဖြစ်လို့ လက်နက်မဲ့၊ အကာအကွယ်မဲ့လူတစ်ယောက်ကို ဝိုင်းထိုးတာလဲ.. လို့။ အမေးခံရသူက ကျွန်တော့်ကိုပါ မသင်္ကာသလို ကြည့်တယ်။ ဒီကောင်ကြံရာပါလားပေါ့။ မဟုတ်ပါဘူးလို့ ရှင်းပြတော့မှဖြေတယ်။ နောက်မလုပ်ရဲအောင်တဲ့။ ကျွန်တော်ကလည်း ထပ်မေးတယ်။ တတိုင်းပြည်လုံးနဲ့ချီပြီးမေးတယ်။ ဒီတိုင်းပြည်ရဲ့နေရာတော်တော်များများမှာ အဲဒီလို”ဆွမ်းကြီးလောင်း”တတ်တဲ့ စရိုက် ရှိတာကိုး။
အဲဒီတော့ အဲဒီလိုဝိုင်းထိုးတော့ ဒီတိုင်းပြည်မှာ ခိုးမှုတွေ၊ ယာဉ်မတော်တဆဖြစ်မှုတွေလျော့သွားလားလို့ထပ်မေးတယ်။ အခုလို ဝိုင်းထိုးခံရတဲ့သူခိုးကရော ထပ်မခိုးတာ သေချာလားဆိုတော့.. အဲဒီလိုမေးတော့ ဒီမှာ ပေါက်နေတာ (ဒေါသဖြစ်နေတာ)၊ ဘာတွေလာမေးနေတာလဲတဲ့။ အဲဒီလိုပြန်ဖြေတယ်။ ကျွန်တော်ကတော့ (ဦး)စောဘွဲ့မှူး ရေးခဲ့တဲ့ ” ဝ လုံးလေးမှ ဝိုင်းအောင်မရေးနိုင်ခင်” ဆိုတဲ့ သီချင်းလေး သွားသတိရမိတယ်။
တစ်ခေါက်လည်း သူခိုးတစ်ယောက် ရပ်ကွက်ထဲကို ပြေးဝင်လာတယ်။ ထုံးစံအတိုင်း သူခိုးဝိုင်းဖမ်းမယ်၊ ဆွမ်းကြီး ဝိုင်းလောင်းမယ့်လူတွေ ထလာကြတယ်။ ရပ်ကွက်လူကြီးက အော်ပြောတယ်။ “အဲဒီ သူခိုးလက်ထဲမှာ ဓါးပါလာတယ်ကွ”တဲ့။ သူရဲကောင်းကြီးတွေ ပြန်ထိုင်လိုက်ကြတယ်။
ရပ်ကွက်ထဲမှာ ယာဉ်တိုက်မှုဖြစ်တယ်။ ကားက လူကိုတိုက်တာ။ ထုံးစံအတိုင်း ဆွမ်းကြီးလောင်းမယ့်သူတွေ ရောက်လာတယ်။ ကားမောင်းလာတဲ့သူက အေးဆေးပဲ။ အဲဒီကားပေါ်ပါတဲ့လူတစ် ယောက်က အော်ပြောတယ်။ ဒီကလေးကို ဆေးရုံပို့ပေးမယ်။ ကျန်တဲ့ကိစ္စ ဥပဒေ အရ စကားပြောမယ်။ ဒီကားက လူကြီး ကား ဆို ပြီး။ သူက ဒီကားက လူကြီးကား လို့ပဲ ပြောရသေးတယ်။ ဆွမ်းကြီးလောင်းမယ့် လူအုပ်ကြီး ရှဲသွားတယ်။ ကားမောင်းတဲ့သူကလည်း ခပ်တည်တည်နဲ့ ဟန်းဖုန်းထုတ်ပြီး ဖုန်းဆက်ပြတယ်။ အားလုံး ငြိမ်သွားတယ်။
အဲဒီလို အားနည်းသူဆို ဆွမ်းကြီးလောင်းမယ်။ အားကြီးသူကိုဆို ဆရာ ခေါ်မယ်။ အဲဒီလို စိတ်ဓာတ်တွေက လူစဉ်မီတဲ့ စိတ်ဓာတ်မဟုတ်ဘူး။
မဟုတ်မခံတဲ့စိတ်၊ အားနည်းသူကို ကူညီချင်တဲ့ စိတ်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် ဆွမ်းကြီးလောင်းတတ်တဲ့ အကျင့်ရှိသူတွေမှာ အတွေ့များတာကတော့ သူတို့ လူရာဝင်ချင်တယ်။ အသိအမှတ်ပြု ခံချင်တယ်။ သူတို့လုပ်တာကို လူတွေက သဘောကျတဲ့အကြည့်နဲ့ ဝိုင်းကြည့်နေရင် မနောခွေ့တယ်။ အဲဒီတော့ ထစ်ကနဲရှိ အော်မယ်၊ ဟစ်မယ်၊ ပွဲခံမယ်၊ ထိုးမယ်၊ ကြိတ်မယ် ဒါပဲသိတယ်။
ပြဿနာရဲ့ ရင်းမြစ်တွေ၊ ပြဿနာကို ဘယ်လိုရှင်းရမယ်တွေ၊ ဥပဒေတွေ၊ လူ့ အခွင့်အရေးတွေ ဘာမှ မသိဘူး။ စိတ်လည်းမဝင်စားဘူး။ နိုင်ငံရေး ပရိယာယ်လည်း မကြွယ်ဘူး။ သူတို့ ကြည်ညိုလေးစားသူကပြောရင် ယုံတယ်၊ ခိုင်းရင် လုပ်တယ်။ သူတို့ကို လက်ဖက်ရည်ဖိုး၊ မုန့်ဖိုး၊ ဟင်းဖိုး လေးများပါ ထပ်ပေးလိုက်လို့ကတော့ အဲဒီလူကို တစ်သက်လုံး ကျေးဇူးတင်လို့ မဆုံးတော့ဘူး။
ဒါပေမယ့် အဲဒီလို ရပ်ရွာထဲက ဆွမ်း ကြီးလောင်းတတ်သူ တွေမှာ စိတ်ကောင်းလေးတွေတော့ ရှိကြတယ်။
မိမိ ရပ်ရွာ၊ ဘာသာတရားကို စောင့်ရှောက်ချင်ကြတယ်။
မိမိရပ်ရွာထဲက မိန်းကလေးတွေကို သူများရွာက ကာလသားတွေ လာပိုး တာ တောင် သိပ်မကြိုက်ကြဘူး။ အဲဒီစိတ်တွေလည်းရှိသေးတယ်။
အဲဒီလို ဆွမ်းကြီးလောင်းတတ်သူတွေရဲ့ စိတ်ဓာတ်တွေ၊ သူတို့ရဲ့ အားနည်းချက်၊ အားသာချက်တွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို သူတို့ ကိုယ်တိုင်သိ ပြီး ပြင်နိုင်မယ်၊ ထိန်းသိမ်းနိုင်မယ်၊ သင့်တင့်လျောက်ပတ်တဲ့ ဗဟုသုတနဲ့ အတွေးအခေါ်လည်း ရှိမယ်ဆို အကောင်းဆုံးပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ အဲဒီလူတွေဟာ လူစဉ်မီ ဖို့ မလွယ်သလို သူတို့ကို ဈေးပေါပေါနဲ့ရတဲ့ လူမိုက်တွေလို သဘောထားပြီး အသုံးချမယ့်လူတွေကလည်း အဆင်သင့်ရှိနေပါတယ်။ လက်ရှိလည်း အသုံးချနေပါတယ်။
အဲဒီလို ဆွမ်းကြီးလောင်းတတ်သူတွေကို အချိန်မီ ပညာပေးလုပ်ငန်းတွေ မလုပ်နိုင်ရင်တော့ ကျွန်တော်တို့တွေဟာ “ဒေါသထွက်နေတဲ့ လူအုပ်ကြီး” ကို ဆက်တွေ့နေရဦးမယ် ထင်ပါတယ်။ ။
Comments