အောက်တိုဘာ ၁၄၊ ၂၀၁၆
M-Media
– ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးဗိသုကာတစ်ယောက်ဖြစ်တဲ့ မာရီနာ တာဘက်ဆမ်ဟာ မြို့တော်ဒါကာမှာ နိုင်ငံရဲ့ ပထမဆုံး ဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ ဗလီဝတ်ကျောင်းတော် ဘိုက်သွလ် ရုပ်ဖ် (Bait ur Rouf) ကို ဒီဇိုင်းထုတ် ဆောက်လုပ်ပေးခဲ့ပါတယ်။
သူ့ရဲ့အားထုတ်ကြိုးပမ်းမှုကြောင့် ဗိသုကာပညာရှင်တွေကို ချီးမြှင့်တဲ့ နိုင်ငံတကာ ဆုတစ်ခုဖြစ်တဲ့ Aga Khan ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။
သူ့ရဲ့ ဒီသမိုင်းဝင် ကြိုးပမ်းမှုအတွင်းမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ခဲ့ရသလဲ၊ ဘယ်လို ကျော်ဖြတ်ခဲ့သလဲ၊ ဘယ်လိုအားပေးထောက်ခံမှုတွေ ရခဲ့သလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ပြင်သစ်သတင်းဌာနတစ်ခုဖြစ်တဲ့ DW နဲ့ တွေ့ဆုံမေးမြန်းမှုကို M-Media ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။
DW – ဘင်္ဂလားဒေ့ရှ်ရဲ့မြို့တော်မှာ သဘာဝတ်ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဒီဇိုင်းထုတ် ဆောက်လုပ်မှုအတွက် ဗိသုကာပညာရပ်နဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာရှိတဲ့ Aga Khan ဆုကို ရှင့်အနေနဲ့ ရရှိခဲ့တယ်။ အဲဒီဗလီဝတ်ကျောင်းတော်မှာ ဘယ်လို ထူးခြားချက်တွေ ရှိပါသလဲ။
မာရီနာ တာဘက်ဆမ် – ၀တ်ပြုဆုတောင်းဖို့ အရေးပါတဲ့အရာလို့ ကျွန်မယုံကြည်တဲ့ နာမ်ပိုင်းဆိုင်ရာကို အထူး အာရုံစိုက်ခဲ့ပါတယ်။ Bait ur Rouf ဗလီဝတ်ကျောင်းတော်ကို စုစည်းမှု၊ နာပိုင်းဆိုင်ရာ စိတ်ခွန်အားတွေ ၀င်စားစေမယ့် သဘာဝအလင်းရောင်နဲ့ လေကောင်းလေသန့်တွေ ၀တ်ပြုခန်းမထဲ တိုက်ရိုက်ရောက်ရှိအောင် ဒီဇိုင်းဆွဲထားတာပါ။ တစ်ချိန်တည်းမှာပဲ လူလုပ် သက်တောင့်သက်သာဖြစ်စေတဲ့ နည်းလမ်းတွေကိုလည်း လျော့ချထားပါတယ်။
DW – အမျိုသမီးတွေ ဗလီဝတ်ကျောင်းတော်ထဲ သိပ်ပြီး ၀င်ခွင့်မရတဲ့တိုင်းပြည်မှာ ရှင်ဟာ ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဖြစ်အောင် ဆောက်ပေးခဲ့တယ်။ ဘယ်လို စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရပါသလဲ။
မာရီနာ တာဘက်ဆမ် – ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရှ်မှာ ဗလီဝတ်ကျောင်းတော်တွေကို ပရော်ဖက်ရှင်နယ် ဗိသုကာပညာရှင်တွေက ဒီဇိုင်းထုတ်ပေးတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ ဒါ့ကြောင့် လူတွေက တကယ့် ဗိသုကာပညာရှင်တစ်ယောက် ဒီဇိုင်ဆွဲပေးတဲ့ ဗလီဝတ်ကျောင်းတော်ကို မြင်ရဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။ နောက်ပြီး ဒီဗလီဝတ်ကျောင်းတော်တည်ဆောက်ဖို့ ရန်ပုံငွေကိုလည်း ကျွန်မပဲ ရှာပေးခဲ့တာပါ။ ဒါ့ကြောင့် ပြည်သူတွေက အတိုင်းအထက်အလွန်ပေါ့ရှင်။
DW – ဗလီဝတ်ကျောင်းတော်ဆိုတာ ပုံမှန်အားဖြင့် မင်နာရတ် (၀တ်ပြုရန်နှိုးဆော်သည့်မျှော်စင်)၊ အမိုးခုံး၊ တရားဟောစင်မြင့်တွေ ပါလေ့ရှိပါတယ်။ ဒါပေမယ့် ရှင်ဆောက်တဲ့ ဗလီမှာတော့ ဒါမျိုးတွေ မပါဘူး။ ဒီလို ဆန်းသစ်တဲ့ ဒီဇိုင်းအတွက် ၀တ်ပြုသူတွေဘက်က ဘယ်လို တုန့်ပြန်မှုတွေ ရှိခဲ့ပါသလဲ။
မာရီနာ တာဘက်ဆမ် – သမိုင်းကိုပြန်ကြည့်ရင် အမိုးခုံးဆိုတာ ၀တ်ပြုရာနေရာ အကျယ်ကြီးကို ဖုံးအုပ်ဖို့ အသုံးပြုလေ့ရှိတယ်။ အဲဒီအချိန်တုန်းက ဒီနည်းပညာတစ်ခုတည်း ရှိတာကိုး။ အခုအချိန်မှာတော့ အခြား ဆောက်လုပ်ရေးနည်းလမ်းတွေ ရှိလာပါပြီ။ အော်တိုမန်လက်ထက်က အမိုးခုံးတွေက ပေါ်ပျူလာ ဖြစ်ခဲ့ပါတယ်။ ဒီ ဒီဇိုင်းတွေက အစ္စလာမ်ရဲ့ နာမ်ပိုင်းဆိုင်ရာ အနှစ်သာရကနေ ကျွန်မတို့ကို လမ်းကြောင်းလွဲသွားစေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ကျွန်မရဲ့ ဒီဇိုင်းမှာ ဒါတွေကို မထည့်ဘဲ အစ္စလာမ်ရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ ရှုထောင့်တွေကိုပဲ အာရုံစိုက်ခဲ့တာပါ။
ဗလီဝတ်ကျောင်းတော်တွေဟာ လူ့အဖွဲ့အစည်းတွေ အပြန်အလှန် ကူးလူးဆက်ဆံမှုအတွက် အသုံးပြုရာနေရာ ဖြစ်တယ်ဆိုတာကိုလည်း ကျွန်မတို့ မေ့ထားလို့ မရပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ လွတ်လွတ်လပ်လပ် ကူးလူးဆက်သွယ်နိုင်တဲ့ နေရာတစ်ခုဖြစ် ကျွန်မ ဖန်တီးပေးချင်ခဲ့တာ ဖြစ်ပါတယ်။
DW – ဘယ်အရာက Bait ur Rouf ဗလီဝတ်ကျောင်းတော်ကို သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီစေတာလဲ။
မာရီနာ တာဘက်ဆမ် – ကျွန်မတို့ ဒီဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ဖို့အတွက် ဒေသတွင်းက ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေးနည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။ အလင်းနဲ့ လေကို ၀တ်ပြုခန်းမထဲ တိုက်ရိုက်ဝင်ရောက်စေခြင်းအားဖြင့် လျှပ်စစ်သုံးစွဲမှုကို လျှော့ချခဲ့တယ်။ ဗလီဝတ်ကျောင်းတော်ကို ထိန်းသိန်းစားရိတ်ဟာ တစ်လကို ဒေါ်လာ ၅၀ ထက် မပိုပါဘူး။ ဒါ့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ၊ ဒီဗလီဝတ်ကျောင်းတော်ကို အသုံးပြုတဲ့ လူ့အဖွဲ့အစည်းကလည်း ငွေကြေးတွေ အများကြီး ကုန်ကျမှာ မဟုတ်တော့ပါဘူး။
Ref: DW
Comments