– ရန်ကုန်မြို့ဟာ အာရှတိုက်ရဲ့ သက်ဝင်လှုပ်ရှားမှုအရှိဆုံး မြို့ပြကြီးတစ်ခုအဖြစ် ဂုဏ်သတင်းကျော်စောမှု ရှိကောင်းမှရှိပါမယ်။ ဒါပေမယ့် ဒီမြို့ရဲ့ ကြွယ်ဝလှစွာသော ဗိသုကာနဲ့ ယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်းကို ထိန်းသိမ်းစောင့်ရှောက်သွားမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ၊ တီထွင်ဆန်းသစ်ချက်တွေကို ဖိတ်ခေါ်ရာရောက်စေမယ်လို့ ရန်ကုန်မြို့အမွေအနှစ်ထိန်းသိမ်းရေးတွန်းအားပေးတဲ့အဖွဲ့အစည်း Yangon Heritage Trust (YHT) က တင်ပြထားပါတယ်။
မြို့လယ်ကောင်က ဗိသုကာဆိုင်ရာအမွေအနှစ် တပုံတပင် တွေ့လိုက်ရလို့ ရန်ကုန်မြို့အတွက် မျက်နှာစိမ်းတစ်ဦးဖြစ်တဲ့ ကျွန်တော့်မှာ ရင်သပ်ရှုမော ဖြစ်သွားခဲ့ရတယ်။ ၂၀ ရာစုစဦးပိုင်း အဖိုးတန်ဗိသုကာလက်ရာ ပြည့်နှက်စုစည်းနေတာမျိုးကို ကျွန်တော် မတွေ့ဖူးရိုး အမှန်ပါ။ ဒီအမွေအနှစ်လက်ရာများရဲ့ နံရံ၊ မျက်နှာကြက်၊ ကြမ်းခင်းအဆင်တန်ဆာတွေပေါ်ကနေ ဒီမြို့ရဲ့ ရာဇ၀င်ကို ဖတ်ရှုခံစားကြည့်လို့ ရနေပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က YHT ရဲ့ လှည့်ပတ်သွားလာခရီးစဉ်တစ်ခုထဲ ပါဝင်ခဲ့တယ်။ ဒီအဖွဲ့ဟာ လာရောက်လည်ပတ်သူများကို မြို့ရဲ့ သမိုင်းကြောင်း၊ ကိုလိုနီခေတ်ဗိသုကာလက်ရာများကို ရှင်းလင်းပြသသွားပါတယ်။ ပန်းဆိုးတန်းလမ်းက ဂရင်းဒလေ ဘဏ်ဟောင်းကို ဖြတ်သန်းမိတဲ့အခါ ၁၉၃၀ ခုနှစ်များအတွင်းက မူရင်း အနုပညာလက်ရာများနဲ့ ဆင်ယင်မွမ်းမံတည်ဆောက်ထားကြောင်း တွေ့ရတယ်။ ထုထည်ကြီးမားလှတဲ့ အဖြူရောင်တိုင်တွေ၊ လုံးဝန်းလှပတဲ့ လက်လုပ်အမိုးမြင့်တစ်ခုနဲ့အတူ ရွှေရောင်တင် တံခါးများဟာ အဲ့ဒီခေတ်လက်မှုအနုပညာကို လှစ်ဟပြသနေပါတယ်။ လုပ်သက် နှစ် ၂၀ ကျော် ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ အောင်ပြည့်စုံဦးက “ဒီ(လက်ရာ)က တစစ ပဲ့ကြွေနေပါပြီ။ ဒါမျိုးတွေ (ခုခေတ်မှာ) မရှိတော့သလို အသုံးလည်းမပြုကြတော့ပါဘူး။ အချို့နေရာအစိပ်အပိုင်းတွေကို စိုက်ပျိုးရေးဝန်ကြီးဋ္ဌာနရုံးခန်းတွေအဖြစ် အသုံးပြုထားပါတယ်” လို့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ၀မ်းနည်းနှမျောစွာ ပြောပြပါတယ်။ “ကျွန်တော်တို့ အတွေးအမြင်အရ ဒီအဆောက်အဦဟာ လူတိုင်းဝင်ထွက်သွားလာနိုင်တဲ့ အမှတ်တရာနေရာနဲ့ မြို့တော်ပြတိုက် ဖြစ်လာသင့်ပါတယ်” ဆိုပြီး YHT က ဒီအနေအထားကို ပြောင်းလဲစေချင်နေပါတယ်။
မြင်ကွင်းသစ်
YHT ရဲ့ ရန်ကုန်မြို့တော်အမွေအနှစ်ထိန်းသိမ်းရေး အဆိုတင်သွင်းမှုလုပ်ငန်းများအနက် ကနဦးခြေလှမ်းတစ်ရပ်အဖြစ် စာမျက်နှာ ၁၅၂ မျက်နှာရှိ လာမယ့်ဆယ်စုနှစ်များမှာ ရန်ကုန်မြို့ကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ရေး အစီရင်ခံစာသစ်တစ်စောင် ဆောင်ရွက်ထားပါတယ်။ ၂၀၃၀ ခုနှစ်အမီ ရန်ကုန်မြို့ကို နိုင်ငံတကာခရီးသွားများရဲ့ သည်းခြေကြိုက် အနုပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာအတွက်လည်းကောင်း၊ ဗဟုသုတအခြေတည် စီးပွားရေးလုပ်ငန်းတွေ ဖန်တီးနိုင်ဖို့အတွက်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုလုပ်ငန်းများအတွက်လည်းကောင်း ထိပ်သီးဋ္ဌာနီတစ်ခုဖြစ်လာရေး အသေးစိတ်စီမံချက်တစ်ရပ်ကိုလည်း ဆွေးနွေးတင်ပြထားပါတယ်။ ဒါတွေဟာ နိုင်ငံတစ်ဝှမ်း တိုးတက်ပြီးသော စက်မှုဇုံ/ဒေသတွေ၊ လေဆိပ်နဲ့ ရေကြောင်းဆိပ်ကမ်းသစ်တွေ၊ ကူးသန်းကုန်သွယ်မှုကွန်ရက်လမ်းကြောင်းတွေနဲ့အတူ ဖြစ်ထွန်းလာနိုင်မှာ ဖြစ်ပါတယ်။ “ရန်ကုန်မြို့ဟာ အာရှတိုက်ရဲ့ သက်ဝင်လှုပ်ရှားမှု အရှိဆုံးမြို့တော်တစ်ခု ဖြစ်လာနိုင်ပါတယ်” လို့ စာတမ်းပြုစုသူများက ဆိုထားပါတယ်။
ဒီအစီရင်ခံစာဟာ ဖြစ်နိုင်ချေပေါ် မူတည်ရေးသားထားတာ မဟုတ်ပါဘူး။ ရွှေတိဂုံနေရာကနေ ကမ်းနားပိုင်းအထိ အနုပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ အချက်အခြာစင်တာများကို နေရာချမှုတွေ၊ လူထုအပန်းဖြေပန်းခြံ ထိန်းသိမ်းစောင့်ရှောက်မှုတွေ၊ စည်းမျဉ်းနဲ့ ဥပဒေ အပြောင်းအလဲတွေ၊ သန့်ရှင်းရေးတိုးမြှင့်မှုတွေ၊ အများပြည်သူဆိုင်ရာနေရာတိုးချဲ့မှုတွေ စတဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်သော အစီအမံများ ပါဝင်နေပါတယ်။ စိမ်းလန်းစိုပြေတဲ့ ပန်းခြံဥယျာဉ်တွေ ၂၇ ရာခိုင်နှုန်းကျော်ရှိနေတဲ့ ဆိုးလ်မြို့၊ လွယ်ကူမြန်ဆန်သက်သာတဲ့ ဘတ်စ်ကားသယ်ယူပို့ဆောင်မှုကို စနစ်ကျကျစီစဉ်ထားတဲ့ ဘရာဇီးလ်မြို့ပြများလို အကောင်းဆုံး အကောင်ထည်ဖော်နိုင်စရာ နမူနာပုံစံများကိုလည်း ချပြထားပါတယ်။ ပြုလုပ်လို့ရနိုင်တဲ့ မြေအောက်လမ်းစနစ်တစ်ရပ်ကိုပင်လျှင် တင်ပြထားပါသေးတယ်။
အစီရင်ခံစာရေးသားသူများဟာ ကွန်ကရစ်နဲ့သံတွေ ဖုံးလွှမ်းထားတဲ့ သက်မဲ့မြို့တော်သော်လည်းကောင်း၊ အေးစက်ထုံထိုင်းတဲ့ မြို့တော်သော်လည်းကောင်း ဖြစ်မသွားရအောင် ဖွံ့ဖြိုးရေးနဲ့ ထိန်းသိမ်းရေးအကြားက ချီန်ခွင်လျှာကို ထိန်းညှိဖို့ ဆန္ဒရှိနေတာကို တွေ့ရတယ်။ “YHT က တိုးတက်မှု၊ ခေတ်မီမှုနဲ့ အပြောင်းအလဲတွေကို လက်မခံဆန့်ကျင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဗျူဟာထဲမှာ အထပ်မြင့်အဆောက်အဦနယ်ပယ်များလည်း ပါဝင်နေပါတယ်။ ဒါ့ကြောင့် ဒီလို ပိုမိုအဆင့်မြင့်ဖွံ့ဖြိုးရေးအမျိုးအစားက ဘယ်နေရာမှာ ဖြစ်လာနိုင်မလဲဆိုတာကိုပဲ မေးခွန်းထုတ်ဖို့ရှိပါတယ်” လို့ YHT ရဲ့ ပရိုဂရမ်မန်နေဂျာနဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကျွမ်းကျင်သူ Rupert Mann က ဆိုပါတယ်။
အမှားအယွင်းများထဲက အသိအမြင်သင်ခန်းစာ
၂၀၁၁ ခုနှစ်ကတည်းက နိုင်ငံရေးနဲ့ စီးပွားရေး တံခါးဖွင့်လိုက်ခြင်း၊ ၂၀၁၆ ခုနှစ်မှာ GDP ၈.၆ ရာခိုင်နှုန်းတိုးမြင့်လာဖို့ လျာထားခြင်းနဲ့အတူ ရင်းနှီးမြှုပ်နှံသူများဟာ သီးသန့်အဆင့်မြင့်ဟိုတယ်၊ ပစ္စည်းစုံဈေးတိုက်၊ လုပ်ငန်းစင်တာတွေကို တည်ဆောက်ဖို့သာ စိတ်အားသန်နေကြတယ်။ ဒီလိုသာဆိုရင် များမကြာမီ ရန်ကုန်မြို့ရဲ့ကံကြမ္မာဟာ အခြားအာရှမြို့ကြီးများစွာအတိုင်း မမျှော်လင့်ထားတဲ့ ခေတ်မီပေါက်ကွဲမှုကာလကို ရင်ဆိုင်ဖြတ်သန်းနိုင်စရာ အခြေအနေမှာ ရှိနေပါတယ်။ ဘန်ကောက်၊ မနီလာ၊ ဂျကာတာမြို့တော်များရဲ့ အလွန်အကျွံ ယာဉ်ကြောပိတ်ဆို့မှု၊ ဆူညံမှု၊ လေထုညစ်ညမ်းမှု၊ လူ့အသိုင်းအ၀ိုင်း ယိုင်နဲ့လာမှု၊ ပေါင်းစည်းခြင်း အားနည်းလာမှု စတဲ့ အဖြစ်များဆုံး ဥပမာများနဲ့ အစီရင်ခံစာရေးသားသူများက ရည်ညွှန်းတင်ပြထားပါတယ်။ လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့ စင်္ကာပူသည်ပင်လျှင် မိမိရဲ့ အမွေအနှစ်များကို ကရုမစိုက်မိခဲ့တဲ့အပေါ် ယခုအခါမှာ နောင်တကြီးစွာ ရနေပါပြီ။
“ရန်ကုန်က အလွန်အရေးပါတဲ့ အချက်အခြာဒေသမှာ တည်ရှိနေတယ်။ အကူးအပြောင်းကာလအလွန်မှာ ကျွန်မတို့ ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့ အစိုးရကို ရရှိလာခဲ့ပါပြီ။ ဒီအရာနဲ့အတူ အခွင့်အလမ်းသစ်များလည်း ပေါ်ထွက်လာပြီဖြစ်ပါတယ်” ဆိုပြီး YHT ရဲ့ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောကြားပါတယ်။ ဒါပေမယ့် တိုးတက်ဖွံ့ဖြိုးမှုအသစ်အတွက် မျက်တောင်တဆုံး အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ကြသလို ဒေသရဲ့အရေးပါသောလက္ခဏာအင်္ဂါရပ်တွေကို ထိန်းသိမ်းဖို့အတွက် မျက်စေ့တဆုံး ကျစ်လစ်စနစ်ကျတဲ့ အစီအမံနဲ့ ဇုံသတ်မှတ်မှုအစီအစဉ်တစ်ရပ်လည်း အဆောတလျင် လိုအပ်နေပါတယ်လို့ သတိပေးလိုက်ပါတယ်။ ဂျပန်၊ ယူကေ၊ ပြင်သစ်လို နိုင်ငံများက ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမှာ ရင်းနှီးမြှုပ်နှံဖိှု့ဆန္ဒထက်သန်နေမယ်ဆိုတာ သူမက ယုံကြည်ထားပါတယ်။
“အထိန်းအကွပ်မဲ့ တိုးတက်မှု အများအပြား ဖြစ်လာပါတော့မယ်။ မဝေးတော့တဲ့အနာဂတ်မှာ အဲ့ဒီအရာရဲ့ရိုက်ခတ်မှုကိုလည်း ကြိုတင်သိမြင်ထားဖို့ လိုအပ်ပါတယ်။ ရန်ကုန်အနေနဲ့ ဒီပံ့ပိုးကူညီမှုအားလုံးကို စုစုစည်းစည်းဖြစ်အောင် စီစဉ်ချက်တွေ ရှိထားရပါလိမ့်မယ်။ ဒါ့အပြင် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုအတွက် တူညီတဲ့အမြင်တစ်ရပ်ကိုလည်း လမ်းကြောင်းပေးနိုင်ရပါမယ်။ ဒါကြောင့် မြို့ပြရေးရာစီမံခန့်ခွဲမှုမှာ လက်တွေ့ကျကျ ပြန်လည်ပြုပြင်လုပ်ဆောင်ဖို့၊ အားကောင်းတဲ့ ဥပဒေဆိုင်ရာသတ်မှတ်ချက်တွေဖြစ်လာဖို့ မလွဲမသွေ လိုအပ်ပါတယ်”။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းဋ္ဌာန ဒါရိုက် ဦးတိုးအောင်ရဲ့အဆိုအရ ကော်မတီဟာ ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်အနုစိပ်အစီအစဉ်ကို ရေးဆွဲနေတာ ဒီဇင်ဘာလဆိုရင် အပြီးသတ်ပါမယ်။ ဒါပေမယ့် လူထုကို ချပြဖို့ ရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ကာလအတန်ကြာ စောင့်မျှော်နေရပြီး အဆုံးမသတ်နိုင်သေးတဲ့ ဒီအစီအစဉ်ထဲမှာ မြို့ပြမြေနေရာတွေ၊ အထပ်မြင့်အဆောက်အဦတွေ ထည့်သွင်းအသုံးပြုသွားဖို့ ပြဌာန်းလိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။ အပြီးသတ် သတ်မှတ်ချက်ကိုတော့ မဆုံးဖြတ်ရသေးပါဘူး၊ ဒါ့အပြင် YHT ရဲ့ ဗျူဟာနည်းလမ်းတစ်ခုတည်းသာလျှင် ထိန်းသိမ်းရေးနဲ့ မြို့ပြစီမံကိန်းအတွက် ကျယ်ပြန့်စွာ အသုံးချနိုင်ကြောင်း ဦးတိုးအောင်က သုံးသပ်ထားပါတယ်။
ဘက်စုံမြို့ပြစီမံကိန်း
YHT အစီရင်ခံစာက ဘက်စုံမြို့ပြစီမံကိန်းတစ်ခု မဟုတ်ဘူးလို့ YHT ရဲ့ တစ်ဦးတည်းသော နိုင်ငံခြားသားအဖွဲ့ဝင်ဖြစ်တဲ့ Rupert Mann က ၀န်ခံထားပါတယ်။ “ဒီအစီရင်ခံစာဟာ ရေသွင်းရေထုတ်စနစ်၊ လျှပ်စစ်ဓာတ်အား စတဲ့ အကြောင်းအရာတွေ မပါဝင်ပါဘူး။ နိုင်ငံသားတွေအတွက် နိုင်ငံသားတွေကပဲ ဖန်တီးရေးဆွဲထားတဲ့၊ ရေရှည်အမြင်နဲ့ လမ်းကြောင်းပြထားတဲ့၊ လက်တွေ့အကောင်အထည်ဖော်နိုင်သော တိုက်တွန်းမှုဖြစ်တဲ့ တမူထူးခြား အစီအစဉ်တစ်ရပ်သာဖြစ်ပါတယ်။ မြန်မာနိုင်ငံက မြို့ပြစီမံကိန်းဟာ ဘက်စုံအဆင့် မဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် မနှစ်က အစိုးရပြောင်းလဲခြင်းနဲ့အတူ နိုင်ငံရေးရော မြို့ပြစီမံကိန်းပါ ပြောင်းလဲလိုက်ဖို့ လိုအပ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြီးအတွက် ဒီအစီရင်ခံစာသစ်က အထောက်အကူတစ်ရပ် ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်”။ ဒီအစီရင်ခံစာကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ အသုံးပြုပြီး ပုံနှိပ်ထားပါတယ်။
အကျယ်တ၀င့် ကွင်းဆင်းလေ့လာမှုကို YHT က လာမယ့်ရက်သတ္တပတ်များမှာ ဆက်တိုက်ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပါတယ်။ ၀န်ထမ်းအဖွဲ့သားများက သက်ဆိုင်ရာအာဏာပိုင်များနဲ့ တွေ့ဆုံဆွေးနွေးခြင်းအပြင် ပြည်တွင်း NGO တွေ၊ ပညာရှင်တွေ၊ ဘလော့ဂါတွေထံ အစီရင်ခံစာမိတ္တူ ရာပေါင်းများစွာ ပေးပို့သွားပါဦးမယ်။ နောက်တစ်ဆင့်တက်ပြီး မြို့တော်တစ်ခွင်က ပြည်သူ့စာကြည့်တိုက်တွေ၊ ကဖေးဆိုင်တွေမှာ ခင်းကျင်းပြသထားမှာဖြစ်သလို ကျောင်းတွေ၊ တက္ကသိုလ်တွေကိုလည်း ပေးဝေသွားမှာဖြစ်ပါတယ်။ ဒါလိုနည်းလမ်းအားဖြင့် ရေရှည်ဖွံ့ဖြိုးမှုနဲ့ အမွေအနှစ်ထိန်းသိမ်းရေးအရေးပါမှုအတွက် နိုင်ငံရေးသမားနဲ့ လုပ်ငန်းရှင်ကြီးများရော အရပ်ဖက်လူ့အဖွဲ့အစည်းများကိုပါ အသိအမြင်နိုးကြားလာစေလိမ့်မယ်လို့ Mann က ယုံကြည်ထားပါတယ်။
“လူတွေဟာ မိမိမြို့တော်အတွက် ဂုဏ်ယူတတ်လေ၊ မိမိမြို့ပြနဲ့ တစ်သားတည်းကျလာလေလေ၊ ဒီမြို့ထဲမှာ ပိုပြီး ရင်းနှီးမြှုပ်နှံလာလေလေပါပဲ။ မြို့တော်သူမြို့တော်သားသိက္ခာ၊ လူမှုပေါင်းစည်းမှုနဲ့ အုပ်ထိန်းပျိုးထောင်မှု စတဲ့ အကျိုးအမြတ်တွေ ဒီထဲက တစ်လှေကြီး ပေါ်ထွက်လာမှာပါ”။
ရန်ကုန်မြို့အတွက် ဘက်စုံမြို့ပြစီမံကိန်းတစ်ရပ် ချမှတ်သွားဖို့၊ မြို့တော်ရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းထားရေး နှိုးဆော်သတိပေးနိုင်ဖို့ အဆောတလျင် လိုအပ်နေကြောင်း ကျွန်တော်တို့ရဲ့ လှည့်လည်သွားလာမှုလမ်းတစ်လျှောက်မှာ ဧည့်လမ်းညွှန် အောင်ပြည့်စုံဦးက ရှင်းလင်းပြောပြသွားခဲ့ပါတယ်။ ၁၉၃၀ ခုနှစ်များက တည်ဆောက်ခဲ့တဲ့ အိမ်ရာများကို ကုန်သည်လမ်းပေါ်မှာ ထပ်မံပြီး အံ့သြစဖွယ် တွေ့ခဲ့ရပါတယ်။ အဲ့ဒီမှာရပ်နေရင်း အောင်ပြည့်စုံဦးက မျက်နှာချင်းဆိုင်မှာရှိနေတဲ့ ပန်းဆိုးတန်းလမ်းထောင့် ၈ ထပ်တိုက်ကြီးကို ညွှန်ပြပါတယ်။ အဲ့ဒီပတ်ဝန်းကျင်မှာတော့ အသားနားဆုံးအဆောက်အဦးပါ။
အောင်ပြည့်စုံဦးက ဒီလိုပြောပါတယ်။
“ပြဿနာက ဒါပဲဗျ။ ရန်ကုန်ကလူများစွာဟာ ဒီလိုအဆောက်အဦတွေလိုပဲ။ ရှေးဟောင်းအမွေအနှစ်အဆောက်အဦဆိုရင် အိုမင်း ဟောင်းနွမ်း ညစ်ပတ်ပေရေနေရမယ်လို့ ယူဆထားကြတယ်။ ပြန်လည်မွမ်းမံပြီးတဲ့အခါ ဘယ်လောက်ကြည့်ကောင်းလိမ့်မယ်ဆိုတာကို သူတို့ စိတ်မကူးမိကြဘူး။ အင်း …. YHT မှာ အလုပ်မ၀င်ခင်က ကျွန်တော်(ရဲ့ အတွေးအမြင်)လည်း ဒီအတိုင်း ထူးမခြားနားပါပဲဗျာ”။
(Samuel Schlaefli ရေးသားသော The Myanmar Times မှဆောင်းပါး ” Is this the future of Yangon? ” ကိုမြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။)
Comments