6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၁၀၊ ၂၀၁၂

M-Media

Dr-ဆောင်းလွင်အောင်

အရပ်ဒေသ၌ စုစည်းနေထိုင်ကြသော ရုပ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာတူညီသည့် လူ့အုပ်စုတို့ကို Race လူမျိုးဟူ၍ ခေါ်ဝေါ်ကြသည်။ လူမျိုးတစ်မျိုးပေါင်း စပ်ယှက်နွယ်၍သာ ပေါ်ထွန်းလာခဲ့ကြခြင်းဖြစ်သည်။ အမျိုးမရော ၊ သွေးမနှောသောမျိုးကောင်း မျိုးသန့်လူမျိုးဟူ၍ ကမ္ဘာပေါ်၌ မရှိတော့ပေ။ အမျိုးအနွယ်၊ လူမျိုးရေးကွဲပြားမှုသည် လူမျိုးစွဲစိတ်ဖြင့် လူသားစိတ်ပျောက်လျက် အမျိုးဂုဏ်မောက်ရန်မဟုတ်ပဲ၊ အမျိုးသားရေးစိတ်ဖြင့် အမျိုးတာဝန်ကျေပွန်ကာ မိမိအမျိုးသားတို့ အပေါ် ကောင်းကျိုးဆောင်ကြဉ်းနိုင်ရေးသာဖြစ်၏။ တူမှတည့်သည့် သဘောလူမျိုးတို့သည် တူရာတူရာစု၍ မိမိတို့အစုအဝေးအတွက် ဂုဏ်ယူတတ်ကြသည်။

ဘာသာတရား၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်ပုံ၊ စားသောက်နေထိုင်ပုံ၊ စိတ်နေသဘောထားတူညီမှ မိမိတို့အသိုက်အဝန်း၊ မိမိတို့အစုအဝေးမှ ဖြစ်သည်ဟု ခံယူတတ်ကြသည်။ လူမျိုးတို့သည် ရှေးကျလေလေ အဆိုပါခံယူချက် ကြီးလေလေဖြစ်သည်။ ရှေးကျသော လူမျိုးဖြစ်စေ၊ နှောင်းကျသောလူမျိုးဖြစ်စေ၊ လူမျိုးတိုင်းတွင် တူမှတည့်သည့် သဘောအနည်းနှင့် အများရှိကြစမြဲဖြစ်၏။ Sense of Identity သည် လူသားတိုင်း၌ ရှိကြ၏။ ယင်းသဘာဝ စိတ်အခြေခံသည် လူမျိုးရေး စိတ်ဓာတ်တို့ကို ဖြစ်ပေါ်စေပြီး မိမိတို့ နိမ့်ကျချိန်တွင် အစွန်းရောက်အမျိုးသားရေးစိတ်ဓာတ်များဖြင့် တုံ့ပြန်တတ်ကြ၏။

ကွဲပြားသောလူမျိုးတို့သည် သဘာဝတူမှ တည့်လိုသည်ကလည်း သဘာဝ၊ မိမိနှင့်မတူသော မိမိအနား၌ရှိသူကို မိမိရန်သူဟူ၍ ခံယူတတ်ကြသည်ကလည်း သဘာဝ၊ ထိုသဘာဝတို့သည်ကောင်းကျိုးဆောင်နိုင်သကဲ့သို့ တခါတရံတွင် အစွန်းထွက်၍ ဆိုးဘက်ပါနိုင်၏။ ယင်းသဘာဝကို အသိပညာ၊ ဉာဏ်အမြော်အမြင်အားဖြင့်သာ လျော်ကန် သင့်မြတ်အောင်ပြုစွမ်းနိုင်၏။ လူမျိုးခွဲခြားမှု လူမျိုးစုတစ်စု၊ အုပ်စုတစ်စုအား မိမိတို့ကိုယ်ကျိုးအတွက် မိမိတို့လက်အောက်၌ အနှိမ်ခံဘဝဖြင့် ထိန်းချုပ်နိုင်ဖို့  ရည်ရွယ်၍ ထိုလူမျိုးတို့၏ တိုးတက်ပွားများမှုအစုစုကို ပိတ်ပင်တားမြစ်ရန် ရည်ရွယ်ချက်ပါသော အရေးအသား၊ အပြောအဆို၊ ခံယူချက်တို့ကို လူမျိုးရေးဝါဒ (Racism) ဟုလည်းကောင်း၊ ထိုဝါဒကို လက်တွေ့အသက်သွင်းသောစနစ်ကို လက်တွေ့အသုံးချလူမျိုးရေးဝါဒ (Racialism) ဟုလည်းကောင်း ခေါ်ဆို၏။

လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူ့အဖွဲ့အစည်းကိုဖြစ်စေ၊ လူ့အုပ်စုတစ်စုကိုဖြစ်စေ၊ အခြားလူမျိုး၊ အခြားအုပ်စုတို့နှင့် တူညီသောစံတန်ဖိုးများမပေး၊ ညီမျှသောအခွင့်အရေးကို မပေးဘဲ၊ ၄င်းတို့၏ရပိုင်ခွင့်ကို ငြင်းဆန်ခြင်းနှင့် ထိုသို့ အခွင့်အရေးများ ပိတ်ဆို့ဖို့  ပေါ်လစီများ၊ ဥပဒေများချမှတ်လုပ်ဆောင်ခြင်းသည် လက်တွေ့အသုံးချ လူမျိုးရေးဝါဒ (Racialism) ပင်ဖြစ်၏။ လူမျိုးစုတစ်စုအပေါ် အခြားတစ်စုက လွှမ်းမိုးဖို့၊ လူမျိုးစုများအလယ်၌ လူမျိုးတစ်မျိုးကို ပိုမိုအထင်ကြီးစေဖို့ မိမိတို့အရသာရစေဖို့ ပြုလုပ်ဆောင်ချက် အဝဝသည်လည်း လူမျိုးရေးဝါဒ၌ အကျုံးဝင်၏ ။

မိမိတို့သည် ဘာမျိုးဘာနွယ်ဟူ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုသောစိတ်ကြီးဝင်မှုမျိုးကို လူအများ၏စိတ်အခြေ၌ တွန်းထိုးထည့်သွင်းပေးခြင်း၊ လူမျိုးရေး စိတ်အစွဲတို့ကို ဖြစ်ပေါ်စေတတ်၏။ လူမျိုးတစ်မျိုးသည် အမျိုးအားဖြင့် မြတ်ခြင်းဆိုသည်ထက်၊ လက်တွေ့မျက်တွေ့အားဖြင့် တကယ်မြတ်သော စံနမူနာများ၊ ဂုဏ်သိက္ခာရှိသော အကျင့်အမူများ၊ ဂုဏ်ယူဖွယ်ရာစွမ်းဆောင်ချက်များအားဖြင့် မိမိတို့အမျိုးဂုဏ်ကို ဆောင်တတ်ရေး၊ မိမိတို့အမျိုးကို ဂုဏ်ယူတတ်ရေးအသိ အမြင်မျိုးသာဖြစ်ထွန်းစေသင့်သည်။

 အစ္စလာမ်ဘာသာကိုးကွယ်သူမှန်သမျှ “ကုလား”ဟူသော အခေါ်အဝေါ်သည် မြောက်အမေရိကတိုက်တွင် လူဖြူ လူမည်းခွဲခြားရန် လူမည်းများကို Nigger ဟုခေါ်ခြင်းမျိုးပင်ဖြစ်သည်။ ဘူးသီးတောင်မောင်တော ဒေသရှိ မုစ်လင်မ်တို့အား “ဘင်္ဂါလီများ”ဟု ခေါ်ခြင်းသည် ကိုဆိုဗိုဒေသသားတို့ အယ်လ်ဘေးနီးယန်းများဟု ခေါ်သကဲ့သို့သာဖြစ်သည်။ လူမျိုးတစ်မျိုးအပေါ် သိက္ခာချလိုသော သဘောဖြင့် နှိမ်ချလိုသော သဘောဖြင့် မဖွယ်မရာအမည် တပ်ခြင်းသည် Racist Discourse လူမျိုးရေးအစွဲပါသော ပို့ချချက်များသာဖြစ်သည်။

မြန်မာနိုင်ငံတွင်း၌ လူမျိုးရေးအစွဲတို့ကို စေ့ဆော်သည့် “မျိုးပျောက်မှာ စိုးကြောက်စရာ”၊ “သိအောင်လုပ်ကြ၊ မညံ့ကြနှင့်”၊ “ကိုယ့်တော့်ကရုဏာ”၊ “ဗုဒ္ဓမြစ်ဖျားနှင့် သမိုင်းရှု့ထောင့်”၊ အစရှိသော စာအုပ်စာတမ်းများသည် Racist Discourse များပင်ဖြစ်သည်။

စာအုပ်ပါအချက်အလက်တို့သည် အမှန်တရား၊ အရှိတရားနှင့် ဝေးကွာလွန်းလှ၏ “မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်”ဟူသော လ ဝ ကရုံးများရှိ ဆိုင်းဘုတ်များသည် ပြည်တွင်းနေ ဘာသာခြားတို့အပေါ် နာမ်နှိမ်ရန်ဟူသော လွဲမှားသော အမြင်များကို ဖြစ်ပေါ်စေခဲ့သည်။

အမှန်ဆိုပါမူ ကမ္ဘာ့သမိုင်း၌ မြေမြို၍ လူမျိုးပြုတ်ဖူး၏။ ရေမြို၍လည်း လူမျိုးပြုတ်ဖူး၏။ လေမြို၍လည်း လူမျိုးပြုတ်ဖူး၏။ ရောဂါကပ်ဘေးများ မြို၍လည်း လူမျိုးပြုတ်ဖူး၏။ ပျူ၊ သက်၊ ကမ်းယံလူမျိုးများသည် မည်သည့်လူမျိုးက ဝါးမျိုး၍ အမျိုးပြုတ်ခဲ့သည်ဟု ဆိုရန်အခိုင်အမာအထောက်အထားမရှိပေ။ ကွဲပြားသောဘာသာတရားအခံရှိသော၊ ကွဲပြားသောလူမျိုးများငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်စေဖို့၊ အနှောင့်အယှက်ဖြစ်စေသောအကြောင်းတွင် Racist Discourse များသည် အဓိကအခန်းကဏ္ဍ၌ ပါဝင်၏။ လူမျိုးရေးနှင့် အမျိုးသားရေး ကမ္ဘာ့သမိုင်းကို လေ့လာလျှင် လူမျိုးရေးဝါဒီတို့သည် မိမိတို့ဝါဒကို Justify ပြုလုပ်ရန် အမျိုးမျိုးဆင်ခြင် ဆင်လက်များပေးကြသည်။

ကိုလိုနီအစိုးရများက မိမိတို့၏ ကိုလိုနီနယ်မြေတို့ရှိ တိုင်းသူပြည်သားတို့သည် ယဉ်ကျေးမှုခေါင်းပါးသည်၊ ပညာမဲ့သည်၊ ထိုလူမျိုးများကို ယဉ်ကျေးစေဖို့ ထိုနယ်မြေကို ကိုလိုနီပြုရခြင်းဖြစ်ကြောင်း အကြောင်းပြ၏။ ကိုလိုနီစနစ်၊ ကံကြွေးချကျွန်စနစ်တို့သည် လူမျိုးရေးခွဲခြားမှု၊ မိမိတို့လူမျိုးသည် နောက်လူမျိုးတစ်မျိုးထက် မြတ်သည်ဟူသော လူမျိုးစွဲစိတ်ဓာတ်ကြောင့် ပေါ်ထွန်းခဲ့ရသည်။ ကိုလိုနီလက်အောက်ခံတို့သည် မခံချင်စိတ်ဖြင့် မိမိတို့ လူမျိုး၏ဂုဏ်ကို တန်ပြန်ထုတ်ဖော်တတ်ကြ၏။ ထို့ကြောင့် ကိုလိုနီနိုင်ငံများတွင် အမျိုးသားနိုင်ငံ၊ အမျိုးသားရေးဝါဒ { Nationlism } များထွန်းကားလာခဲ့သည်။ Nationalism နှင့် Racialism သည် တူသယောင်နှင့် ကွဲပြား၏။

အမျိုးသားရေးဝါဒမှာ လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုနှင့် တန်ဖိုးစံများမတူကွဲပြားခြားနားမှုကို လစ်လျူရှု ဘုံတူရာကို စုပေါင်းလိုက်ပြီး အမျိုးသားနိုင်ငံအတွက်သာ ဦးတည်ချက်ထားကာ နာအတူခံ၊ သာအတူစံစိတ်ဓာတ်မျိုးဖြစ်သည်။ ထိုသဘောတရားကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဒီးဒုတ်ဂျာနယ်၊ အတွဲ၊ စာမျက်နှာ(၄၁)၊ ၁၉၃၅၊ ဇူလိုင်လ ၂၇၊ စာမျက်နှာ (၅-၆)တွင် ဤသို့ရေးသားဖော်ပြခဲ့၏ “သွေးတူခြင်းထက် စိတ်ကူးတူခြင်း၊ ရှေးဟောင်းနှောင်းခေတ်တွင် ဒိုးတူဘောင်ဘက်ပြုဖူးသည်များကို မှတ်မိခြင်းတို့က အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုဖန်တီးလေသည်” ထို့ပြင် ၁၉၄၆ ခုနှစ်၊ ဇန္နဝါရီလ (၂၆)ရက်နေ့၊ ရွှေတိဂုံ အလယ်ပစ္စယံ၌ ကျင်းပသော ဖ.ဆ.ပ.လ (ဖက်ဆက်တော်လှန်ရေး ပြည်သူ့လွတ်မြောက်ရေး) ညီလာခံ၌လည်း ဤသို့ မိန့်ချွေခဲ့ပြန်သည်သေးသည်။ “လူမျိုးဆိုသည်မှာ သုခ၊  ဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္စေဒ ရှည်လျားစွာတစ်မျိုးတစားတည်းဟု စိတ်ထားရှိသူတို့ကို တစုတစည်းတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား ပြောဆိုသည့်ဘာသာစကားတို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူပူအမျှ၊ ကောင်းတူဆိုးဖက် ပူပေါင်းလျက်နေထိုင်လိုသော အစဉ်အလာဆန္ဒပေါ်တွင် ဝံသာနုရက္ခိတ တရားသည် တည်နေပေသည်။” လူမျိုးရေးစိတ်ဓာတ်ဆိုသည်မှာ မိမိလူမျိုး၏ အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်ပြီး၊ လူမျိုးရေးကွဲပြားမှုကို အဓိက အာရုံပြုကာ အဆိုးဘက်ဆောင်၏ အမျိုးသားရေးစိတ်ဓာတ်ကမူ ကွဲပြားမှုကို မျက်ကွယ်ပြု၍ နိုင်ငံတော်အကျိုးကိုသာ ရှေ့တန်းတင်သောကြောင့် အကောင်းဘက်ဆောင်၏။ လူမျိုးရေး ပဋိပက္ခများ၏ အဓိကအကြောင်းရင်း လူ့အဖွဲ့အစည်းတစ်ခုနှင့်  တစ်ခုအကြားက ပဋိပက္ခများသည် ခွဲခြားဆက်ဆံရခြင်း၊ တရားမျှတမှုမရှိခြင်း၊ ဗိုလ်ကျ စိုးမိုးလိုကြခြင်း တို့ကြောင့် ဖြစ်ရ၏။ (တရားမှု၊ မတရားမှုဆိုသည်မှာ မျှတမှု၊ မမျှတမှုကို အဓိကအားဖြင့် ရည်ညွှန်း၏) ပဋိပက္ခများ၊ အကြမ်းဖက်မှုများကို အမျိုးအစားခွဲကြည့်လျှင် Political and

Non-political, Criminal and Non-criminal, နိုင်ငံရေးနှင့်ပတ်သက်သော အကြမ်းဖက်မှု၊ နိုင်ငံရေးနှင့်မပတ်သက်သော အကြမ်းဖက်မှု၊ ရာဇဝတ်မှုဟု မြင်သောအကြမ်းဖက်မှု၊ ရာဇဝတ်မှုဟု မမြင်သောအကြမ်းဖက်မှုဟူ၍ ရှိ၏။

မာဖီးယားတို့၏ အကြမ်းဖက်မှုသည် နိုင်ငံရေးနှင့် မပတ်သက်ပေ၊ လူသတ်မှု၊ ဓားပြတိုက်မှု၊ မုဒိမ်းမှု၊ မျိုးဖြုတ်မှု၊ သူတစ်ပါးမြေ၊ သူတစ်ပါးနိုင်ငံအား မတရားသိမ်းပိုက်မှုတို့သည် ရာဇဝတ်မှုမြောက်သော အကြမ်းဖက်များဖြစ်သည်။ ငွေကြေးဖောင်းပွအောင်ပြုလုပ်မှု၊ ဆင်းရဲတွင်းနက်နေအောင်ကြံစည်မှု၊ ပညာရေးအဆင့်အတန်းကို ချိုးနျိမ်ထားမှု၊ ကျေးလက်နေ ပြည်သူများ၏ မြေယာများကို အဓမ္မသိမ်းယူ၍ အတင်းအကြပ်ရွှေ့ပြောင်းခိုင်းမှု၊ လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို ဖိအားပေးစွန့်လွှတ်စေမှု၊ လူမျိုးတို့အား ဥပေက္ခာပြု လစ်လျှူရှုထားမှု၊ အကျင့်ပျက်ခြစားခြင်းအား အထိန်းအကွပ်မဲ့မှု စသောအမှုတို့မှာ နိုင်ငံရေးအရ ကျူးလွန်သော ရာဇဝတ်မှုမမြောက်သော အကြမ်းဖက်မှုများဖြစ်သည်။

နိုင်ငံရေးနှင့် မပတ်သက်သော၊ ရာဇဝတ်မှုဆိုင်ရာ အကြမ်းဖက်မှုတို့သည် ရေတို အကျိုးကို မျှော်၍ ပြုလုပ်ကြခြင်းဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှုတို့မှာမူ ရေရှည် စီမံချက်များ ချမှတ်၍ုပြုလုပ်လေ့ရှိ၏။ လူမျိုးတစ်မျိုး၏  ဘာသာရေး ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုနောက်ခံအကြောင်းကို အခြေခံ၍ ထိုလူမျိုးစုတစ်တရပ်လုံး၏ တိုးတက်ကြီးပွားမှုကို ပိတ်ပင်ရန်စီမံချက်ချ၍ အစဉ်တစိုက်ပြုလုပ်သော အကြမ်းဖက်မှုသည် လူသတ်ခြင်းထက်ပင် ဆိုးရွားလှ၏။ လူသတ်ခြင်းသည် လူတစ်ဦး(သို့မဟုတ်) လူတစ်စုကိုသာ  သေဆုံးစေနိုင်သော်လည်း နိုင်ငံရေးအရ စည်းစနစ်တကျ အကြမ်းဖက်မှုမှာမူ လူမျိုးစုလူ့အစုအဝေး တစ်ရပ်လုံးကို အညွန့်ချိုးသည့်လုပ်ရပ်၊ ရှင်လျက်နှင့်သေအောင် မသေမရှင် ညှင်းပန်းသည့်လုပ်ရပ်ဖြစ်သည်။

လူတစ်ဦးကို သတ်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ သိက္ခာကို ထိပါးစော်ကားမှုဖြစ်သဖြင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို သတ်ဖြတ်ရာပင်မည်၏။ လူမျိုးတစ်မျိုးက နောက်လူမျိုးတစ်မျိုးကို တညီတညွတ်တည်းမုန်းတီးမှုနှင့် အကြမ်းဖက်လိုမှုသည် နိုင်ငံရေးပေါ်လစီ၏ အကျိုးဆက်ကြောင့်သာဖြစ်နိုင်၏။ မုန်းတရားကြောင့် လူသတ်မှုအထိဖြစ်ရခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့အကြမ်းမဖက် လှုပ်ရှားမှု၏ ဖခင် မဟတ္တမန္ဒီကြီးက ရေးသည်မှာ-
“to understand non-violence and its two distinct aspect-physical and passive, passive violence in the form of discrimination, oppression, exploitation, hate, anger, and all the subtle way on which it manifests, itself, gives rise to physical violence in society, to rid society of this physical violence, we msut act now to eliminate passive violence.,”

“အကြမ်းမဖက်မှုသဘောကို စောကြောနိုင်ရန် အကြမ်းဖက်မှု၏ ထင်ရှားသောရှု့ထောင့်နှစ်သွယ်ကို နားလည်ရန်လိုအပ်၏။ အကြမ်းဖက်မှုတွင် ရုပ်ပိုင်းအကြမ်းဖက်မှုနှင့် မထင်မရှားငြိမ်းသက်စွာ အကြမ်းဖက်မှုဟူ၍ ရှိ၏။ မထင်မရှားငြိမ်သက်စွာအကြမ်းဖက်မှုမှာ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ ဒေါသအမုန်းအာဃာတများ ထားရှိခြင်းတို့ဖြစ်ပြီး ယင်းသည် မီးခဲပြာဖုံးနေခြင်းမျိုးဖြစ်ရကား ယင်းကပင် လူ့အဖွဲ့အစည်းအတွင်း၌ ရုပ်ပိုင်းအကြမ်းဖက်မှုတို့ကို ဖြစ်ပေါ်စေ၏။ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု {Physical Violance} များကို ပယ်ရှင်းရန်အတွက် ကျန်ုပ်တို့အနေဖြင့် Passive Violence များကို ဖယ်ရှားပစ်ရန် ယခုပင်အလုပ်လုပ်ရပေတော့မည်။”

သဘောထားကြီးဖို့လိုသည် {Passive Violence} များကို ဖယ်ရှားဖို့ အကြမ်းဖက်အုပ်စုများအတွင်း၌ သဘောထားကြီးနိုင်ဖို့ သွန်သင်ချက်များလိုအပ်သည်။

  • ကွဲပြာသောလူမျိုးများ အကြား ဘာသာရေးခေါင်းဆောင်များ၊ လူမျိုးရေးခေါင်းဆောင်များအချင်းချင်း ပထမဦးစွာနားလည်မှုတည်ဆောက်ရမည်။
  •  မိမိတို့အုပ်စုများအား သဘောထားကြီးနိုင်ဖို့ ရေးသားဟောပြော သင်ကြားပို့ချပေးရမည်။
  • တစ်ဖက်နှင့် တစ်ဖက်မကြိုက်သော အခေါ်အဝေါ်များဖြင့် တစ်ဦးကို တစ်ဦးခေါ်ခြင်းကို စွန့်လွှတ်ရပေမည်။
  • ရပ်ရွာအကျိုးများအတွက် နှစ်ဦးနှစ်ဖက်ပူပေါင်းဆောင်ရွက်ရမည်။
  • လူမျိုးရေးနှင်မဆိုင်သော ကြားနေအဖွဲ့အစည်းများ၊ ဥပမာ- ကြက်ခြေနီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အစရှိသော လူမှုရေးအသင်းအဖွဲ့များတွင် နှစ်ဦးနှစ်ဖက်လုံးပါဝင်ရမည်။
  • အထူးသဖြင့် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် အလေ့အထဖြစ်ပေါ်ရေးကို စီမံဆောင်ရွက်ပေးရမည်ဖြစ်သည်။
  • လူမျိုးများကွဲပြားမှု၊ ဘာသာတရားများကွဲပြားမှုသည် သဘာဝဖြစ်ကြောင်း၊
  •  ရှုထောင့်ကွာလျှင် အမှန်တရားအပေါ်မြင်သော အမြင်လည်း မတူနိုင်ကြောင်း၊
  • တရားမျှတမှုကို လက်ကိုင်ထား၍ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်လေးစားတတ်ဖို့ တစ်ဦး၏အခွင့်အရေးကို တစ်ဦးက နားလည်လက္ခံပေးဖို့၊
  • လူသားဝါဒကို လက်ကိုင်ထား၍ အပြန်အလှန်ကောင်းကျိုးပြုတတ်ဖို့၊
  • အယူသီးအစွန်းရောက်အမြင်များနှင့် ဝိဝါဒကွဲနိုင်သော အကြောင်းကိစ္စများကို ရှောင်ကြဉ်နိုင်ဖို့၊
  • ဘုံတူညီချက်များကို ဂရုပြုတတ်ဖို့၊
  • ကိုယ့်တစ်ဘက်၌သာ အမှန်တရားရှိသည်ဟူသော တယူသန်အယူစွဲများကို စွန့်လွှတ်ဖို့
  • စာအုပ်စာပေများ တရားပွဲများ၊ သင်တန်းများ၊ အသိပေးဆွေးနွေးပွဲများဖြင့် ပညာပေးရန် လိုအပ်သည်။

နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေသည် တိုးတက်ပြောင်းလဲလာနေပြီးဖြစ်၊ ခေတ်မှီတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်သို့ ချီတက်နေပြီဖြစ်သဖြင့် နိုင်ငံတကာနှင့် ပွင့်ပွင့်လင်းလင်း မြင်သာစွာထိတွေ့ ဆက်ဆံရတော့မည့်အချိန်တွင် နိုင်ငံရေး သိက္ခာကို ထိပါးစေမည့်ကိစ္စတို့ကို ရှောင်ကြဉ်ရတော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တိုးတက်အတွက် အနှောင့်အယှက် ဖြစ်စေမည်ကိစ္စရပ်တို့ကို ပြည်သူအများကလည်း ရှောင်ကြဉ်မှုဖြင့် ကူညီပေးဖို့လိုကြောင်း၊ အသိပေးဆွေးနွေးရန်လိုသည်။ လူမျိုးတမျိုး၏ အနှစ်သာရကို မှန်ကန်စွာဖွင့်ဆိုနိုင်ဖို့လိုသည်။

လူမျိုးတစ်မျိုးသည် နောက်လူမျိုးတစ်မျိုးနှင့် ထိတွေ့ဆက်ဆံရာတွင် ထိုလူမျိုး၏ဓလေ့စရိုက်၊ အမူအကျင့်များအားဖြင့် လူမျိုးတစ်မျိုး၏အနှစ်သာရ {Racial Essence} ကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြမည်ဖြစ်ပေသည်။ အကောင်းမြင်စိတ်ဖြင့် ဖွင့်ဆိုချက်တို့သည် အကောင်းဘက်သို့ ဦးတည်ပြီး အကျိုးကို ရယူနိုင်မည်ဖြစ်ပြီး အဆိုးမြင်စိတ်ဖြင့် ဖွင့်ဆိုချက်တို့သည် အဆိုးဘက်သို့သာ ဦးတည်စေပြီး ပဋိပက္ခအသွင်ဆောင်စေမည်ဖြစ်သည်။ ၁၉၄၀-ခုနှစ် ခန့်အခါတွင် နာဇီဂျာမန်တို့က ဂျူးလူမျိုးတို့သည် ဉာဏ်များသည်၊ မိမိတို့တိုင်းပြည်မှ ရသမျှယူနေသည်၊ အမျိုးသိစိတ်ကြီးပြီး ဘာသာရေးအစွန်းရောက်သည်ဟူ၍ မြင်ခဲ့ကြသဖြင့် ဘာသာရေး၊ စီးပွားရေးအကြောင်းပြချက်များဖြင့် လူမဆန်သော လူမျိုးရေး မျိုးသုဉ်းသတ်ဖြတ်မှုများကို ယုတ်မာကြမ်းတမ်းစွာဖြင့် ပြုလုပ်ခဲ့ကြသည်။ အမေရီကန်တို့အမြင်ကမူ ထိုသို့မဟုတ်၊ လူမျိုးရေးအနှစ်သာရသည် ကာလံ၊ ဒေသံအပေါ်မူတည်သည်ဟု မြင်၏။ ပတ်ဝန်းကျင်အသစ်ပြောင်းလဲလျှင် လူမျိုးတို့၏ ဓလေ့စရိုက်သဘာဝတို့ပြောင်းလဲနိုင်သည်ဟု မြင်၏။ ဟစ်တလာကို ကလုန်းနည်းပညာဖြင့် ပွားယူရုံဖြင့် ဟစ်တလာနှစ်ဦးဖြစ်လာရုံဖြင့် ဟစ်တလာ အသစ်သည် ဟစ်တလာအဟောင်းကဲ့သို့ ဆိုးသွမ်းမည်မဟုတ်ပေ။

ဗီဇထက် Environmental Effect ပတ်ဝန်းကျင်၏ သြဇာအကျိုးသက်ရောက်မှုကို ပိုမိုလက္ခံ၏။ ဂျူးတို့သည် အသိဉာဏ်ကြီးမားသည်။ ဇွဲနပဲရှိသည်။ စိတ်ဓာတ်ကြံ့ခိုင်သည်။ စွန့်ဦးတီထွင်စိတ်ရှိ၏။ သေချာစေ့စပ်သည်ဟူ၍ အမေရီကန်တို့က မြင်၏။

အကောင်းမြင်စိတ်ဖြင့်ရှုကာ ၄င်းတို့ထံမှ မိမိတို့မည်သို့ အကျိုခံစားနိုင်သည်တို့ကို လေ့လာသည်။ ထို့ကြောင့် ယနေ့အခါတွင် အမေရိကန်တို့၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရှေ့အလယ်ပိုင်း၌ အမေရိကန်တို့ကသြဇာ လွှမ်းမိုးနိုင်ရေးကို ဂျူးတို့က ဆောင်ကြဉ်းပေးခဲ့သည်။

တနပ်စားဉာဏ်ဖြင့် ဂျူးတို့ပိုင်ဆိုင်မှုများကို ရမ္မက်ပွားခဲ့သောကြောင့် အိုင်းစတိုင်းကဲ့သို့သော ပညာရှင်များကို ဂျာမန်တို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ကမ္ဘာသမိုင်းစာမျက်နှာများပေါ်က သမိုင်းသင်ခန်းစာ ယူစရာများသာဖြစ်ပါသည်။ အစိုးရ၏တာဝန်ပိုင်း နိုင့်တော်အစိုးရအနေဖြင့် လူမျိုးရေးအနှစ်သာရများကို မှန်ကန်စွာအဓိပ္ပာယ်ဖွင့်ဆိုနိုင်ဖို့လိုပါသည်။ လူမျိုးတို့၏ ယုံကြည်လက္ခံရာဘာသာတရားဟူသည် လူမျိုးတို့၏ တိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟုလည်း မမြင်အပ်ပေ။

ဘာသာတရားဟူသည် လူ့ဘဝ၌ လူအများငြိမ်းချမ်းစွာနေထိုင်သွားနိုင်ဖို့ တည်ဆောက်မှုလမ်းညွှန်ချက်များသာ ဖြစ်သည်။ ဘာသာရေးအပေါ် မှန်ကန်တည့်မတ်စွာ နားလည်မှုမရှိလျှင်သာ တိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေမည် ဖြစ်သည်။ ဘာသာရေး အဆောက်အဦးများ၊ ဘာသာရေးစာပေများကို ပိတ်ပင်ရုံဖြင့် ဘာသာရေး ယုံကြည်ချက်ကို လျော်ကန်သင့်မြတ်အောင် ပြုနိုင်မည်မဟုတ်ပဲ ဘာသာရေးကို လွဲမှားစွာသဘောပေါက်မှုများကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ ကမ္ဘာ့မုစ်လင်မ်နိုင်ငံများ၌ နိုင်ငံတစ်နိုင်ငံ အတွင်း ဘာသာရေး လွတ်လပ်ခွင်ရှိ၊ မရှိကိစ္စတွင် (၁)ဗလီများဆောက်လုပ်ခွင့်၊ (၂)ဗလီများ၌ အာဇန်ကို ကျယ်လောင်စွာပေးခွင့်၊ (၃)တိုင်းပြည်အုပ်ချုပ်မှုအခန်းကဏ္ဍတွင် မုစ်လင်မ်တို့၏ ပါဝင်ခွင့်တို့ကို ကြည့်ကြသည်ကိုလည်း သတိပြုရန်လိုအပ်သည်။ အထူးသဖြင့်စွန္နီ(ဟနဖီ)တို့၌ ယင်းအချက်အလက်များကို စံထား၏။ ထို့ကြောင့်လည်း ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံများတွင် မုစ်လင်မ်ဘာသာရေးဝန်ကြီးများထား၏။ ဘာသာရေးအဆောက်အဦး များပြားလျှင် အရက်ဆိုင်၊ လောင်ကစားဝိုင်းများ နည်းပါမည်ဖြစ်ပြီး၊ မကောင်းမှုများနည်းပါးကာ ငြိမ်းချမ်းရေးပိုမိုဖြစ်စေမည်ဟု မြင်အပ်သည်။ ဘာသာရေးအမြင်ကို လျှော်ကန်တည့်မတ်စေဖို့သာ ဘာသာရေးအဖွဲ့အစည်းကြီးများ၏ အကူအညီဖြင့် ဆောင်ရွက်သင့်သည်။

ရခိုင်ဒေသမှ မုစ်လင်မ်များအား ရန်ကုန် မန္တလေးအစရှိသောမြို့ကြီးများသို့ သွာလာခွင့်မပေးပဲ ပိတ်ပင်ထားပြီး တဘက်ပိတ်ဘောင်အတွင်း အကျဉ်းချထားခြင်းမျိုးကို ပယ်ဖျက်ပေးဖို့ အချိန်တန်ပြီဖြစ်သည်။ မျက်စိဖွင့်ပေးဖို့ လိုအပ်ပြီဖြစ်သည်။ မုစ်လင်မ်ဝန်ထမ်းအား ထိုဒေသ၌ တာဝန်ထမ်းဆောင်မှုကို ပိတ်ပင်ထားခြင်းမျိုးလည်း မပြုသင့်တော့ပါ။ ထို့ပြင် နိုင်ငံ့ဝန်ထမ်းများအား ဘာသာရေးနှင့် နိုင်ငံတော်အရေးကို ခွဲခြားသိမြင်တတ်ဖို့ လမ်းညွှန်ပေးရန်လိုအပ်ပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ၊ သာသနာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့တာဝန်ဝတ္တရားများနှင့် အဆင့်အတန်းအမှန်ကို သဘောပေါက်ပြီး၊ မိမိတာဝန်ဝတ္တရားကိုသာ ဦးတည်ချက်ထား၍ တာဝန်ထမ်းဆောင်ဖို့၊ လူမျိုးရေး၊ ဘာသာရေးကိစ္စများကို၊ ရှေ့တန်းတင်ခြင်းမျိုးမရှိဖို့၊ လမ်းညွှန်ချက်များ၊ အသိပေး ဆွေးနွေးမှုများပြုလုပ်ရန်နှင့် လူမျိုးရေးပဋိပက္ခများ၊ အဓိကရုန်းများတွင် ကိုင်တွယ်ဖြေရှင်းပုံနည်းလမ်းများကို အခါအားလျော်စွာသင်တန်းပေးရန်လိုအပ်သည်။

၁၉၇၃-ခုနှစ်၊ သန်းခေါင်စာရင်းပါ လူမျိုး(၁၄၃)မျိုးနှင့် ၁၉၈၄-ခုနှစ်၊ သန်းခေါင်စာရင်းပါ လူမျိုးတစ်မျိုး၊ စုစုပေါင်း(၁၄၄)မျိုးကို အသိအမှတ်ပြုပေးရန်လည်း လိုအပ်ပါသည်။ ရခိုင်ဒေသရှိ မုစ်လင်မ်များအား ဘာသာရေးအဖွဲ့အစည်းကြီး၏ အကူအညီဖြင့် မှန်ကန်သောဘာသာရေးအသိ အမြင်များ သွန်သင်ပေးနိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှု၏ စံတန်ဖိုးများကို နားလည်လာစေရန် သင်တန်းများပြုလုပ်ပေးသင့်သည်။ အမျိုးသမီးများသည် လူငယ်များအား အဓိကထိတွေ့ သွန်သင်သူများဖြစ်သဖြင့် အမျိုးသမီးများကို အပြည့်အဝပညာသင်ကြားပေးနိုင်ရေးကို ထိန်းကျောင်းပေးရန် လိုအပ်သည်။

ရခိုင်ဒေသတွင် လူတိုင်းပညာသင်ကြားနိုင်ရေးကို အထောက်အပံ့များ အထူးပေးအပ်သွားရန်လိုအပ်ပါသည်။ နိဂုံးချုပ်အားဖြင့် အိန္ဒိယနိုင်ငံ၏ သမ္မတအဖြစ် အဆိုပြုခံသော ပညာရေးပါရဂူကြီး “ဇာကိရ်ဟူစိန်”၏ မိန့်ကြားချက်သည် အလွန်လျော်ကန်သင့်မြတ်လှပါသည်။ သူက ပြောသည်မှာ-
 Cultures do not clash, savagery does clash…. Civilization of two nations would clash as long as they suppress their savagery, and mix and mingle, and exchange cultural values.
ယဉ်ကျေးမှုတို့ထိပ်တိုက် တွေ့ကြသည်မဟုတ်၊ အရိုင်းစိတ်တို့သာ ထိပ်တိုက်တွေ့ကြ၏။ လူမျိုးနှစ်မျိုး၏ လူ့အဖွဲ့အစည်းတို့သည် မိမိတို့၏ ရိုင်းစိုင်း ရမ်းကားလိုစိတ်ကို အောင်နိုင်မှုယူထားနိုင်သမျှ တစ်ဦးနှင့်တစ်ဦးထွေးရောယှက်တင် နေထိုင်နေသမျှ ယဉ်ကျေးမှုတန်ဖိုးချင်း အပြန်အလှန် ဖလှယ်နေသမျှကာလပတ်လုံး ပဋိပက္ခဟူ၍ မရှိနိုင်ပါ…။”

Dr. ဆောင်းလွင်အောင်

Leave a Reply