အောက်တိုဘာ၊ ၁၆၊ ၂၀၁၂
M-Media
ဆောင်းပါးရှင်-T.Z.A
မပြောမဖြစ်လွန်းလို့ပြောရတာပါခင်ဗျား…လွန်တာကျွံတာရှိက ဆုံးမပါ”အစရှိတဲ့ ဟိုလွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်လောက် နာမည်ကြီးအဆိုတော် လွှမ်းမိုးသီဆိုခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ကို သွားသတိရမိတယ်။ အဲဒီသီချင်းလေးထဲကလိုပဲ စာရေးသူလည်း နည်းနည်းမျှဝေချင်တာလေးတွေရှိလာတယ်။ ဒါပေမယ့် စာရေးသူတို့ရဲ့ ထုံးစံအတိုင်း ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ ၀ါဒစွဲ ကင်းကင်းနဲ့ ကိုယ်မျှဝေချင်တာလေးတွေကို မျှဝေလိုက်ပါတယ်။ အကယ်၍များ တိုက်ဆိုင်မှုများရှိခဲ့လျှင်လည်း တိုက်ဆိုင်မှုသက်သက်အဖြစ်သာ နားလည်ပေးကြဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်။
စာရေးသူတို့ ငယ်ငယ်တုန်းက သင်ကြားခဲ့ရတဲ့ လောကပါလ တရားနှစ်ပါး။လောကကို စောင့်ရှောက်တဲ့ တရားနှစ်ပါးပေါ့နော်။ (ဒါက စာပေသဘောအရဘာသာပြန်တာပါ။ ယုံကြည်ချက်မဟုတ်ပါဘူး၊) အဲဒီတရားနှစ်ပါးဆိုတာ “ဟီရိ၊ သြတ္တပ္ပ”တဲ့။ အဲဒါ မြန်မာလို ပြန်ရင်တော့ အရှက်တရား၊ အကြောက်တရား ပေါ့။ ဒီတရားနှစ်ပါးမရှိရင် လောကပျက်စီးရာ ပျက်စီးကြောင်းပေါ့။ ဒါပေမယ့် အခုအချိန်မှာ ဒီလို ကောင်းမြတ်တဲ့ကိုယ်ကျင့်တရားတွေကို ထိန်းသိမ်းထားကြတဲ့လူတွေဟာ စိန်ခေါ်ခံနေရတယ်။
“ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း”ဆိုတဲ့ စာရေးသူတို့ငယ်ငယ်တုန်းက သင်ကြားခဲ့ရတဲ့ ပျို့ကဗျာလေးကို မှတ်မိကြမှာပါ။ အခု စာရေးသူတို့တိုင်းပြည်မှာ ဘယ်သူတွေက ကောင်းမှုမြတ်နိုးပြီး ဘယ်သူတွေကို ကောင်းအောင်ကြိုးပမ်းပြီး ကိုယ်ကျင့်တရားတွေကိုထိန်းသိမ်းနေကြပါသလဲ။
ဖွင့်ကြည့်လိုက်ပါ။ Facebook အစရှိတဲ့ social website တွေ၊ forum တွေကို။ အပြောအဆိုတွေ၊ အသုံးအနှုန်းတွေ ရင့်သီး ရိုင်းပြတာတွေ အများကြီးပါ။ အားလုံးကိုမဆိုလိုပါ။ ဒါပေမယ့် တော်တော်များပါတယ်။ “မိမိကိုယ်ကို လုံခြုံစိတ်ချပြီလို့ ထင်တဲ့အချိန်မှာ မိမိလုပ်လိုက်တဲ့အလုပ်ဟာ မိမိစရိုက်အမှန်ကိုဖော်ပြတယ်”ဆိုတာကို မမေ့သင့်ပါ။ အင်တာနက်ပေါ်မှာ အတိုင်းအတာတစ်ခုအထိတော့ လုံခြုံတယ်ပေါ့။ ကိုယ်က သူများကိုဆဲလည်းရတယ်။ သေးတဲ့ပြဿနာကို ကြီးအောင်၊ ကြီးတဲ့ပြဿနာကို အကျိုးနည်းအောင် ဖွ လည်း ရတယ်။ ချင့်ယုံတဲ့လူတွေရှိသလို ယုံတဲ့လူတွေလည်းရှိတယ်။ အယောက် တစ်ရာကြည့်လို့ ငါးယောက်၊ ဆယ်ယောက်လောက်ပဲ ယုံရင်တောင် ကိုယ့်အကြံအစည်က အတိုင်းအတာတစ်ခုအထိ အထမြောက်ပြီကိုး။
ငါးပါးသီလထဲမှာ မုသာဝါဒကံ ပါ ပါတယ်နော်။ ကျွန်တော်တို့မြန်မာပြည်က အချို့သော မီဒီယာများ (print / web) “ပညာရှိသတိဖြစ်ခဲ”ဆိုသလို များဖြစ်နေသလား။ တမင်တကာပဲ မသိချင်ယောင်ဆောင်နေသလား။ ပြောလိုက်ရင်တော့ “ကျွန်တော်မျိုး အသက်ထက်ဆုံး ရှောင်ကြဉ်ပါ၏” တဲ့။စာရေးသူရဲ့ မိတ်ဆွေတစ်ယောက်ပြောသလိုပေါ့။ “ဟ…ပြောတာကိုက ရှင်းနေတာပဲ၊ မုသာဝါဒကံကို ကျွန်တော်ရှောင်တယ် လို့ပြောတာ၊ avoid ပေါ့နော်။ ကျွန်တော် မုသားမပြောဘူး၊ မလိမ်ဘူးလို့ပြောတာမဟုတ်ဘူး၊ အဲဒီမလိမ်ဘူး၊ မပြောဘူးဆိုတဲ့ ကံကို ကျွန်တော်ရှောင်တယ်လို့ပြောတာ”တဲ့။
သြော်—မှတ်သားစရာပါပဲ။ သူတို့ပြောတဲ့ အသက်ထက်ဆုံးရှောင်ကြဉ်တယ်ဆိုတာ အဲဒါမျိုးလားမသိဘူး။
ကျွန်တော်တို့တိုင်းပြည်မှာ ပညာရှင်တွေတော်တော်ပေါတယ်။
“ကျားက လူကို သတ်တော့ ကျားကို ကျားဆိုး လို့ခေါ်တယ်၊ လူက ကျားကိုသတ်တော့ အမဲလိုက်တာပါ”တဲ့။ မဆိုးဘူး။
“အင်္ဂလိပ်က မြန်မာပြည်ကိုနယ်ချဲ့တော့ အင်္ဂလိပ်ကို နယ်ချဲ့မိစ္ဆာကောင် လို့ခေါ်တယ်၊ မြန်မာဘုရင်တွေ ယိုးဒယားသွားတိုက်တော့ နိုင်ငံတော် နယ်ပယ်ချဲ့ထွင်တာပါ” တဲ့။ သြော်—-“နယ်ချဲ့” ဆိုတဲ့စကားကို “နယ်ပယ်ချဲ့ထွင်တယ်”လို့လည်း ခေါ်ပေသကိုး။ အဲဒီလိုပေါ့နော်။ လိုရာဖြတ်တောက်ပြီး ပြီးမြောက်အောင် လုပ်လိုက်ကြပေသကိုး။ ရွှေချထားရမယ့် ဦးနှောက်တွေ။
အခုအချိန်မှာ အမှန်အတိုင်းပြောတဲ့လူတွေဆိုလို့ရှိရင်တော့….မှန်တစ်ချပ်ကိုအရှေ့တည့်တည့်မှာထား ပြီးရင်ခြေထောက်နဲ့ကန်၊ ဘာဖြစ်သတုံး၊ အဲဒီမှန်ကွဲသွားမှာပေါ့။ ဟုတ်လား။ အဲဒီလိုပါပဲ။ “မှန်ကန်ရင် ကွဲတတ်ပါတယ်။” သတိထားပြီးမှန်ကန်ကြပါလို့ပြောရမယ့်ပုံ။ ဒီအချက်က ကျွန်တော်အဓိက ပြောချင်တဲ့အချက်ပါပဲ။
မှားတာကိုမှားမှန်းသိရင်ပြင်လို့ရမှာပါ။ ဒါပေမယ့် မှားတာကို မှားမှန်းမသိရင်တော့၊ ပိုဆိုးတာက အဲဒီအမှားကို
အမှန်လို့ထင်သွားရင်တော့.
“လူသတ်တယ်? ကောင်းလား။” လို့မေးရင်
“မကောင်းဘူး။” လို့ဖြေမယ်။
“အဲဒါဆို သေဒဏ်ကျခံထားရတဲ့ ရာဇ၀တ်သားတွေကို ဘာလုပ်ရမလဲ၊ သေဒဏ်မှလျှော့ပေါ့ခံစားစေပေါ့? အဲဒီလိုလုပ်လို့ရမလား”လို့ ထပ်မေးရင်….
“ဟာ..ဒါတော့ဘယ်ဖြစ်မလဲ၊ တိုင်းပြည်မှာတရားဥပဒေစိုးမိုးဖို့လိုတယ်”လို့ဖြေမှာပေါ့။
“ကဲ…ဒါဆိုရင် မင်းတို့တိုင်းပြည်မှာ လူသတ်တဲ့ လူသတ်သမားတိုင်းအဖမ်းခံရလား၊ ကြိုးစင်တက်ရလား”လို့ထပ်မေးရင်…
“ဟုတ်ကဲ့၊ ကျွန်တော် တုပ်ကွေးမိပြီးနှာစေးနေပါတယ်”လို့ ဖြေရင်ကောင်းမယ်။ ကိုယ်လည်း နီးရာဓါးကြောက်ရတာကိုး။
အမှန်ကိုပြောလိုက်ရင်….ဟာ.ဒုက္ခပဲ၊ ငါပါ ရောပြီး ပြဿနာအရှာခံရတော့မယ်ပေါ့။ ဟုတ်လား။ ဒီလိုနဲ့ပဲ အမှန်ကိုပြောချင်တဲ့စိတ်တွေက ခြိမ်းခြောက်ခံရတာနဲ့၊ ဇဝေဇ၀ါဖြစ်အောင် နည်းမျိုးစုံနဲ့ brain wash လုပ်ခံရနဲ့… အဲဒီလိုနဲ့ ကောင်းတာပြောချင်တဲ့စိတ်၊ မကောင်းတာကို တားဖြစ်ချင်တဲ့ စိတ်ကလေးတွေဟာ လုပ်ကြံခံနေရပါတယ်။
ဟိုတစ်လောက အင်တာနက်မှာရော၊ ပြည်တွင်းက ပုံနှိပ်မီဒီယာတွေမှာပါ တွေ့မြင်ကြားသိလိုက်ရပါတယ်။ မြန်မာမလေးတစ်ယောက် ဂျပန်သွားပြီး မယ်စကြ၀ဠာသွားပြိုင်နေတဲ့ပုံပါ။
အဲဒီပုံကို ၀ိုင်းပြီး Like လုပ်ကြ၊ အဲဒီမိန်းကလေးကို ၀ိုင်းပြီး vote ပေးကြနဲ့၊ သူတို့ကပြောလိုက်သေးတယ်။ ဒီလိုဝတ်တာ ပြိုင်ပွဲစည်းကမ်းအရ ၀တ်ရတာပါတဲ့၊ ဘာပဲပြောပြော ကိုယ့်မြန်မာမိန်းကလေးတစ်ယောက် နိုင်ငံဂုဏ်ဆောင်ပြီး ဒီလိုပြိုင်ပွဲမှာ သွားပြိုင်တာ ကိုတော့ အားပေးရမှာပေါ့တဲ့။ “၀ံသာနုစိတ်ဓါတ်”ဆိုတာကို ဘယ်လိုဘာသာပြန်ရမလဲ ပြန်စဉ်းစားရမယ့် အခြေအနေကို ရောက်သွားပါတော့တယ်။
အချုပ်အားဖြင့်မျှဝေချင်တာကတော့ “ဟီရိ၊ သြတ္တပ္ပ”ဆိုတဲ့ အရှက်တရား၊ အကြောက်တရားတွေနဲ့ ဖွဲ့စည်းထားတဲ့၊ ဗြဟ္မစိုရ်တရားတွေနဲ့ ပြည့်ဝနေတဲ့၊ စည်းကမ်းရှိစွာနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ဘောင်တစ်ခုကို စာရေးသူတို့အားလုံး အလိုရှိကြမှာပါ။ အဲဒီလို သာယာဝပြောတဲ့ လူ့ဘောင်တစ်ခုကိုရရှိဖို့ဆိုရင် “လူကို လူလိုမြင်ဖို့လိုပါတယ်”။ “သူကတော့မည်းလို့၊ ငါကတော့ ဖြူလို့၊ သူကတော့ ဟိုလူမျိုးမို့လို့၊ ငါတို့ကတော့ ဘယ်လူမျိုးမို့လို့”ဆိုတဲ့ အစွဲတွေနဲ့ တစ်ယူသန်စွဲပြီး “လူကို လူလိုမမြင်သမျှ” ကာလပတ်လုံးတော့ စာရေးသူတို့လူ့ဘောင်ဟာ သာယာဝပြောတဲ့လူ့ဘောင်မဖြစ်နိုင်ပါဘူး။ “ကိုယ်နဲ့မတူတဲ့သူအားလုံးကိုသတ်၊ ဒါမှ မဟုတ်လည်း မောင်းထုတ်”။ အဲဒီလိုလုပ်တိုင်းသာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အခြေတင့်မယ်၊ အနေမြင့်မယ်ဆိုရင်…
သမိုင်းမှာလည်း ဒီလိုဖြစ်ရပ်မျိုးတွေပေါ်ခဲ့ပါတယ်။ အောင်မြင်ပါသလား။ ကိုယ်လုပ်တဲ့လုပ်ရပ်အတွက်တော့ ကိုယ့်ရဲ့နောင်လာ နောက်သားတွေ အရှက်ရစေမယ့် အဖြစ်မျိုးတော့ မဖန်တီးချင်ပါနဲ့။ “တဒင်္ဂအောင်မြင်မှုဟာ ထာဝရမဟုတ်ပါဘူး” ။ “တဒင်္ဂကို ထာဝရနဲ့မလဲပါနဲ့” “ထာဝရကောင်းဖို့ဆိုရင်တော့ အမှန်တရားနဲ့အညီ အရာရာကို လုပ်ကိုင်မှရပါလိမ့်မယ်”ဆိုတာပြောရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။
Comments