News @ M-Media

၂၀၀၄ ခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သူများကို ဘင်္ဂလားဒေ့ရှ် ကွပ်မျက်

ဧပြီ ၁၃၊ ၂၀၁၇
M-Media

– ၂၀၀၄ ခုနှစ်က ဗြိတိန်သံအမတ်တစ်ဦးကို ဆူဖီဗိမာန်တစ်ခုတွင် တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွများကို ဘင်္ဂလားဒေ့ရှ်က ယမန်နေ့တွင် ကြိုးပေးကွပ်မျက်လိုက်သည်ဟု သိရသည်။

ဆီလ်ဟတ်မြို့တွင်ရှိသည့် ၁၄ ရာစု ဆူဖီဗိမာန်တွင် ဖြစ်ပွားခဲ့သော အဆိုပါ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု တွင် လူ ၃ ဦး သေဆုံးခဲ့ပြီး ဗြိတိန်သံအမတ် အန်ဝါရ် ချောင်ဒရီမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။

တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ မွဖ်သီ အဘ်ဒူလ် ဟန်နန်နှင့် အခြားနှစ်ဦးကို ယမန်နေ့က ကွပ်မျက်ခဲ့ပြီး ၎င်းတို့ကို ၂၀၀၈ ခုနှစ်ကတည်းက သေဒဏ်ချမှတ်ခဲ့သည်။ အဘ်ဒူလ် ဟန်နန်မှာ HuJI အဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။

၎င်းမှာ အာဖဂန်တွင် ဆိုဗီယက်တပ်များကို တိုက်ခိုက်ခဲ့ပြီးနောက် HuJI အဖွဲ့သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ အစိုးရရှေ့နေများကမူ ဟန်နန်မှာ ၁၉၉၀ ပြည့်နှစ်များကတည်းက အဆိုပါအဖွဲ့ကို ဦးဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဇနီးသည်ကမူ သူမ၏ခင်ပွန်းမှာ အပြစ်မရှိဟု ဆိုသည်။

ဗြိတိန်သံအမတ် အန်ဝါရ် ချောင်ဒရီမှာ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်ပြီး လက်ရှိတွင် ပီရူးသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

Ref: BBC