6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၅၊ ၂၀၁၂
M-Media
သတင်း – အမ်တူးအေ

၁၉၅၃-၅၄ ရန်ကုန်ခရိုင်လုံးဆိုင်ရာ သမဂ္ဂဥက္ကဋ္ဌ ဦးအုန်းမောင် –

“ကျွန်တော်ကိုယ်တိုင် ဦးရာရှစ်ကို လူကိုယ်တိုင် မမြင်ဖူးလိုက်ပေမယ့် ကျွန်တော့် ကျောင်းသားတစ်သက်လုံး နှစ်တိုင်းလိုလို ကျောင်းသားသမဂ္ဂမှာပါဝင်ခဲ့ပါတယ်။
ကျွန်တော်က ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂဖြစ်တဲ့နှစ်မှာ စာမေးပွဲကျသွားတယ်။ ကျွန်တော် သမဂ္ဂကနေ တစ်နှစ်နားလိုက်ပါတယ်။ ……
အဲဒီတော့ ကျွန်တော် ဦးရာရှစ်အကြောင်းကို ပြောချင်ပါတယ်။ ကျွန်တော်က ဂျပန်ခေတ်မှာ ပြွန်တန်ဆာမြို့ဆိုတဲ့ မြို့လေးမှာ ကျောင်းနေပါတယ်။ အဲဒီမှာ အာရှလူငယ်အစည်းအရုံးမှာ ကင်းထောက်အနေနဲ့ လုပ်ပါတယ်။ အသက် ၁၈-နှစ် မပြည့်သေးတော့ အာရှလူငယ်မှာ မ၀င်ခဲ့ရဘူး။ ကင်းထောက်အနေနဲ့ အဖွဲ့အစည်းမှာ သွားဆော့၊ စာဖတ်လုပ်ပါတယ်။

အဲဒီ ပြွန်တန်ဆာမြို့ရဲ့ ဥက္ကဋ္ဌက ဆရာဝန်ကြီးဒေါက်တာဘန်ဘန်းရဲ့ ညီအရင်းကြောင့် ကျွန်တော်က နဂါးနီစာအုပ်တွေ ဖတ်ဖြစ်ရင်း အဲဒီ သမဂ္ဂအကြောင်းတွေ စုံစမ်းရင်းနဲ့ တိုင်းပြည်ရဲ့ အရေးကိစ္စတွေမှာ ကျွန်တော် စိတ်ဝင်စားလာခဲ့ပါတယ်။ အဲဒါနဲ့ အင်္ဂလိပ်ပြန်ဝင်လာပြီးတဲ့နောက်ပိုင်းမှာ သမဂ္ဂအနေနဲ့ ပါဝင်လာခဲ့ပါတယ်။ အဲဒါတွေဟာ ကျွန်တော့်ရဲ့ အယူအဆတွေကို ပံ့ပိုးခဲ့တဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဆရာကြီး ဦးရာရှစ်က အဓိကပုဂ္ဂိုလ်ပါ။

တိုင်းပြည်လွတ်လပ်ရေးရအောင်ကြိုးပမ်းခဲ့တဲ့ နောက်ပိုင်းလူငယ်တွေဟာ ဆရာကြီးဦးရာရှစ် တို့လို့ ပုဂ္ဂိုလ်မျိုးတွေရဲ့ သြဇာရဲ့ သူတို့ရဲ့ခေါင်းဆောင်မှုတွေဟာ အလွန်အရေးပါခဲ့ပါတယ်။”

၁၉၅၆-၅၈ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအမှုဆောင် ဦးသာဘမ်း –

“ဆရာကြီးဦးရာရှစ်ရဲ့ နှစ်တစ်ရာပြည့်အခမ်းအနားမှာ စကားပြောကြားခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဦးရာရှစ်ဟာ ကျွန်တော်တို့ ဗ.က.သရဲ့ ပထမဆုံး ဥက္ကဌအဖြစ် လေးစားခဲ့ရပါတယ်။ ဖဆပလအစိုးရအဖွဲ့ရဲ့ တာဝန်ခံတစ်ယောက် ၀န်ကြီးတစ်ယောက်အနေနဲ့ အဲဒီ ၅၃-အောက်တိုဘာအရေးမှာ ဖဆပလအစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်ထဲမှာပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဦးရာရှစ်ဆိုရင် မွတ်စလင်မ်အမျိုးသား တစ်ယောက်ပါ။ ကျွန်တော်တို့ကျောင်းသားတွေမှာ မွတ်စလင်မ်၊ ဗုဒ္ဓဘာသာလို့ ဘာသာရေးမကွဲပြားပဲ အတူတကွလုပ်ခဲ့ပြီးတော့ အတူတကွ လုပ်ကြမယ်ဆိုတဲ့ ဦးရာရှစ်လို အခုဖြစ်နေတဲ့ အရေးအခင်းတွေမှာ ကျောင်းသားများက ဦးဆောင်ပြီးတော့ ဘာသာရေးကို အလေးမထားပဲ တိုင်းပြည်ရဲ့အရေးကို လက်တွဲလုပ်ကြပါ။”

 

၁၉၆၂ ရန်ကုန်ခရိုင်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ဦးတင်အောင် –

“ဦးရာရှစ် ဘယ်လိုလူလဲဆိုရင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဖြစ်ခဲ့တယ်။ အဓိပ္ပါယ်က ကျောင်းသားနိုင်ငံရေးကို လုပ်တယ်ဆိုတာက ကျောင်းသားနိုင်ငံရေးချည်း သက်သက်လုပ်တာမဟုတ်ဘူး။ အဲဒီအချိန်က မြန်မာပြည်ရဲ့အခြေအနေဟာ နယ်ချဲ့သမားရဲ့အောက်မှာ ရောက်နေတယ်။

တစ်မျိုးသားလုံး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျောင်းသားနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးကို ဆက်စပ်ပြီးတော့ လုပ်ခဲ့တဲ့ ကျွန်တော်တို့ နောင်တော်ကြီးများရဲ့ စံပြထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားနဲ့နိုင်ငံရေးဟာ ခွဲလို့မရဘူးဆိုတာ ဆရာကြီးဦးရာရှစ်ရဲ့နေ့မှာ သတိပြုမိတဲ့အချက်လေးပါ။

နောက် ဒုတိယအချက်က ဆရာကြီး ဦးရာရှစ်ဟာ လွတ်လပ်ရေးရတဲ့အခါကျတော့ တိုင်းပြည်အုပ်ချုပ်တဲ့ ဖဆပလအစိုးရ လက်ထက်မှာပါဝင်ခဲ့တဲ့ ၀န်ကြီးတစ်ပါးဖြစ်တယ်။ ဖဆပလဖြစ်တော့ ဖဆပလရဲ့ ပေါ်လစီတွေကို အကောင်အထည်ဖော်ရတဲ့ နိုင်ငံရေးသမား တစ်ယောက်လည်းဖြစ်တယ်။ ဒီတော့ ဖဆပလရဲ့ နိုင်ငံရေးအကောင်အထည်ဖော်မှုတွေဟာ အဲဒီအချိန်ကာလက ကျွန်တော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့ ကန္နကောစပြုခဲ့တာရှိပါတယ်။ သို့သော်လည်းပဲ ဖဆပလအဖွဲ့ဟာ ၁၉၆၂-ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းခေါင်းဆောင်တဲ့
စစ်အာဏာရှင်စနစ်ရဲ့ ဖြိုဖျက်ခြင်းကို ခံလိုက်ရပါတယ်။ ၁၉၄၇-ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ခဲ့ခြင်းဖြစ်တယ်။ တချိန်တည်းမှာ ပါတီစုံ ဒီမိုကရေစီဆိုတာကို အစအနမရှိအောင် ဖျက်ဆီးခဲ့တယ်။ အဲဒါ ဦးနေ၀င်းရဲ့ ဆောင်ရွက်ချက်ဖြစ်တယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ဒီမိုကရေစီ အင်အားစုအဖြစ် ကျန်ရစ်ခဲ့တဲ့ ဆရာဦးရာရှစ်တို့အပါအ၀င် ဖဆပလတွေရော၊ ကျန်တဲ့ပြည်သူလူထုရော၊ ကျွန်တော်တို့ကျောင်းသားတွေရော အလုပ်သမား၊ လယ်သမားအားလုံးရော ဒါကို ဆန့်ကျင်ကြတယ်။
ဒီဆန့်ကျင်တဲ့သမိုင်းမှာ ဆရာဦးရာရှစ်နဲ့အတူ ဒီမိုကရေစီအင်အားစုတွေ အလုပ်သမား၊ လယ်သမားတွေပေါင်းပြီး အားလုံးပူးပေါင်းပြီးတော့ ဆန့်ကျင်ခဲ့ကြတာ ဒီနေ့ထိပါပဲ။ နောက်တစ်ချက်ကတော့ ဆရာဦးရာရှစ်က ဘာသာရေးအရ မွတ်စလင်မ်၊ အနွယ်အရ အိန္ဒိယမျိုးနွယ်။ သို့သော် အိန္ဒိယအမျိုးနွယ်ဖြစ်တယ်၊ ဘာသာရေးအရ မွတ်စလင်မ်ဖြစ်တယ်ဆိုပေမယ့် ကျွန်တော်တို့ အမျိုးသားရေး နိုင်ငံရေးတိုက်ပွဲမှာ အဲဒါတွေ မရှိခဲ့ဘူး။ ကျွန်တော်တို့မှာ လူမျိုးမရှိဘူး။ ဘာသာမရှိဘူး။ ကျွန်တော်တို့မှာ အတန်းအစား ခွဲခြားမှုမရှိဘူး။ ဘာရှိလဲဆိုရင် နိုင်ငံရေးမှာ ဘုံရန်သူပဲရှိတယ်။ အမျိုးသားလွတ်လပ်ရေး တိုက်ပွဲမှာ ကရင်တွေ၊ ရှမ်းတွေ၊ ကချင်တွေ၊ ဗမာတွေ အကုန်ပါတယ်။ ဘာသာမတူတာ၊ လူမျိုးမတူတာတွေ အကုန်ပါတယ်။

အဲဒီဖိနှိပ်မှုအောက်မှာ ရှိနေတဲ့ ဖိနှိပ်ခံပြည်သူဆိုတာ ဒါကိုပြောတာ။ ဒီတော့ ဘုံရန်သူကို ဦးတည်တိုက်ရင် ဘာသာရေးပဋိပက္ခဆိုတာမရှိဘူး။ လူမျိုးရေးပဋိပက္ခ ဆိုတာမရှိဘူး။ လူတန်းစားခွဲခြားမှုဆိုတာ မရှိဘူး။ ဒါကြောင့် ဆရာဦးရာရှစ်နေ့မှာ သတိပြုမိတဲ့အချက်က လူမျိုးစုံသွေးစည်းညီညွတ်ရေးဟာလိုအပ်တယ်။ နောက်တစ်ချက်က အဲဒီလူမျိုးစုံသွေးစည်း ညီညွတ်ရေးကို မလိုအပ်တာက ဘယ်လိုလူမျိုးတွေလဲဆိုတာ ကျွန်တော်နည်းနည်းပြန်ကြည့်မယ်။ ကုလားဗမာ အဓိကရုဏ်းဆိုတာ အင်္ဂလိပ်လက်ထက်မှာဖြစ်တာ၊ ၁၉၆၈-ခုနှစ်မှာ တရုတ်ဗမာ အဓိကရုဏ်းဖြစ်တယ်။ ဒီနေ့ ရခိုင်နဲ့ ဘင်္ဂါလီအနွယ်တွေ ဖြစ်နေကြတယ်။ ဒီလိုလူမျိုးရေးပဋိပက္ခဖြစ်တယ်ဆိုတဲ့ အချုပ်ကိုကြည့်ရင် အုပ်စိုးသူ လူတန်းစားတွေက အဲဒီ ပဋိပက္ခတွေကို ဖန်တီးနေတယ်ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ ဒါကြောင့် ဘုံရန်သူမပျောက်ဖို့ပဲလိုတယ်လို့ ကျွန်တော် နားလည်ပါတယ်။ အဲဒါပဲ ကျွန်တော်ပြောချင်ပါတယ်။”

 

၁၉၇၄-၇၅-၇၆ ကျောင်းသားလှုပ်ရှားမှု ကိုယ်စား ဒေါက်တာလှမြင့်

“၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများရဲ့ ကျွန်တော် ပါဝင်ခဲ့သူတစ်ယောက်ပါ။ ကျွန်တော်က မြန်မာမျိုးနွယ် ပသီလူမျိုးဖြစ်ပါတယ်။ အစ္စလာမ်ဘာသာ ကိုးကွယ်ပါတယ်။ ဒါကြောင့် ဦးရာရှစ်က တ.က.က ဥက္ကဋ္ဌဖြစ်ခဲ့တာတို့ ဗ.က.က ဥက္ကဋ္ဌဖြစ်ခဲ့တာတို့အတွက် ဂုဏ်ယူပါတယ်။ နယ်ချဲ့ကိုတော်လှန်တဲ့ တိုက်ပွဲတွေမှာရော ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲတွေမှာရော စွမ်းစွမ်းတမံ သူပါဝင်ခဲ့တာကို ကျွန်တော်တို့အနေနဲ့ဂုဏ်ယူပါတယ်။ တကယ့်ထွန်းရောင်ပြောင်တဲ့ တိုက်ပွဲတွေကို ၀င်ခဲ့တယ်လို့လည်း ယုံကြည်ပါတယ်။

အဲလို ကျောင်းသားကိစ္စတွေ ဆောင်ရွက်ခဲ့တာမှာ ဘာမှ ပြောစရာမရှိပေမယ့် ဖဆပလအစိုးရ၀န်ကြီးတစ်ယောက်ဖြစ်ပြီးတဲ့အခါမှာတော့ ခုနက ဦးသာဘမ်းတို့ ပြောသလို ပြောစရာလေးတွေ ရှိလာပါတယ်။ ဖဆပလအစိုးရ မှားယွင်းခဲ့တာတွေထဲမှာ ၀န်ကြီးဦးရာရှစ်ကလည်း ပါဝင် မှားယွင်းခဲ့ပါတယ်။ အဲဒါကို ပြောရမယ်ဆိုရင် ထင်ရှားတာတစ်ခုကို ပြောရပါမယ်။ ခုနက ဆရာဦးသာဘမ်းပြောသွားတဲ့ကိစ္စက အများသိပြီးဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုကတော့ အများသိချင်မှ သိမယ့်ကိစ္စပါ။ အဲဒါ ဘာလဲဆိုတော့ ရန်ကုန် အစိုးရဆိုပြီးတော့ ဖြစ်နေပြီးတဲ့အချိန်မှာ တိုင်းရင်းသားတွေဟာ မကျေနပ်လို့ လက်နက်ကိုင်တော်လှန်ပုန်ကန်ကြတဲ့အချိန်မှာ ရန်ကုန်အစိုးရက အင်အားအတော်ကြီး ယုတ်လျော့နေတဲ့အချိန်မှာ အိန္ဒိယအစိုးရက ဖဆပလ ဦးနုအစိုးရကို လက်နက်တွေ ကူညီခဲ့ပါတယ်။

အဲဒါကို ပေဖူးလွှာမဂ္ဂဇင်းမှာ သခင်အောင်ကြီးက ၀န်ခံထွက်ဆိုထားတယ်။ အဲဒါဟာ လက်နက်အားကိုးပြီးတော့ အားနည်းတဲ့သူကို အားကြီးတဲ့သူက အနိုင်ယူတဲ့ကိစ္စပါ။ တကယ်တော့ မြန်မာနိုင်ငံသား အချင်းချင်း ညှိနှိုင်းဖြေရှင်းပြီးတော့လုပ်ရမယ့်နေရာမှာ အင်အားနဲ့သုံးပြီး ချေမှုန်းတဲ့နည်းလမ်းကို သုံးခဲ့တာဟာ ပြောစရာကိစ္စတစ်ခုဖြစ်ပါတယ်။ အဲဒါဟာ လူသားယဉ်ကျေးမှုမဟုတ်ပါဘူး။ လူသားတွေဟာ မိမိတို့နဲ့အတူတူနေနေတဲ့ ညီအစ်ကိုမောင်နှမတွေလို အချင်းချင်းသဘောထားပြီး အုပ်စုတစ်စုက မှားရင် နောက်အုပ်စု တစ်စုက ဝေဖန်ပြုပြင်ဖို့ပဲလိုအပ်ပါတယ်။

ဒီလို လက်နက်သုံး အင်အားသုံးပြီး ချေမှုန်းဖို့ မသင့်ပါဘူး။ အဲဒါကတော့ ဖဆပလအစိုးရ ဦးနုအစိုးရရဲ့ မှားယွင်းမှုပါ။ အဲဒီထဲမှာ ၀န်ကြီးတစ်ဦးဖြစ်နေတဲ့ ဦးရာရှစ်ကလည်း ပါဝင်ခဲ့တာပါ။ အဲဒါကို သင်ခန်းစာယူသင့်တယ်လို့ ယူဆပါတယ်။ လူသားမျိုးနွယ်ဖြစ်တဲ့အတွက် ဘာလူမျိုး၊ ဘယ်ဘာသာပဲကိုးကွယ် လူသားအမြင်နဲ့ပဲ ရှုမြင်ယူသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲလိုပဲ အခုဖြစ်နေတဲ့ ကိစ္စတွေအားလုံးကိုလည်း လူသားအမြင်နဲ့ပဲ ရှုမြင်သင့်တယ်လို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်။”

၁၉၈၈ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ဥက္ကဋ္ဌ ကိုမင်းကိုနိုင် –

“ဒီနေ့ရဲ့ထူးခြားချက်ကတော့ ဘာသာပေါင်းစုံက ဆရာတော် သံဃာတော်တွေရော အားလုံးတွေ့ရပါတယ်။ ဒါဟာ ကျွန်တော်နားလည်တာကတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန်တချိန်ဖြစ်ပါတယ်။ အားလုံးသိတော်မူတဲ့အတိုင်းပါ ကျွန်တော်တို့ တစ်မျိုးသားလုံးကို ခြိမ်းခြောက်ခံနေရတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ အိမ်နီးချင်းတွေဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ အင်အားနည်းနေတဲ့အချိန်မျိုးမှာ တစ်မျိုးသားလုံးကို နည်းလမ်းပေါင်းစုံနဲ့ ခြိမ်းခြောက်မယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ညီညွတ်မှုကို ဖြိုခွဲမယ့်ကိစ္စတွေရှိနေပါတယ်။ ဒီနေ့တော့ ဘာသာပေါင်းစုံက တတ်နိုင်သမျှလာပြီးတော့ ညီညွတ်မှုကို ပြနေတာဖြစ်လို့ ကျွန်တော် တော်တော်အားရ၀မ်းသာရှိပါတယ်။

အရင်ဆုံးတော့ ကျွန်တော်တို့ တ.က.သရော ဗ.က.သ ရောမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားတဲ့ M.A ရာရှစ် ခေါ် ဦးရာရှစ်ရဲ့ အမှတ်တရဖြစ်နေပါတယ်။ ဒါ ကျွန်တော်တို့ ငယ်ငယ်ကဖတ်ဖူးတဲ့စာအုပ်တွေ၊ ကြားဖူးတဲ့ ကျောင်းသားသမိုင်း စွန့်စားခန်းတွေထဲမှာ ကိုရာရှစ်စကားပြောတဲ့ အချိန် ကျောင်းသားတွေ အောက်က ထပြီးအော်ကြတာ၊ နားလည်မှု ပထမလွဲပြီး ကျောင်းသားတွေရဲ့ မခံချင်စိတ်ကို ဆွပေးရင်းနဲ့ သပိတ်တိုက်ပွဲတွေဆင်ခဲ့တာကို ဖတ်ကတည်းက ကျွန်တော်တို့ ငယ်ငယ်က ငယ်ပုံပြင်ထဲက အရေးပါတဲ့ ဇာတ်ကောင်တစ်ကောင်ပါ။ နောက် နားလည်လာတဲ့အရွယ်မှာ ကျွန်တော်တို့အသိမှာ တစ်ခုရလာပါတယ်။ ဒါကတော့ အခု ဒီကနေ့ ပွဲမှာ ကျွန်တော်တို့တက်ရောက်ရခြင်းရဲ့ အနှစ်သာရဖြစ်ပါတယ်။ ဒါ ဘာလဲဆိုတော့ ကျွန်တော်တို့အားလုံး အလေးအမြတ်ပြုရတဲ့ ကျွန်တော်တို့ရဲ့ အမျိုးသား ခွပ်ဒေါင်းအလံ၊ ဒီအလံဟာ လူပုဂ္ဂိုလ်တစ်စု တစ်ယောက်က မောင်ပိုင်စီးလို့လည်း ဘယ်ခေတ်မှာမှ မရခဲ့ပါဘူး။ ဒါဟာ လူမျိုးဘာသာမရွေး တစ်မျိုးသားလုံး အားလုံးရဲ့ အလေးအမြတ်ပြုရတဲ့သဘောပါ။

အင်မတန် တန်ဖိုးရှိတဲ့စကားတစ်ခွန်းကို ကျွန်တော်ပြောရရင် နောက်ဆုံး နိုင်ငံတော်အလံဟာ အစိုးရအဆက်ဆက်ကြောင့် ပြောင်းချင်ပြောင်းသွားမယ်။ အမျိုးသားခွပ်ဒေါင်းအလံက ဘယ်တော့မှပြောင်းမှာ မဟုတ်ပါဘူး။ အဲလို ကြီးကျယ်မြင့်မြတ်ပြီးတော့ ဖျောက်ဖျက်လို့မရ ပြောင်းချင်တိုင်း သေနတ်နဲ့ချိန်ပြီး ဘယ်တော့မှ ပြောင်းလို့မရခဲ့တဲ့ ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင် အမျိုးသားခွပ်ဒေါင်းအလံကို ကိုင်တဲ့လက်ဟာ ဘယ်လိုလက်မျိုးလဲဆိုတာကို ကျွန်တော် စိတ်ဝင်စားလို့ပါ။ အဲဒီလက်ဟာ လူမျိုးဘာသာမခွဲခြားဘူးဆိုတာကို ပထမဆုံး ဗ.က.သ ဥက္ကဋ္ဌအဖြစ် အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို ကျွန်တော်တို့အားလုံး သဘောထားကြီးစွာနဲ့ ရက်ရက်ရောရောကြီး ပေးခဲ့တယ်ဆိုတာကို အသိအမှတ်ပြုစေချင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို ကိုင်တဲ့လက်ဟာ လူမျိုးဘာသာ အရေးမကြီးပါဘူး။ ကျွန်တော်တို့အမျိုးသား တစ်ရပ်လုံးအပေါ်မှာ သစ္စာရှိဖို့ရယ်၊ နောက်တစ်ချက်က သွေးစွန်းနေတဲ့ လက်မျိုးမဖြစ်ဖို့ သန့်စင်ဖို့ပဲ လိုပါတယ်။ ကျွန်တော်နားလည်ပါတယ်။ အဲဒီခေတ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ဘိုင်ကြီးခေါ်ပြီးတော့ သူ့ကို တရင်းတနှီးဆက်ဆံခဲ့တယ်။ ထိုက်သင့်သလို နေရာတာဝန်တွေပေခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဒါကြောင့် ကျွန်တော်တို့ အရည်အချင်းပဲ အရေးကြီးပါတယ်။ ဘယ်ဘာသာဝင် ဘယ်လူမျိုးမဆို အားငယ်စရာမလိုပါဘူး။ ကိုယ့်အရည်အချင်းတကယ်ရှိပြီဆိုရင် ထိုက်ထိုက်တန်တန်ပေးထားတာဖြစ်တယ်။

ဒီကနေ့ Gender ခေါ်တဲ့ ကျား-မ ကိစ္စတွေလည်း လုံးဝ ဂရုစိုက်စရာမလိုပါဘူး။ အမျိုးသမီး တကယ်စွမ်းဆောင်နိုင်တယ်ဆိုရင် ကျွန်တော်တို့ ခေါင်းဆောင်ဖြစ်လာတာ အထင်အရှားပါ။ အရေးကြီးဆုံး ဦးရာရှစ် ဦးဆောင်သွားတာ ကျောင်းသား သမဂ္ဂပါ။ မနက်ကလည်း ပွဲတစ်ပွဲမှာ ကျွန်တော်ပြောပြီးပါပြီ။  ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသား လွှတ်တော်ဖြစ်ပါတယ်။ အဲဒီကျောင်းသားလွှတ်တော်ဟာ ဘာသာမတူ လူနည်းစုကိုးကွယ်တဲ့ ဘာသာဝင်ကိုတောင်မှ ဥက္ကဋ္ဌအဖြစ် သဘောထားကြီးကြီးနဲ့ ရင့်ကျက်မှုအပြည့်နဲ့ ဥက္ကဋ္ဌတာဝန်ပေးခဲ့သလို အဲဒီ ကျောင်းသားလွှတ်တော်ဟာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ အချောင်နေရာယူပြီးတော့ တစ်ရာမှာ အစိတ်လို့ မယူခဲ့ပါဘူး။ အဲ့ဒါကြောင့် ရှေ့ကဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်ကောင်းတွေရဲ့ အစဉ်အလာကို ထိန်းတဲ့အနေနဲ့ ကျွန်တော်တို့  ဘယ်လွှတ်တော်တွေမှာ အကြောင်းကြောင်းကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားလွှတ်တော်ထဲမှာ အဲဒီအစဉ်လာကောင်းတွေကို ဆက်ပြီးထိန်းကြပါလို့ ဒီကနေ့ လက်ရှိကျောင်းသားသမဂ္ဂကျောင်းသားတွေကို ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒီ့အပြင် အဲဒီ ကျောင်းသားလွှတ်တော်ထဲမှာလည်း ဘယ်တစ်စုတစ်ယောက် ဘယ်အဖွဲ့အစည်းရဲ့ သြဇာလွှမ်းမိုးထားလို့ မရပဲနဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂကြီးဖြစ်ပါစေလို့လည်း ကျွန်တော်တိုက်တွန်းပါတယ်။

နောက်ဆုံး ပြောချင်တာကတော့ ကျွန်တော်တို့တစ်မျိုးသားလုံး ရင်ဆိုင်နေရတဲ့ကိစ္စ။ ကျွန်တော်တို့ ဘာသာရေး၊ လူမျိုးရေး ခေါင်းစဉ်တွေနဲ့ အဓိကရုဏ်းတွေ ဖန်တီးခံနေရတဲ့အချိန်မျိုးမှာ ဒီ ဦးရာရှစ်ကို ထိုက်ထိုက်တန်တန် နေရာပေးခဲ့တယ်။ တာဝန်လည်းပေးခဲ့တယ်ဆိုတဲ့ ကျွန်တော်တို့လူမျိုးရဲ့ ကြီးကျယ်တဲ့သဘောထား၊ အင်မတန်မှ သဘောထားကြီးကြောင်းကိုလည်း ဆက်ပြီးတော့ပြပါ။ နောက်တစ်ခုက ကျွန်တော်တို့ ဒီကနေ့ အရေးကြီးနေတဲ့အချိန်မှာ အဲဒီလို လူမျိုးမခွဲဘူး၊ ဘာသာမခွဲခဲ့ဘူးဆိုတာကို အစဉ်အလာကို ဆက်ပြီးလည်း ထိန်းရမယ်။ တဘက်ကလည်း ဘယ်ဘာသာ ဘယ်လူမျိုးဖြစ်ဖြစ် ကျွန်တော်တို့က နိုင်ငံသားမှန်ရင် နိုင်ငံသား အခွင့်အရေးအပြည့် ပေးသလို ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအပေါ် သစ္စာရှိကြဖို့ကိုလည်း ကျွန်တော်က ထပ်ပြီးတော့ ပန်ကြားလိုပါတယ်။ အားလုံး ကျွန်တော်တို့ တစ်မျိုးသားလုံးကို အကြမ်းဖက်သမားတွေအဖြစ် တံဆိပ်တပ်တာ မခံရအောင် ကျွန်တော်တို့ သတိရှိဖို့ အရေးကြီးနေတဲ့အချိန်မှာ လူမျိုးမခွဲ ဘာသာမကွဲ အားလုံး စည်းလုံးခဲ့တဲ့ ကျောင်းသားသမဂ္ဂရဲ့အစဉ်အလာကို ဆက်ထိန်းပြီးတော့ အမျိုးသားညီညွတ်ရေးနဲ့ ကျွန်တော်တို့ သွားချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို အတူတူ လျှောက်ကြပါစို့။”

၁၉၉၆-၁၉၉၈ ကျောင်းသားလှုပ်ရှားမှုကိုယ်စား ကိုအေးအောင် – 

“ကျွန်တော် ပထမဆုံးပြောချင်တာကတော့ ကျွန်တော်တို့ဟာ လူကြီးတွေ အများကြီးကြားမှုာ ပဲလှော်ကြားဆားညှပ်သလိုဖြစ်နေပါတယ်။ ကျွန်တော်တို့ ရှေ့က မျိုးဆက်တွေ မရှိတဲ့အချိန်မှာ ကျွန်တော်တို့တတ်နိုင်သလောက် စွမ်းသလောက် ဗ.က.သ အလံကို ဆက်ပြီး ကိုင်စွဲခဲ့တဲ့အတွက် ကျွန်တော်တို့လည်း ကျောင်းသားအလံကို ကိုင်စွဲခဲ့တဲ့ မျိုးဆက်တစ်ခုအဖြစ် အခုလိုနေရာပေးခြင်းခံရလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က ဗ.က.သ ဥက္ကဋ္ဌ ဦးရာရှစ်ရဲ့အကြောင်းကို စာတွေထဲမှာ ကျွန်တော် ရှင်းရှင်းလင်းလင်းပြောရရင် သပိတ်မှောက်ကျောင်းသားထဲမှာ ရေးထားသလောက်ပဲ ကျွန်တော်သိပါတယ်။

ကျွန်တော်ဒီကိုရောက်တော့ ဗ.က.သကျောင်းသားတွေကို ကျွန်တော်မေးကြည့်တယ်။ ခင်ဗျားတို့ ဦးရာရှစ်အကြောင်းကို ဘယ်သူ ဘယ်လောက်သိသလဲ။ ကျွန်တော်တို့ အနည်းအကျဉ်းပဲ သိခဲ့ပါတယ်။ ဒါကြောင့် ဒီမှာ ဦးရာရှစ်အကြောင်းကို မပြောနိုင်တဲ့အတွက် ခွင့်လွှတ်ပါ။ ဒီလို ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ကျွန်တော်တို့ရဲ့ ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်အဆက်ဆက်ရဲ့သမိုင်းတွေဟာ ဖုံးကွယ်ခံထားရလို့ပဲလို့ ကျွန်တော် နားလည်ပါတယ်။ ဗမာပြည် လွတ်လပ်ရေးရပြီးကတည်းက အစိုးရကို အတိုက်အခံလုပ်ခဲ့တဲ့သူတွေရဲ့ သမိုင်းတွေဟာ တိမ်မြုပ်ခံထားရတယ်။ အဲဒီထဲမှာ အစိုးရအဖွဲ့ထဲမှာ ပါပေမယ့် ဦးရာရှစ်ရဲ့သမိုင်းဟာ ကျောင်းသားသမိုင်းအဖြစ် ပေါ်ပေါ်ထင်ထင် မရှိလာခဲ့ဘူးလို့ ကျွန်တော်နားလည်ပါတယ်။ ဒါ ဘာဖြစ်လို့လဲ ကျွန်တော်တို့မသိပါဘူး။ နိုင်ငံရေးအခြေအနေကြောင့်ပါ။ ဒီနိုင်ငံရေး အခြေအနေကို ဘယ်လိုပြုပြင်မလဲဆိုတော့ အခုလူကြီးတွေရော ဒီမှာ ကြွရောက်နေကြသူတွေ စိတ်ဝင်စားသူတွေအားလုံးရော ကျွန်တော်တို့ ကျောင်းသားလှုပ်ရှားမှုတွေ၊ တစ်ခြားကျောင်းသားခေါင်းဆောင်တွေရဲ့ သမိုင်းတွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကျွန်တော်တို့ကို အသိပေးပါ။ ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့်သိလာအောင် ၀ိုင်းဝန်းပြီးဆောင်ရွက်ပေးကြပါလို့ ပြောရင်း နိဂုံးချုပ်ပါတယ်။”

 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အမှုဆောင် ကိုနန္ဒာစစ်အောင်

“ဒီနေ့ဆိုရင် မနက်       က ရှင်သန်ဖူးဝေ ကံ့ကော်မြေဆိုပြီး တကသ ပြန်လည် ရှင်သန်ရေး တစ်ပွဲကျင်းပပါတယ်။ ဒီအချိန်မှာလည်း ဗမာနိုင်ငံရဲ့ ပထမဆုံးသော ဗ.က.သ/တ.က.သ အဖြစ် ပူးတွဲဆောင်ရွက်ခဲ့တဲ့ ဦးရာရှစ်ရာပြည့်ပွဲ ကျင်းပပါတယ်။ ဒီနေ့ ကျွန်တော် နှစ်ပွဲလုံးသွားခဲ့ပါတယ်။ စိတ်ထဲမှာ တစ်မျိုးပဲ ခံစားရပါတယ်။ ဒါဟာ ခေတ်အဆက်ဆက်ကျောင်းသား ခေါင်းဆောင်ကောင်းတွေရဲ့ ခေတ်အဆက်ဆက် ခေါင်းဆောင်ကောင်းတွေရဲ့ အိပ်မက်တွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်၊ ကျွန်တော်ထင်ပါတယ်။ ဦးရာရှစ်ဆိုတာ ပထမဦးဆုံးသော ဗ.က.သ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂဥက္ကဌ၊ ဗ.က.သ၊ တ.က.သ ရဲ့ ပူးတွဲတာဝန်ထမ်းဆောင်ဖူးသော ပထမဦးဆုံးသော ပုဂ္ဂိုလ်။ ၁၉၃၆-ခုနှစ်နောက်ပိုင်း တက္ကသိုလ်ကောင်စီမှာ ကျောင်းသား ကိုယ်စားလှယ်အဖြစ် အုပ်ချုပ်ရေးမှာ ပထမဦးဆုံး ပါဝင်ခဲ့ရတဲ့ ကျောင်းသား။ ဒီလို ဂုဏ်ပုဒ်တွေ အများကြီးရှိတဲ့ ဒီထက်ပိုပြီး ထူးထူးခြားခြားပြောရရင် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခဲ့တဲ့အမှုမှာ လိုက်ခဲ့ရတဲ့ ရှေ့နေ၊ တက္ကသိုလ် ဥပဒေ စည်းမျဉ်းကို ရေးဆွဲခဲ့တဲ့ကျောင်းသား။ ဒီလို ဂုဏ်ပုဒ်တွေ အများကြီးရှိတဲ့ ကျောင်းသားထုသမိုင်းမှာ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက်ရဲ့ ဒီရာပြည့်ပွဲမှာ ကျွန်တော့်အနေနဲ့ ၂၀၀၃ ကျောင်းသား သမဂ္ဂရဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ရော၊ လက်ရှိ (၂၀၀၃၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉) ကျောင်းသားများရဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်အနေနဲ့ ပြောဆိုခွင့်ရတဲ့အတွက် အထူးပဲ ၀မ်းသာဂုဏ်ယူမိပါတယ်။

ကျွန်တော်တစ်ခုပြောလိုတာက ဦးရာရှစ်နဲ့ပတ်သက်လို့ ကျွန်တော့်စိတ်ထဲမှာ ပြဿနာတစ်ခုရှိခဲ့တယ်။ ဒါဟာ ကျွန်တော်ကိုယ်တိုင်ရဲ့ သိမှုဆိုင်ရာ ပြဿနာတစ်ခုပါပဲ။ ကျွန်တော်ငယ်ငယ်တုန်းက ဦးရာရှစ်ကို ကျွန်တော်ကြားဖူးခဲ့တယ်။ သိခဲ့တယ်။ ဘယ်လိုသိခဲ့သလဲဆိုတော့ ဦးရာရှစ်ဆိုတာ ကျောင်းသားသပိတ်ကို တားတဲ့သူလို့။ ကျွန်တော့်ကိုဘယ်သူပြောလို့ ပြောမှန်းမသိဘူး။ ကျွန်တော့်စိတ်မှာ အဲဒီအတိုင်းစွဲခဲ့တာ။ ကြီးလာတဲ့ ကာလတလျှောက်လုံးမှာလည်း ဦးရာရှစ်လို့ ပြောတိုင်းပြောတိုင်း ကျွန်တော့်စိတ်မှာ အဲဒီအသိက ရောက်ရောက်လာတယ်။ နောင်တစ်ချိန်မှာ ကျောင်းသားခေါင်းဆောင် ဗိုလ်ခင်မောင်လေးရဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ဖတ်လိုက်ရတဲ့အခါ ကျွန်တော့်စိတ်မှာ တစ်မျိုးခံစားရတယ်။ အဲဒီခံစားချက်ကို ဒီမှာ ဝေငှတဲ့သဘောပါ။ ၁၉၃၆-ခုနှစ် ကျောင်းသားသပိတ် ဘာလို့ဖြစ်လဲဆိုတော့ ကျောင်းသားတွေကို အကြောင်းပြချက် အမျိုးမျိုးနဲ့  ကျောင်းထုတ်တယ်။ နံရံမှာကပ်တဲ့ စာရွက်ကိုစုတ်လို့ ကျောင်းထုတ်တယ်၊ ကျောင်းလခပေးတာ နောက်ကျလို့ ကျောင်းထုတ်တယ်။ ဘာဖြစ်လို့ အဲလိုတွေဖြစ်လာလဲလို့မေးရင် ၁၉၃၆-မှာ ကျောင်းသားသမဂ္ဂရဲ့ နိုင်ငံရေးမှာ အင်္ဂလိပ်အစိုးရရဲ့ အလိုတော်ရှိကျောင်းသားတွေရယ်၊ ဒီဘက်က အမျိုးသားရေး အခြေစိုက်တဲ့ ကျောင်းသားတွေရယ် အားပြိုင်နေကြတယ်။ အားပြိုင်နေကြတဲ့အခါ အင်္ဂလိပ်အလိုတော်ရှိ ကျောင်းအုပ်ကြီးတွေကနေ ခွဲခြားဆက်ဆံတာတွေ လုပ်လာကြတယ်။ ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ ကိုနုကို နိုင်ငံရေးစကားတွေပြောလို့ ကျောင်းထုတ်တယ်။

သိပ်မကြာခင်မှာပဲ ငရဲခွေးကြီးလွတ်နေသည် ဆောင်းပါးအတွက် ကိုအောင်ဆန်းကို ကျောင်းထုတ်တော့မယ်လို့ သူတို့ကြိုပြီးသိလိုက်ကြတယ်။ အဲဒီမှာ သူတို့သပိတ်မှောက်ဖို့အတွက်ကို ကျောင်းသား ၇၀၀-ကျော်နဲ့ အစည်းအဝေးကျင်းပတယ်။ အစည်းအဝေးကျင်းပတဲ့အခါကျတော့ သပိတ်မှောက်ရေးအဆိုကို ကိုနုက တင်သွင်းတယ်။ ဦးရာရှစ်က သဘာပတိလုပ်တယ်။ အဲလို တင်သွင်းတော့ ကျောင်းသားတွေက မိမိတို့ရတဲ့ ဘွဲ့တွေပြန်အပ်ပြီး သပိတ်မှောက်ကြမယ်ဆိုပြီး အဆိုတင်သွင်းကြတယ်။ ဗိုလ်လက်ျာတို့ အဆိုတင်သွင်းတယ်။ အဲဒီမှာ တချို့ကျောင်းသားတွေက ငါတို့က ကျောင်းလာတက်ရတာ ချို့ချို့တဲ့တဲ့တက်ရတာ၊ ကျောင်းကပေးတဲ့ scholar လေးနဲ့တက်ရတာ အဲဒါတွေကို စွန့်လွှတ်ပြီး ဘာလို့ သပိတ်မှောက်မှာလဲ။ အဲဒီ မြင်ကွင်းကြီးကို ခံစားကြည့်ပါ။ ပြဿနာတွေ ရှုပ်ထွေးပြီး ဖိနှိပ်ခံနေရတဲ့ ကျောင်းသားတွေနေတဲ့နေရာမှာ ဖိနှိပ်ခံရတဲ့ကျောင်းသားတွေက သူတို့ရဲ့ ခံစားချက်ကို ဖွင့်ပြောနေတဲ့နေရာမှာ သပိတ်မှောက်ဖို့ အဆိုတင်သွင်းတဲ့နေရာမှာ သခင်သိန်းဖေလိုလူမျိုးကို ဆန္ဒပြပွဲကို အချက်ပြလိုက်တဲ့အခါမှာ ရန်ကုန်တစ်မြို့တည်းကနေ တကသအဆောက်အအုံရှေ့မှာ ကားတွေရောက်လာတယ်။ အခြေအနေတွေက တစ်ပြိုင်တည်းဖြစ်နေတဲ့ အခြေအနေတွေပါ။ အဲဒီအချိန်မှာ သပိတ်မှောက်ဖို့ ကျောင်းသားတွေက အဆိုတင်သွင်းတယ်၊ တချို့ကျောင်းသားတွေက သပိတ်မှောက်မယ်လို့ပြောလိုက်တဲ့အချိန်မှာကို ပြန်ဆင်းဖို့လုပ်ကြတယ်။ အဲဒီအချိန်မှာ အချို့ကျောင်းသားခေါင်းဆောင်တွေက လှေကားထစ်တွေမှာ ငုပ်တုတ်ထိုင်နေကြတယ်။ ငါတို့ကိုနင်းပြီး ဆင်းရင်ဆင်းသွားဆိုပြီး။

အဲဒီအချိန်မှာ ဦးရာရှစ်က ဘာပြောလိုက်သလဲဆိုတော့  သပိတ်မှောက်ခြင်းအဆိုကို ပြန်လည်စဉ်းစားဖို့ စတင်ပြောလိုက်တယ်။ ၃-ကြိမ်ထအော်လိုက်တယ်။ အဲဒီအချိန်မှာ ဗိုလ်မောင်လေးက ဟေ့ – ရာရှစ် မင်းပါးစပ်ကိုပိတ်ထား၊ မင်းမပြောတော့နဲ့လို့ ပြောလိုက်တယ်။ အဲဒီအချိန်မှာ အင်းလျားဆောင်က ကျောင်းသူတွေ ရောက်လာတယ်။ လူထုဒေါ်အမာတို့လို ကျောင်းသူတွေ ရောက်လာပြီးတော့ ဆန္ဒပြပွဲကြီး အုန်းအုန်းနဲ့ဖြစ်သွားတာ။ ဒီဆန္ဒပြပွဲတလျှောက်လုံးမှာ ဦးရာရှစ်က ပါဝင်လာခဲ့တဲ့ပုဂ္ဂိုလ်ပဲ။ အဲဒီဆောင်းပါးမှာ ဗိုလ်ခင်မောင်လေးက ဘာရေးခဲ့သလဲဆိုရင် သပိတ်မှောက်ပြီး ၁၅-ရက်ကြာတဲ့အခါမှာ ဗိုလ်ခင်မောင်လေးက သွားပြောတယ်။ ဘာစဉ်းစားလိုက်မိလဲဆိုတာစဉ်းစားမိပြီး ငါ ရိုင်းရိုင်းစိုင်းစိုင်းပြောလိုက်မိတယ်။ ဦးရာရှစ်က ဒီလိုအခြေအနေကြီးမှာ ဆန့်ကျင်ဘက် မျက်နှာစာကနေပြောလိုက်တဲ့အတွက် သပိတ်မှောက်မယ်ဆိုတဲ့အဆိုဟာ ချက်ချင်းအောင်မြင်သွားပြီး သပိတ်မှောက်ဖို့ ချက်ချင်းဖြစ်သွားတယ်။ ဒါက ဦးရာရှစ်ရဲ့ စိတ်ဓါတ် စစ်ဆင်ရေးနည်းလမ်း အောင်မြင်သွားတယ်ဆိုတာကို အဲဒီမှာ သိလိုက်တယ်။ ဗိုလ်ခင်မောင်လေးက သွားတောင်းပန်တဲ့အချိန်မှာ ဦးရာရှစ်ပြောခဲ့တဲ့စကားရှိတယ်။ ဘာပြောလဲဆိုတော့ ပြီးတာတွေ ပြီးပါစေတော့၊ ကျွန်တော် စိတ်မဆိုးပါဘူးဆိုတော့ အဲဒီမှာ ဘာထပ်တွေ့ရလဲဆိုတော့ မေတ္တာကို ထပ်တွေ့လိုက်ရတယ်။ ကျွန်တော်တို့ ပြီးတာတွေ မပြီးခဲ့တာတွေ အများကြီးကျန်တယ်။ တချို့နေရာတွေမှာ အဓိက ဦးတည်ချက်တွေ ပျောက်သွားမတတ်ဖြစ်တယ်။ ဒီလိုအချိန်မှာ ဘာလဲဆိုတဲ့ ဦးတည်ချက်တွေ ပျောက်သွားမတတ်အခြေအနေတွေ ခဏခဏကြုံနေရတယ်။ ဒါပေမယ့် ဦးရာရှစ်မပျောက်သွားဘူး။ ဒါဟာ ဦးရာရှစ်က ကျွန်တော့်သမဂ္ဂကို လက်ဆောင်အဖြစ်ပေးခဲ့တဲ့ အမွေဖြစ်တယ်။

 

အဲဒါဘာလဲဆိုတော့ တက္ကသိုလ်စည်းမျဉ်းကြီးကို ရေးဆွဲနိုင်လောက်အောင် ကောင်းတဲ့ပညာ။ တိုင်းပြည်အပေါ်ထားတဲ့စေတနာ၊ ကိုယ့်ရဲဘော်ရဲဘက် အချင်းချင်းပေါ်ထားတဲ့ မေတ္တာတရား၊ ကောင်းမွန်တဲ့စေတနာ၊ ကောင်းမွန်တဲ့ ဥာဏ်ပညာ၊ ကောင်းမွန်တဲ့ မေတ္တာ၊ အဲဒါကို အခြေပြုပြီး တာဝန်ယူချင်တဲ့ လူ့အဖွဲ့အစည်းစိတ်ဓါတ် ဒါဟာ သမဂ္ဂရဲ့စိတ်ဓါတ်ဖြစ်တယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဦးရာရှစ်မှသည် သမဂ္ဂခေါင်းဆောင်ကြီး ကိုအောင်ဆန်း၊ ကိုနု စတဲ့ ကျောင်းသားခေါင်းဆောင်အသီးသီးကနေ သမဂ္ဂကိုလက်ဆင့်ကမ်းပေးတဲ့ အုတ်မြစ်ဖြစ်တယ်။ အားလုံးသိကြတဲ့အတိုင်း ၁၉၆၂-ခုနှစ်မှာ သမဂ္ဂအဆောက်အအုံကို ဗုံးခွဲတယ်။ သမဂ္ဂပြိုမယ်ထင်တယ်။ ဒါပေမယ့် သမဂ္ဂဘာလို့ မပြိုခဲ့တာလဲ။ အဲဒါပဲ သမဂ္ဂရဲ့ အခြေခံစိတ်ဓါတ်စည်းမျဉ်းဟာ ကောင်းမွန်တဲ့စေတနာ၊ ကောင်းမွန်တဲ့ ဥာဏ်ပညာ၊ ကောင်းမွန်တဲ့ မေတ္တာကိုအခြေခံထားတဲ့ တာဝန်ယူစိတ်ပဲ။

ဒါဟာ သေချာတယ် ကျောင်းသားစိတ်ဓါတ်ပဲ။ ကျွန်တော်ဒီမှာနောက်ဆုံးပြောလိုတာက ကိုရာရှစ်မှသည် ကိုအောင်ဆန်း၊ ကိုနု၊ ကိုမင်းကိုနိုင်တို့ဆီကနေ လက်ဆင့်ကမ်းပေးခဲ့တဲ့ ကောင်းမွန်တဲ့စေတနာ၊ ကောင်းမွန်တဲ့ ဥာဏ်ပညာ၊ ကောင်းမွန်တဲ့ မေတ္တာကိုအခြေပြုပြီး တာဝန်ယူစိတ်ရှိတဲ့ ဒီစိတ်ဓါတ် ဒီအကျင့်များကို ကျွန်တော်တို့အနေနဲ့ ကိုင်စွဲပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်ဟာ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကာလကို ဖြတ်သန်းသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ဟာ ဗ.က.သရဲ့ အခြေခံမူ ငါးချက်ဖြစ်တဲ့ အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး၊ ငြိမ်းချမ်းရေး စတဲ့ ဗ.က.သမူ ငါးချက်ကိုလည်း ဒီစိတ်ဓါတ်တွေကို ကိုင်စွဲရင်း ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ကြောင်း ထပ်ဆင့်ပြောကြားလိုပါတယ်။ ခေတ်အဆက်ဆက် ကျောင်းသားတွေ ဖိနှိပ်ခံနေရတာကို ဒီစိတ်ဓါတ် ဒီအကျင့်ကို စွဲကိုင်ရင်း ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲဒီ ကျောင်းသားတွေရဲ့တိုက်ပွဲမှာ ဘယ်သူတွေပါလဲ။ ဘယ်သူတွေ လက်ဆင့်ကမ်းပေးခဲ့ကြလဲ။ သေချာတယ်။ ကျွန်တော်တို့ရဲ့ အဖြူအစိမ်းလေးတွေနဲ့ ကျောင်းသူကျောင်းသားတွေအကအစ ခေတ်အဆက်ဆက်ကျောင်းသားတွေက ဒီစိတ်ဓါတ် ဒီအကျင့်ကို သယ်ဆောင်ခဲ့တာဖြစ်တယ်။ ဒီစိတ်ဓါတ်တွေကို ကိုယ်စားပြုပြီး တာဝန်ယူတတ်တဲ့ မြန်မာလူမျိုးဆိုတာ တာဝန်ယူတတ်တဲ့ လူ့အဖွဲ့အစည်းပါလို့ ကိုယ်ပိုင် Identity ကို ဖော်ထုတ်နိုင်ဖို့အတွက် သမိုင်းရှည် ချီတက်ကြတဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ ကာလဟာ အခုကျင့်စိတ်ဓါတ်ကို ကိုယ်စားပြုတဲ့ ကျောင်းသားတွေအတွက် တူညီတဲ့ကဗျာလေးတစ်ပုဒ်ကို ရွတ်ဖတ်ခြင်းနဲ့ နိဂုံးချုပ်ခွင့်ပြုပါ။ အဲဒါကတော့ ဆရာမောင်စိန်ဝင်းရေးသားခဲ့တဲ့ ငှက်တို့ရဲ့သမိုင်းပါ။

 

မလိုက်ရဲရင်လည်း အသိုက်ထဲမှာပဲ ကျန်ခဲ့လေ

တစ်နေ့နီးမှာပေါ့ ရှေ့ခရီးမျှော် မာန်တင်းပါကွဲ့

ငှက်ဆိုတာတော့ ပျံရင်းသေ။

ကဆုန်စိုင်းသလိုပေါက် မုန်တိုင်းတွေက ရှေ့မှာဝေ

တောမီးတွေက ရှေ့မှာဝိုင်း

ခြင်္သေ့က မြက်မစား ၊ ကျားက ကြွက်မချောင်း

ဖွတ်တွေက မိချောင်းလိုမနေ

အိုးဝေ အိုးဝေ တွန်သံနှောပါလို့

စိမ်းမြညို ဟောဟိုတောဆီသို့

အမောခံ ဇောမာန်တင်းကာ

ပျံရင်းသေ ခရီးဆက်မယ်တဲ့

အဲဒါ ငှက်တို့သမိုင်း ။     ။”

 

မျိုးဆက်သစ်ကျောင်းသူ မဇင်မာလွင်

“ ကြွရောက်လာကြသော ဧည့်သည်တော်များ အားလုံး မင်္ဂလာပါရှင်… ဒီနေ့ဟာဆိုလိုရှိရင် အားလုံးရဲ့ရင်ထဲမှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံနေတဲ့နေ့ တစ်နေ့ဖြစ်မယ်လို့ထင်ပါတယ်….  ဒီကနေ့ တ.က.သနှင့် ဗ.က.သရဲ့ ပထမဆုံးဥက္ကဌဖြစ်တဲ့ ဦးရာရှစ်၏ရာပြည့်အခမ်းအနားမှာ ကျွန်မတို့ မျိုးဆက်သစ်တွေအနေနဲ့ အခုလိုဂုဏ်ပြုစကား တက်ရောက်ပြောကြားခွင့်ရတဲ့အတွက် အင်မတန်မှ ဂုဏ်ယူမိပါတယ်ရှင်…. .မြန်မာ့သမိုင်းကြောင်းကို ပြောမယ်ဆိုလို့ရှိရင် ကျောင်းသား သပိတ်ကြီး သုံးခုဖြစ်တဲ့ ပထမကျောင်းသားသပိတ်(၁၉၂၀)၊ (၁၉၃၆) ဒုတိယကျောင်းသားသပိတ်၊ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးနှင့် အတူ ပေါ်ပေါက်လာတဲ့ (၁၉၃၈)ခုနှစ် တတိယကျောင်းသားသပိတ်တို့ဟာဆိုရင် ချန်လှပ်ထားလို့မရတဲ့ မြန်မာ့သမိုင်းကြောင်းရဲ့ကျောင်းသားသမိုင်းတွေဖြစ်ပါတယ်…ကျောင်းသားသမိုင်းကိုပြောမယ်ဆိုလို့ရှိရင်လဲ တ.က.သ ဥက္ကဌ၊ ဗ.က.သ ဥက္ကဌဖြစ်ခဲ့တဲ့ ဦးရာရှစ်ရဲ့အခန်းကဏ္ဍကို ချန်လှပ်ထားလို့မရပါဘူး…

ဘာကြောင့်လဲ ဆိုတော့ ဦးရာရှစ်ဟာ တ.က.သ ရဲ့ဥက္ကဌဖြစ်ခဲ့သလို ဗ.က.သရဲ့ပထမဆုံးဥက္ကဌလည်း ဖြစ်ပါတယ်… ဗိုလ်ချုပ်အောင်ဆန်းပြီးလို့ရှိရင် ဦးရာရှစ်ပြီးရင် ဦးနု၊ ကိုဗဟိန်း စတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ဆိုလို့ရှိရင် ခေတ်အဆက်ဆက်ကျောင်းသားသမဂ္ဂရဲ့စိတ်ဓာတ်ကို မျိုးစေ့ချခဲ့တယ်… ဒီမျိုးစေ့ကို ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂတွေက လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တာ ယနေ့ဆို နှစ်ပေါင်းဆယ်စုမက ဆယ်စုပေါင်းများစွာ ကျော်လာခဲ့ပြီဖြစ်ပါတယ်….  အခုလဲ အဲ့ဒီလိုပါပဲ… အခုလက်ရှိ ကျွန်မတို့ကျောင်သားမျိုးဆက်တွေဟာလဲ ဒီခေတ်အဆက်ဆက်ချခဲ့တဲ့ မျိုးစေ့ကို လက်ဆင့်ကမ်း သယ်ဆောင်သွားမှာ ဖြစ်ပါတယ်… ကျောင်းတော်မှာ ဆိုလိုရှိရင် ဒေါင်းအလံပြန် စိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ကျွန်မတို့ကျောင်းသား မျိုးဆက်တွေက ဖော်ဆောင်မှာဖြစ်ပါတယ်… ကျောင်းသားသမိုင်းဟာ ကျွန်မတို့ ကျောင်းသားမျိုးဆက်တွေအတွက် အရေးကြီးပါတယ်… ကျောင်းသားသမိုင်းမှ မဟုတ်ပါဘူး…သမိုင်းဆိုတာ အနာဂတ်လူငယ်တွေအတွက် အရမ်းအရေးကြီးပါတယ်… ဗိုလ်ချုပ်အောင်ဆန်း၊ ဦးရာရှစ် တို့ဟာ လူမျိုး၊ ဘာသာမတူပေမဲ့ သမိုင်းမှာဘယ်လို လက်တွဲခဲ့ကြတယ်ဆိုတာ သမိုင်းအဖြစ်က သက်သေရှိပါတယ်… ဒါကျွန်မတို့ မျိုးဆက်သစ်တွေ ဂုဏ်ယူသလို နမူနာယူရမှာဖြစ်ပါတယ်… ကျွန်မတို့ကလည်းကျောင်းသား သမဂ္ဂကို ဖော်ဆောင်တဲ့နေရာမှာ ကျောင်းသားသမဂ္ဂရဲ့စိတ်ဓာတ်တွေကို လက်ဆင့်ကမ်း သယ်ဆောင်တဲ့နေရာမှာ လူမျိုး၊ ဘာသာမရွေး ကျောင်းတော်မှာ ဒေါင်းအလံပြန်စိုက်ဖို့အတွက်၊ တက္ကသိုလ်နယ်မြေမှာ တက္ကသိုလ်အခန်းတွေ၊ တက္ကသိုလ်ရုံးခန်းတွေ ပြန်ဖွင့်ဖို့အတွက် ကြိုးစားရာမှာ လူမျိုး၊ ဘာသာမရွေး လက်တွဲပြီးတော့မှ ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံပြန်စိုက်နိုင်ဖို့ ကြိုးစားသွားမဲ့ မျိုးဆက်သစ် လူငယ်များ ဖြစ်တယ်ဆိုတာကို ပြောကြားရင်း နိဂုံးချုပ်ပါတယ်ရှင်……….

 

တ.က.သ၊ ဗ.က.သ ဥက္ကဌ ဦးရာရှစ် ရာပြည့်အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့လာသော သ၀ဏ်လွှာများကို ဖတ်ကြားခြင်းနှင့် မှတ်တမ်းတင်ထားရှိခြင်း

စာရေးဆရာ ဆရာကြီးဒဂုန်တာရာ ပေးပို့သောသ၀ဏ်လွှာကို စည်သူမောင် (တ.က.သ) မှ ဖတ်ကြားခဲ့ပါသည်။     “အားလုံး မင်္ဂလာပါ…ကျွန်တော် ဆရာကြီးဒဂုန်တာရာရဲ့ ဦးရာရှစ်ရာပြည့်အခမ်းအနားသို့ ပေးပို့လာသော သ၀ဏ်လွှာကို ဖတ်ကြားပါ့မယ်… ဦးရာရှစ်ဟာ (၁၉၃၆)ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့တယ်။ ကျွန်တော် ကောလိပ်ရောက်စနှစ်က ကျောင်းသားသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ စကားပြောရာတွင် ကြည်လင်ပြတ်သားပြီး မြန်မြန်နဲ့ ပီပီသသပြောတတ်တာကိုလည်း သတိထားမိပါတယ်။ သူဟာ ဥက္ကဌဦးနုနဲ့ ခင်မင်ရင်းနှီး၍ ဘာသာရေးကိုင်းရှိုင်းသူဖြစ်တာကိုလည်း ကျွန်တော် သတိထားမိတယ်။ သူဟာ ဦးနုရဲ့ တရားပွဲတွေမှာ အကြောင်းအရာတစ်ခုကို ပီပြင်ကျနစွာပြောဆိုနိုင်စွမ်း ရှိသူဖြစ်တယ်ဆိုတာကို ကျွန်တော် အမြဲ အမှတ်ရနေတာဖြစ်ပါတယ် လို့ ဆရာကြီး ဒဂုန်တာရာက အမှတ်တရစကား ပေးပို့ပါတယ်ခင်ဗျာ။”

 

ဦးရာရှစ်၏အငယ်ဆုံးသားဖြစ်သူ ဒေါက်တာစလ်မာန်ရာရှစ်ပေးပို့သော သ၀ဏ်လွှာ၊

သီတဂူစကုဒါနဦးဆောင် ဆရာတော် အရှင်ခေမာ သီရိလင်္ကာရ ရွှေပြည်အေး ဆရာတော်မှ ကိုယ်တိုင်ကြွရောက်နိုင်ခြင်း မရှိ၍ ဂုဏ်ပြုစကား လက်ဆောင်ကမ်းခြင်း၊

၁၉၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစုများမှ ဦးရာရှစ်ရာပြည့်အခမ်းအနားအတွက် ပေးပို့သော သ၀ဏ်လွှာ၊ ဒေါ်ဝါ၀ါစိုး၏ ရာပြည့်ပွဲလာပရိသတ်များသို့ ပေးပို့သော သ၀ဏ်လွှာ၊

ကိုအောင်ထွန်း(ကျောင်းသားသမဂ္ဂစာပေသမိုင်းအုပ်စု)မှပေးပို့သော သ၀ဏ်လွှာများ၊ ကဗျာများကို မှတ်တမ်းတင်အပ်ပါတယ်။

 

ဘာသာကြီး ၄-ဘာသာမှ ဦးရာရှစ်ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားခြင်း

သရက်တောကျောင်းတိုက်၊ မှန်ကျောင်းဆရာတော် ဆရာတော်ဥူးရေ၀တ

“ဆရာတော်အနေနဲ့ကတော့ အတိတ်အကြောင်းတွေကို မမေ့ရာ မမေ့သင့် မမေ့အပ်ဘူးလို့ တရားဟော ဒေသနာတော်ထဲမှာလည်းပါတယ်။ ထို့အတွက်ကြောင့် လောကမှာလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို မမေ့သင့် မမေ့ထိုက် မမေ့အပ်တဲ့ အနေအားဖြင့် ကနေ့ မျိုးဆက်သစ်များက ပြုလုပ်ပါသဖြင့် ဤနေရာ ဤဌာနမှာ ဆရာတော် စကားပြောခွင့်ရတယ်။

စကားပြောခွင့်ရတော့ လောကမှာ ဂုဏ်ပြုအပ်၊ ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်များကို ဘုရားကတော့ ဒုလ္လဘတရားငါးပါးထဲမှာ ကသင်ညုတ ကသဝေဒီ ဒုလ္လဘော လောက ဆိုပြီး လောကမှာ ရှားတယ်၊ ရခဲတဲ့ပုဂ္ဂိုလ်ရှားတယ်။ ဘယ်သူလဲ။ ကသင်ညူတဲ့ သူပြုဖူးတဲ့ကျေးဇူးကို သိပြီး၊ ကသဝေဒီ သူ့ကျေးဇူးကိုသိလို့ ထင်ရှားအောင် လုပ်လို့ရှိရင် လုပ်နိုင်တဲ့ပုဂ္ဂိုလ် လုပ်တဲ့အဖွဲ့အစည်းဆိုတာ အလွန် အင်မတန်မှ ရှားပါးတယ်။ ရှားပါးသောလည်း ယနေ့မျိုးဆက်သစ်လူငယ်များကနေပြီးတော့ ပြုလုပ်လာတဲ့ အချိန်အခါကာလမှာ မမေ့သင့် မမေ့ထိုက် မမေ့အပ်တဲ့ပုဂ္ဂိုလ်ကို ကျေးဇူးတုန့်ပြန်တယ်ဆိုတာ ဒုလ္လဘတရားပါ။ သမိုင်းက လူငယ်တွေပြောသွားတာ ခုနကပြောသွားတာတွေဟာ အကုန်လုံးပြည့်စုံနေပါပြီ။

သို့သော်လည်းပဲ စမ်းချောင်းကိုကိုက ရေးထားတယ်။ ဘာရေးထားလဲဆိုတော့ မေခနဲ့ မလိခမြစ်ရေကို ဘယ်တော့မှ မခန်းစေဘူး။ ထာဝရ စုန်ဆင်းနေရမယ်လို့ ကဗျာထဲမှာဖတ်လိုက်ရတယ်။ အဲလို စုန်ဆင်းနေရမယ်ဆိုတဲ့အခါကျတော့ ဘုန်းကြီးတို့ရဲ့နိုင်ငံမှာ ဧရာဝတီဆိုတာ ဗမာ့ဦးခေါင်းပဲ။ ဧရာဝတီမြစ်ဆုံရေကာတာကြီးလုပ်မယ်ဆိုတော့ ဘုန်းကြီးက ဟ တို့ခေါင်းတော့ ရိုက်ခွဲပြီလို့ ကိုယ့်အမြင်နဲ့ကိုယ်ရှိခဲ့တယ်။ ကိုမင်းနိုင်ကိုအဖွဲ့ကနေ မြစ်ဆုံရေကာတာ ဖျက်ပေးပါ ဖျက်ပေးပါ ပြောတယ်။ ဘုန်းကြီးက သူတို့အရင် စာချုပ်ပြီဆိုကတည်းက တို့ခေါင်းတော့ ကွဲပြီလို့ပြောတာ။ ရှေးကလည်းပဲ မန္တလေးကျမ်းတတ်ဆရာတော်များက ထာဝရပစ္စည်းဆိုတာ မဖျက်ဆီးကောင်းဘူးလို့ စာအုပ်တွေရှိခဲ့တယ်။ ဘုန်းကြီးတို့ ၇၅-ခုနှစ်မှာ ဒကာကြီးတို့သိပါလိမ့်မယ်။ မန်းချောင်းရေကာတာ တရုတ်ပြည်မှာ ရေကာတာကြီးကျိုးတော့ လူပေါင်းဘယ်လောက်သေတယ်ဆိုတာ ၂၆၀၀၀၀ သေတယ်။ ၂၆၀၀၀၀ သေပြီးတော့ လူပေါင်း ၁၁-သန်းလောက်အိုးအိမ်မဲ့ဖြစ်သွားတယ်။

မန်းချောင်းရေကာတာ ၇၅-ခုနှစ်က ကျိုးတာကို ၉၀-ခုနှစ်ကျော်မှ တရုတ်ကလာပြီးတော့ ဖော်ပြတယ်တဲ့။ နှစ်ပေါင်း ဘယ်လောက်ကြာလဲ။ ထင်သာမြင်သာဆိုတဲ့စကားဟာ မရှိလို့ ၇၅-ခုနှစ်က သေတာကို ၉၀-ခုနှစ်ကျော်ကျော်မှ တရုတ်က ဖော်ပြတယ်။ သို့သော် ၁၉၅၆-ခု ဟန်ဂေရီ အရေးတော်ပုံပေါ်တဲ့အခါမှာ ဘယ်သူကလာပြီး ဆိုဗီယက်ကရင်ဂျီတွေကနေပြီးတော့ နာဇီ ဂျာမန်များ၏ ရက်စက်ကြမ်းကြုတ်မှုများဆိုပြီးတော့ အလောင်း ၃၁-လောင်းကို တစ်နေရာတည်းမြှုပ်ထားတာ။ ၁၉၉၀-ခုနှစ်ကျော်မှ ဟန်ဂေရီအမျိုးသားသူရဲကောင်းဆိုပြီး နှစ်ကြာမှ ပေါ်လာတာ။ အဲဒါ ထင်သာမြင်သာရှိအောင် မလုပ်ခဲ့တဲ့အလုပ်။ နှစ်ပေါင်း ၃၁-နှစ်ကြာတယ်လို့ပြောတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့လို သူရဲကောင်း ဗိမာန်အခုမှလုပ်ရတယ်။ ဒါ ဘာလဲဆိုတော့ အာဏာရှင်တို့ရဲ့ လုပ်ရပ်တွေပဲလို့ ပြောချင်တာ။ ဘုန်းကြီးတစ်ခုပြောချင်တာက ကိုမင်းကိုနိုင်တို့က အသက် ၅၀- ရှိပြီဆိုတော့ ကျောင်းသား မဟုတ်တော့ဘူး။

တရုတ်ပြည်မှာ မြစ်ဝါမြစ်စောင့်နတ်ကြီးက ကမ္ဘာမှာ အရှည်ဆုံးမြစ်ကြီးကို ငါစောင့်ရတာဆိုပြီးတော့ သူ့ဘာဟူ ဘ၀င်မြင်နေ့တယ်။ တစ်နေ့ကျတော့ မိုးကြီးလေကြီးကျတော့ နတ်မင်းကြီးက ပင်လယ်ဘက်ရောက်သွားတယ်။ အဲဒီအခါကျတော့ ဟိုကြည့်ဒီကြည့်နဲ့ မြစ်ဝါမြစ်စောင့်နတ်က အဲဒီအခါကျတော့ ဟ ငါမြစ်ဝါမြစ်စောင့်ရတာ ဘာမှ မဟုတ်သေးဘူး။ ငါပင်လယ်ကြီးရောက်တဲ့အခါကျတော့မှ လောကကြီးက အကျယ်ကြီးပါလားလို့ မြစ်စောင့်နတ်က သိသွားသလိုပဲ။ ကိုမင်းကိုနိုင်တို့လည်း ကနေ့ ကျောင်းသား မဟုတ်တော့ဘူး။ ၈၈-မဟုတ်တော့ဘူး။ ပင်လယ်ထဲရောက်တဲ့ မြစ်ဝါမြစ်စောင့်နတ်လိုဖြစ်ပြီ။ ဒါကြောင့် အစစအရာရာမှာ ကိုမင်းကိုနိုင်တို့ ၈၈-မျိုးဆက်များ၊ နောက်ကျောင်းသားလူငယ်များ အစစအရာရာ ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်ပါလို့ ဘုန်းကြီးက အဲလိုပြောချင်တာ။ နိဂုံးချုပ်အနေအားဖြင့် ဒကာကြီး ဦးရာရှစ် ရာမှသည်ထောင်၊ ထောင်မှသည် သောင်း၊ သောင်းမှသည် သိန်းထိအောင် သမိုင်းတွင်ပါစေ။ တစ်ခါတစ်ရံမှာ သမိုင်းကမြုတ်နေတယ်။ အာဏာရှင်တို့လက်ထဲမှာ သမိုင်းကမြုတ်နေတယ်။ သို့အတွက်ကြောင့် ယနေ့ ဗမာပြည်မှာ ဘုန်းကြီးပြောချင်တာက ကိုမင်းကိုနိုင်တို့ဦးစီးသော ၈၈-မျိုးဆက်ကျောင်းသားများနှင့်တကွ နောင်လာနောက်သားများ ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ကြပါလို့ပြောရင်း နိဂုံးချုပ်ပါတယ်။”

 

ရွှေဝါရောင်ဆရာတော် ဥူးဣဿရိယ

“ကြွရောက်လာကြတဲ့ ဘာသာပေါင်းစုံမှ ဆရာတော်များကို ဂါရ၀ပြုပါတယ်။ နောက် ဧည့်သည့်တော်များလည်း နှုတ်ခွန်းဆက်သပါတယ်။ ဦးရာရှစ်ပွဲမှာ ဦးရာရှစ်အကြောင်းကိုဖွဲ့ဆိုသွားတဲ့ ဂုဏ်ပုဒ်တွေလည်းတော်တော်လေးပြည့်စုံနေပါပြီ။ ဒါပေမယ့် သမိုင်းတွေထဲမှာ မပါသေးတဲ့အချက်လေးတွေကို ပြောပြချင်ပါတယ်။ ဦးဇင်းက ဦးရာရှစ်ကို အရှင်လတ်လတ် တွေ့ခဲ့ဖူးသူ။ ဒီ အာဏာရှင်နေ၀င်း အစိုးရရဲ့ ဖမ်းဆီးမှုက လွတ်လာပြီးတော့ သူ့ရဲ့ အမှုတွဲတွေရှိရာ ရေနံချောင်းမြို့ကိုလာရင်း ဦးဇင်းနဲ့ဆုံခဲ့ရတာ။

အဲဒီတုန်းက ဦးဇင်းက ကလေးဘ၀နဲ့ အလွန်ဆော့တာ။ သိပ်ဆော့တဲ့အခါမှာ ဦးရာရှစ်က ဦးဇင်းကို အင်္ဂလိပ်လို ဆုံးမပါတယ်။ Be a good boy တဲ့။ အဲဒီစကားလေးက နားထဲမှာ အမြဲစွဲပါတယ်။ အဲဒီတော့ ဦးရာရှစ်ကို အခုမှ ဦးရာရှစ်လို့ခေါ်ရတာ ဦးဇင်း ပါးစပ်ထဲမှာ တစ်မျိုးဖြစ်နေတယ်။ အဲဒီတုန်းက ဦးရာရှစ်ကို လူကြီးတွေခေါ်တာ မစ္စတာရာရှစ်တဲ့။ ဒီတော့ ဦးရာရှစ်ရဲ့ အကြောင်းစာတွေထဲမှာဖတ်ရင်းသိလာတော့မှ ကိုယ်သိတာက ကိုယ့်ကို မုန့်ဖိုးပေးတဲ့သူ၊ ချောကလက်ပေးတဲ့သူ၊ be a good boy လို့ဆုံးမတဲ့ မေတ္တာရှင်လို့ပဲသိတာပါ။ နောက်ပိုင်းကျမှ နိုင်ငံရေးသမားမှန်းသိတာပါ။ ဆိုလိုချင်တာကတော့ ဦးရာရှစ်က ကလေးတွေကိုလည်း အင်မတန်မှ မေတ္တာတရား ကြီးမားခဲ့တဲ့သူဖြစ်ပါတယ်။

အဲဒီမေတ္တာတရားကြီးမားခြင်းရဲ့ ရလဒ်က ဘာလဲဆိုတော့ ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ဆဋ္ဌမသင်္ဂါယနာတင်တဲ့ ဦးနု၊ ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ် တရားဝင်အသိအမှတ်ပြုတယ်ဆိုတဲ့ဦးနုဟာ တစ်သက်လုံး မစ္စတာရာရှစ်နဲ့ တွဲသွားတယ်ဆိုတဲ့ကိစ္စဟာ ထောင်ထဲသွားတဲ့အထိပါသွားပါတယ်။ ဒီ ၂-ယောက်ကိုကြည့်ရင် အင်မတန်မှ အံ့သြစရာကောင်းပါတယ်။ ဦးနုဟာလည်း ဗုဒ္ဓဘာသာထဲမှာဆိုလည်း တကယ်ကိုပဲ ထင်ရှားတဲ့ပုဂ္ဂိုလ်ဟာ။ ဦးရာရှစ်ဟာလည်း သူ့ရဲ့ဘာသာ အစ္စလာမ်ဘာသာကို အင်မတန်မှ ယုံကြည်ကိုင်းရှိုင်းတဲ့သူပါ။ တစ်နေ့ကို ၅-ကြိမ်မပျက်ဝတ်ပြုတယ်။ ဒါပေမယ့် ဒီ ၂-ယောက်က တစ်သက်လုံး လက်တွဲသွားပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ဒီအာဏာရှင်ရဲ့ အမျိုးမျိုးသော ဒုက္ခပေးတဲ့အတွက်ကြောင့် သူအင်မတန်မှချစ်တဲ့ နိုင်ငံခြားကို ပြန်သွားပြီးတော့ ပါကစ္စတန် ကရာချိမှာ သေဆုံးသွားပါတယ်။

အဲဒီအချိန်ကျမှ ဦးဇင်းတို့ ဦးရာရှစ်ကို လွမ်းနေကြပါတယ်။ ဒါပေမယ့် ဦးဇင်း အခု အဓိကလွမ်းနေတဲ့အချက်က ဒီလို ဦးနုကတောင်မှ ဦးရာရှစ်နဲ့တွဲပြီးတော့ လက်တွဲပြီးလုပ်ခဲ့တဲ့ကိစ္စ။ ဦးဇင်းတို့ကျတော့ ဘာဖြစ်လို့ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။ မြန်မာနိုင်ငံမှာ တက်ခဲ့တဲ့ စစ်အစိုးရတွေဟာ သူတို့ဘောင်းဘီတွေသာချွတ်၊ ခေါင်းပေါင်းတွေသာပြောင်းနေပေမယ့်။ စစ်ဝါဒီတွေရဲ့ အကြောက်ဆုံးကတော့ တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံ ညီညွတ်သွားမှာကိုပါ။ အဲလို တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံ ညီညွတ်သွားမှာကို အကြောက်ဆုံးပါ။ အဲဒီတော့ ဒီနေရာကနေ ဦးဇင်း တိုက်တွန်းချင်တာကတော့ ဒီစစ်အာဏာရှင်အစိုးရရဲ့ မကြိုက်ဆုံးအလုပ်ကို လုပ်ကြရအောင်လို့ တိုက်တွန်းလိုက်ပါတယ်။”

 

အစ္စလာမ်ဘာသာ ဓမ္မကထိက ဆရာဦးအေးလွင်(B.Sc.)

“လေးစားအပ်ပါသော သံဃာတော်အရှင်သူမြတ်များ၊ ဘာသာအသီးသီးမှ ဓမ္မခေါင်းဆောင်ကြီးများ၊ ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင် အစရှိတဲ့ မြန်မာ့မျိုးချစ် ခေါင်းဆောင်ကြီးများ၊ ကျောင်းသားသမဂ္ဂခေတ်အဆက်ဆက်မှ ပုဂ္ဂိုလ်ကြီးများ အားလုံးအပေါ်မှာ အေးချမ်းသာယာမှုနဲ့ သံတိသုခမင်္ဂလာ ခညောင်းပါစေလို့ ပဏာမ ဆုတောင်းပါတယ်။ အတ်စလာမုအလိုင်ကွမ်း ၀ရဟမာသုလာဟေ့ ၀ဗရကာသု။

ကျွန်တော့်အနေနဲ့ ဘာသာတရားကို ကိုယ်စားပြုပြီး တင်ပြရမှာဖြစ်တဲ့အတွက် ဘာသာရေးရှုထောင့်က တင်ပြသွားမှာဖြစ်ပါတယ်။ ဗ.က.သ/တ.က.သ ခေါင်းဆောင် ကိုရာရှစ် ဘာကြောင့် တိုင်းပြည်အပေါ် သစ္စာရှိရတာလဲဆိုတဲ့အချက်ကလေးတွေကို ကျမ်းမြတ်ကုရ်အာန်နဲ့ မဟာတမန်တော်မြတ် ရွှေနှုတ်တော်ထွက် သြ၀ါဒတော်များကနေ တင်ပြပါမယ်။

ကျမ်းမြတ်ကုရ်အာန်မှာ လူသားအားလုံးတို့သည် ၀ိညာဉ်တစ်ခုတည်းမှဖြစ်လာ၏။ အဲဒီလူသား ဘယ်သူမြတ်သလဲဆိုတာတိုင်းတာဖို့အတွက် Human value အတွက် Criteria စံသည် သက္က၀ါလို့ခေါ်တဲ့ သီလ၊ သမာဓိ၊ ပညာဆိုသော သိက္ခာတရားသာလျှင်ဖြစ်ပါသည်။ သူ့ခန္ဓာကိုယ်ထဲမှာစီးနေတဲ့သွေးတွေ၊ သူ့ရဲ့ မျိုးရိုးတွေ၊ ဗီဇတွေ၊ ဇာတိတွေနဲ့ မပတ်သက်ပါဘူး။ လူသားရဲ့တန်ဖိုးကို ဆုံးဖြတ်မှာက ကိုယ်ကျင့်သိက္ခာသာလျှင်ဖြစ်ပါတယ်လို့ မိန့်မှာပါတယ်။ ဇာတိ ပုည ဂုဏ်မာနတွေမောက်နေတဲ့ အာရဗ်တွေကို တိုက်ရိုက် ကိုယ်တော်မြတ်က မိန့်ပါတယ်။ ဟေ့ အာရဗ်တွေ မင်းတို့ထက်၊ အာရဗ်မဟုတ်သူများဟာ မနိမ့်ကျဘူးနော်။ ဟေ့ လူဖြူတွေ လူမည်းတွေဟာ မင်းတို့ထက် မနိမ့်ကျဘူးနော်။ လူ့ရဲ့တန်ဖိုးကို သိက္ခာနဲ့ တန်ဖိုးဖြတ်ရမယ်လို့မိန့်ကြားပြီးတော့ လူသားဝါဒကို ဘယ်လိုတင်ပြသွားလဲဆိုတော့ မင်းတို့မှတ်ထားကြ လူသားအားလုံးဟာ အိမ်ထောင်စုတစ်စုတည်း၊ မင်းတို့အဖေဟာတစ်ယောက်တည်း၊ ဒါပေမယ့် မင်းတို့တွေဟာတော့ ပထ၀ီမြေရုပ်နဲ့လုပ်ထားတယ်ဆိုတာကိုလည်း မင်းတို့မမေ့ကြနဲ့။ ဒါဟာ ကိုယ်တော်မြတ်ရဲ့ ရွှေနှုတ်တော်စကားလုံးပါ။

ဒုတိယအချက် ဘာသာတရားအသီးသီးရဲ့ချစ်ကြည်ရေး၊ ဆရာတော်ဘုရားကြီးများလည်း မိန့်ကြားသွားသလို အစ္စလာမ်ဘာသာဟာ ဘာသာပေါင်းစုံချစ်ကြည်ရေးကို လောက၀တ်အရ လုပ်ရတာမဟုတ်ပါဘူး။ ပွင့်လေပြီးသမျှသော လာခြင်းကောင်းတော်မူသော မဟာလူသား ပုဂ္ဂိုလ်ထူးအဆူဆူကို လက်မခံရင် မွတ်စလင်မ်မဟုတ်ပါဘူးခင်ဗျ။ ၂၅-ပါးသောပုဂ္ဂိုလ်ကို နာမည်နှင့်တကွ ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြထားပါတယ်။ ခေတ်တိုင်း ခေတ်တိုင်း နေရာတိုင်းမှာ ဒီပုဂ္ဂိုလ်တွေပွင့်ခဲ့တယ်။ တစ်ပါးကိုမှချန်ပြီး မင်းတို့မယုံကြည်ပဲ ထားရင် သာသနာအပကို ရောက်သွားမယ်။ တစ်ပါးကိုမှ ချန်ထားလို့မရဘူး။ ၂၅-ပါးကို ကျမ်းထဲမှာပါတယ်။ ကျန်တဲ့ပုဂ္ဂိုလ်များဟာ ခေတ်တိုင်းလူမျိုးတိုင်းမှာ ပွင့်ခဲ့တဲ့ မဟာလူသားပုဂ္ဂိုလ်ထူးအားလုံးကို ကျွန်တော်တို့က လက်ခံရမှာဖြစ်ပါတယ်။

တတိယအချက် မိမိရဲ့တိုင်းပြည်ကို ချစ်မြတ်နိုးခြင်းသည်။ ယုံကြည်မှုသဒ္ဒါတရားရဲ့ ထက်ဝက်ဖြစ်သည်လို့ ဒီလို မိန့်မှာထားပါတယ်။ ဦးရာရှစ်ဟာ အိန္ဒိယနိုင်ငံသား အစ္စလာမ်ဘာသာကိုးကွယ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက ပြောတယ်။ သွေးတူတာထက် စိတ်တူတာ ပိုအရေးကြီးတယ်။ နှလုံးသားရဲ့ အဇ္ဈတ္တသဏ္ဍာန်မှာ မတူညီမှုတွေရှိနေရင်တော့ ဘယ်တော့မှပေါင်းစည်းလို့ ရမှာမဟုတ်ဘူး။ နှလုံးသားရဲ့တူညီမှုဟာ အေးအတူ ပူအမျှ လက်ရေတပြင်တည်း နေထိုင်ခဲ့ကြတဲ့ပုဂ္ဂိုလ်ဟာ ဒီနိုင်ငံသည်တို့နိုင်ငံ၊ ဒီနိုင်ငံသည် တို့ရဲ့ကျေးဇူးသစ္စာ စောင့်သိရမယ့်အရပ်ဒေသလို့ ခံယူထားခဲ့တဲ့ ဦးရာရှစ်ဟာ ကျမ်းမြတ်ကုရ်အာန်ရဲ့ နောက်ထပ် အဆုံးအမတစ်ခုက ကမ္ဘာမြေပြင်ကို အလှဆင်မှ အလ္လာဟ်ချစ်မယ်။ ကမ္ဘာမြေပြင်မှာ အဖျက်အမှောင့်လုပ်ငန်းတွေကို ဘယ်တော့မှ မလုပ်လေနှင့်။

နောက်ဆုံးအနေနှင့်တင်ပြလိုတာက တိုင်းရင်းသားနိုင်ငံသား အစ္စလာမ်ဘာသာဝင်များခင်ဗျား၊ ကျမ်းမြတ်ကုရ်အာန်က ကျွန်တော်တို့ကို ဆုံးမစကားပေးထားပါတယ်။ မကောင်းမှုကို တုန့်ပြန်ခိုင်းထားပါတယ်။ ဘယ်လိုတုန့်ပြန်ခိုင်းထားပါသလဲ။ ဂျီဟာဒ်မဟုတ်ပါဘူး။ ဂျီဟာဒ်ဆိုတာ ကြိုးပမ်းခြင်းပါ။ နိမ့်ကျရာကနေ မြင့်လာအောင် ကြိုးပမ်းခြင်း၊ ပညာမရှိရာကနေ ပညာရှိအောင်လုပ်ခြင်း၊ ဖိနှိပ်ခံနေရတာကနေ လွတ်မြောက်ခြင်းရအောင်လုပ်ခြင်း၊ ဆင်းရဲခြင်းက လွတ်ကင်းအောင် ရုန်းကန်ကြိုးပမ်းတာကို straigle, to straige ကို ဂျီဟာဒ်လို့ခေါ်တယ်။ သို့သော် ကျွန်တော်တို့ကို ခန္တီတရားနဲ့ ကြံ့ခိုင်မှုကို ပြောထားတယ်။ ကုရ်အာန်ကျမ်းမြတ်မှာ အင်မတန် ကဗျာဆန်တဲ့ အပိုဒ်လေးတစ်ပိုဒ်ပါတယ်။ စမီးအွလ် – ဂျမီးသွလ် Patient is beautiful ကြံ့ခိုင်မှု သည်းခံမှုတရားသည် အင်မတန်လှပါသည်။ အဲဒီတော့ အလှတရားကို ခြယ်သရမယ့် ကျွန်တော်တို့ တိုင်းရင်းသား နိုင်ငံသားအပေါင်းတို့ဟာ ဘယ်လောက်ပဲ မုန်တိုင်းတွေ ထန်နေပါစေ။ ကျွန်တော်တို့နိုင်ငံမှာ မှီတင်းနေထိုင်တဲ့ လူများစုသော ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ညီအစ်ကိုတွေဟာ မြတ်ဗုဒ္ဓါရဲ့ အရိပ်အာဝါသအောက်မှာ ခိုလှုံနေတာပါ။ ဗုဒ္ဓရဲ့တရားဟာ အင်မတန်ရှင်းပါတယ်။ ပုဂ္ဂိုလ် သတ္တ၀ါ လူ နတ် ဗြဟ္မာမရှိဘူးဟေ့၊ ရုပ်နဲ့နာမ်နဲ့ ဖွဲ့စည်းထားတာပါ။ ဒါကြောင့် ကောင်းတာကိုဆောင် မကောင်းတာကိုရှောင် စိတ်ကလေးကို သန့်အောင်ထား။ လောကမှာ အဖြူရယ် အမည်းရယ်၊ ဟိုလူမျိုးရယ်၊ ဒီလူမျိုးရယ် ဟိုဘာသာတွေ ဒီဘာသာတွေ မရှိပါဘူး။ တရားတွေ ဘယ်လိုကောင်းကောင်း တရားကို မစောင့်တဲ့သူတွေ ရှိတဲ့အတွက် လောကမှ လူနှစ်မျိုးပဲ ရှိပါတယ်။ ကောင်းသော အကျင့်သီလကို စောင့်သောသူနဲ့ မကောင်းသော အကျင့်သီလကို စောင့်သောသူဆိုပြီး လူနှစ်မျိုးပဲရှိပါတယ်။ အဲဒါကိုမြင်အောင်ကြည့်မယ်ဆိုရင် ဦးရာရှစ်ပေးခဲ့တဲ့ သမိုင်းအမွေကို အခု ကျွန်တော်တို့ အပေါ်ယံလေး မြင်နေရတဲ့ တိမ်သလ္လာကို ငြိမ်းချမ်းရေးနဲ့ မေတ္တာဆိုတဲ့ လေပြေလေညင်းနဲ့ တိုက်ထုတ်ကြပါစို့လို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်။”

 

မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ ဖာသာပီတာဂျိုးဇက် –
“ဗ.က.သ/တ.က.သ ဥက္ကဌ ဦးရာရှစ်ရဲ့ ရာပြည့်မှာ ကိုယ်စားပြုပြီးတော့ အခုလို စကားပြောခွင့်ရလို့ အထူးပဲ ၀မ်းမြောက် ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီကို ကိုယ်စားပြုပြီး တက်ရောက်လာတာဖြစ်တဲ့ အတွက်ကြောင့် ဘာသာတရားကိုပဲ ကျွန်တော် အနည်းငယ်ဖော်ပြချင်ပါတယ်။ ဘာသာရေးခေါင်းဆောင်များ ခေတ်ကာလ အဆက်ဆက် နိုင်ငံရေးခေါင်းဆောင်များ၊ အမျိုးသားခေါင်းဆောင်များတို့ကို ဒီနေရာကနေ ဂါရ၀ပြုပါတယ်။ မိမိနေထိုင်တဲ့ တိုင်းပြည်ရဲ့အကျိုးကို ဆောင်ရွက်ပါလို့ ဓမ္မဟောင်းကျမ်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ ဣသရေလလူမျိုးတွေရဲ့ ခေတ်ဖြစ်ပါတယ်။ အဲဒီခေတ်က မိမိနေထိုင်တဲ့တိုင်းပြည်ကို ကိုယ်စားပြုပြီး တိုင်းပြည်ရဲ့ကောင်းကျိုးကို ဖော်ဆောင်ပါလို့ ယနေ့ဖော်ပြတဲ့အတိုင်းပဲ ဒီကနေ့လည်း ဒီစကားကိုပဲ ဦးရာရှစ်ရဲ့ ရာပြည့်မှာ ထပ်ဆင့်ပြီးတော့ ဖော်ပြချင်ပါတယ်။ မိမိရဲ့တိုင်းပြည်ကောင်းကျိုးကို ဖော်ဆောင်ဖို့ရာ ဖော်ပြချင်ပါတယ်။ သမိုင်းမှာ ခေတ်အဆက်ဆက်မှာ ခေါင်းဆောင်တွေကို ဖော်ထုတ်ခဲ့ပါတယ်။ သမိုင်းဟာ ခေါင်းဆောင်တွေကို ပြုစုပေးခဲ့ပါတယ်။

ဒီပြုစုပေးခဲ့တဲ့ ခေါင်းဆောင်တွေကပဲ ငြိမ်းချမ်းရေးကို ရှာဖွေဖော်ထုတ်တဲ့ ခေါင်းဆောင်တွေလည်း ရှိခဲ့သလို ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးပြုခဲ့တဲ့ ခေါင်းဆောင်တွေလည်း ရှိပါတယ်။ သခင်ခရစ်တော်ရဲ့ ကားတိုင်ပေါ်မှာ မြွက်ကြားတဲ့စကား လူမျိုးမရွေးဘာသာမရွေး လူသားအားလုံးကို သူတို့ပြုသောအမှုသည် အဘယ်ကဲ့သို့သော အမှုဖြစ်သည်ကို မသိသဖြင့် သူတို့၏အပြစ်များကို ခွင့်လွှတ်ပါလို့ ဒီကနေ့ မေတ္တာတရားကို ရှေ့ထားပြီးတော့ ပထမဆုံးမြွက်ကြားတဲ့စကားဖြစ်ပါတယ်။ ဒါကြောင့် မေတ္တာတရားကို ကိုင်စွဲထားတဲ့ ခရစ်ယာန်ဘာသာ၊ ခွင့်လွှတ်ခြင်းတရားကို ကိုင်စွဲထားတဲ့ ခရစ်ယာန်ဘာသာဟာ ဒီကနေ့ ဘာသာကြီးတွေနဲ့အတူ လက်တွဲပြီးတော့ ကျွန်တော်တို့ တိုင်းပြည်မှာ တိုင်းပြည်ထူထောင်ရေးအတွက် ကောင်းကျိုးအတွက်၊ လူသားအားလုံး တစ်လုံး တစ်ဝတည်းဖြစ်ရေး အတွက် အတူတကွ လက်တွဲဆောင်ရွက်ဖို့ရန် ကျွန်တော်တို့ ခရစ်ယာန်အသင်းတော်များက အဆင်သင့်ရှိနေပါတယ်ဆိုတာကို ဖော်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။”

ဟိန္ဒူဘာသာ ကိုယ်စားပြု မြန်မာနိုင်ငံဆိုင်ရာ ဟိန္ဒူဘုန်းတော်ကြီးများ ဗဟိုအဖွဲ့ချုပ်မှ ဆရာတော် စရီဦးခင်မောင်မြင့် –

“အားလုံးမင်္ဂလာပါ၊ နမတ်စတေး၊ အတ်စလမ်မာလေကွန်း၊ ၁၉၃၆-နှစ် ပထမဆုံး တ.က.သ ဥက္ကဌနှင့် ဗ.က.သ ဥက္ကဌ ဦးရာရှစ်၏ ရာပြည့်အခမ်းအနားကို တက်ရောက်လာကြတဲ့
ဘာသာရေး အသင်းအဖွဲ့များမှ ဆရာတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များနှင့် မျိုးဆက်သစ် ကျောင်းသား လူငယ်များအပေါ် ဘုရားသခင်ထံတော်မှ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း သုခမင်္ဂလာ အဖြာဖြာ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ တစ်ဆက်တည်းမှာ ကိုလိုနီခေတ် ဒုတိယကျောင်းသားသပိတ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးရာရှစ်ရဲ့ ရာပြည့် အခမ်းအနားမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘုန်းတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌတစ်ပါးအနေနဲ့ စကားပြောခွင့်ရတဲ့အတွက် များစွာဂုဏ်ယူ ၀မ်းသာပီတိဖြစ်ရသလို အခမ်းအနား ကျင်းပရေး ကော်မတီကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။ ပူဇော်ထိုက်သောသူကို ပူဇော်ခြင်း၊ ရိုသေထိုက်သောသူကို ရိုသေခြင်း၊ လေးစားထိုက်သောသူကို လေးစားခြင်း၊ ဂုဏ်ပြုထိုက်သောသူကို ဂုဏ်ပြုမှုတို့ဟာလည်း လူသားဆန်တဲ့ လူသားတိုင်း မဖြစ်မနေပြုလုပ်ရမယ့် တာဝန်တစ်ရပ်ဆိုတာ ယုံကြည်လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါမှလည်း အမွေဆက်ခံမယ့် မျိုးဆက်သစ်တွေဟာ စံနမူနာကောင်းကို ယူနိုင်မှာဖြစ်ပါတယ်။
အတုယူစရာကောင်းလှတဲ့ အတိတ်သမိုင်းရဲ့ ခေါင်းဆောင်တိုင်းဟာ တရားမဖက်တဲ့ အုပ်ချုပ်သူ လူတန်းစားအချို့ကြောင့် သမိုင်းစာမျက်နှာများက ပျောက်ကွယ်ခဲ့ရမှုဟာ အနာဂတ် သားပျို သမီးပျိုတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ နစ်နာဆုံးရှုံးမှုကိုဖြစ်စေသလို နိုင်ငံတော်အတွက်လည်း ဖွံ့ဖြိုးတိုးတက်မှုကို ဆုံးရှုံးနစ်နာစေပါတယ်။ ဆိုးကျိုး တရားကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် နိုင်ငံနှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ အသက်သွေးချွေးများပေးလှူခဲ့ကြတဲ့ သူရဲကောင်းတွေရဲ့သမိုင်းတွေမှာ အခွင့်အလမ်းရတိုင်း၊ အခါအခွင့်သင့်တိုင်း ဖော်ထုတ်ဂုဏ်ပြုတဲ့အခမ်းအနားတွေကို လုပ်ပေးကြဖို့ ဆရာတော်တို့အနေနဲ့ ဆန္ဒပြုတိုက်တွန်းချင်ပါတယ်။ ဒီနေ့အခမ်းအနားကို ဟိန္ဒူဘာသာဝင် ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ အခမ်းအနားကျင်းပရေးကော်မတီရဲ့တာဝန်ပေးမှုအရ ဆရာဦးအေးလွင် အစ္စလာမ်ဓမ္မဗိမာန်က ဖိတ်ကြားလာပါတယ်။ ဆရာတော်အနေနဲ့ အခမ်းအနားပိုင်ရှင်ဖြစ်တဲ့ ဦးရာရှစ်အကြောင်းကိုလေ့လာဖို့ ဒေါက်တာမောင်မောင်ရေးသားထားတဲ့ ရာရှစ်အပေါ်အမြင်၊ ဆရာကြီး
ဝမ်းအိုဝမ်းကျော်ဝင်းမောင်ရဲ့ ၁၃၀၀-ပြည့် မန္တလေး အရေးတော်ပုံမှသည် နယ်ချဲ့တော်လှန်ရေးသို့စာအုပ်၊ ဆရာဝါးခယ်မမောင်မင်းနိုင်ရဲ့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဝင်မွတ်စလင်မ်များ စတဲ့ စာအုပ်တွေ၊ ဦးရာရှစ်ရဲ့ ကျောင်းသားဘ၀၊ နိုင်ငံရေးသမားဘ၀တို့ကို လေ့လာခဲ့ရပါတယ်။
ဆရာတော်အနေနဲ့ ဦးရာရှစ်ရဲ့ ကိုယ်ရေးသမိုင်းကိုမပြောဘဲ ကိုလိုနီခေတ် အသက် ၂၀-၀န်းကျင် လူငယ်ကျောင်းသားတွေရဲ့ နိုင်ငံနဲ့လူမျိုးအပေါ် ချစ်တဲ့ မြင့်မြတ်လှတဲ့ စိတ်ဓါတ်ကို အလေးထားပြောကြားလိုပါတယ်။ ကိုလိုနီခေတ် ကျောင်းသား သပိတ်ကိုစတင်ခဲ့တဲ့ လူငယ်တွေဟာ အသက် ၂၀-၀န်းကျင်တွေပါ။ အသက်အရွယ်ငယ်ကြပေမယ့် နိုင်ငံချစ်စိတ်၊ မိမိတို့ ကျောင်းသားတို့အကျိုးကို ကာကွယ်စောင့်ရှောက်လိုသော ဖြူစင်မြင့်မြတ်လှတဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံလိုမှု စတာတွေဟာ အသက်အရွယ်နဲ့မလိုက်အောင် မြင့်မြတ်လှပါတယ်။ ဒါတွေသာမက သူတို့တွေဟာ ယုံကြည်ကိုးကွယ်မှု၊ ဘာသာမတူ၊ လူမျိုးကွဲပြားစေကာ တစ်ဦးနဲ့တစ်ဦး မောင်နှမအရင်းချာပမာ မြင်တွေ့လို့ ဆရာတော်အနေနဲ့ ကိုလိုနီကျောင်းသားကျောင်းသူများရဲ့ ရိုးသားဖြူစင်သောစိတ်ကို လေးစားချီးကျူးအပ်ပါတယ်။ ယနေ့ အနာဂတ်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ ကျောင်းသားလူငယ်တွေဟာ တစ်ချိန်က ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်း၊ ကိုကျော်ငြိမ်း၊ ကိုရာရှစ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် လေးစားမှုတွေကို စံနမူနာထား အတုယူစေချင်ပါတယ်။ ကိုအောင်ဆန်း၊ ကိုနု၊ ကိုရာရှစ်တို့လို လူငယ်ကျောင်းသားတွေ ဆရာတော်တို့နိုင်ငံမှာ အများကြီးပေါ်ထွက်လာဖို့ ယနေ့ အချိန်ကာလမှာ တောင်းဆိုနေပါပြီ။ ဒါကြောင့် ဆရာတော် ဆန္ဒပြုလိုတာကတော့ ယနေ့ မျိုးဆက်သစ်လူငယ်တွေဟာ စည်းလုံးညီညွတ်စွာ ကိုအောင်ဆန်း၊ ကိုနု၊ ကိုရာရှစ်တို့လို စိတ်ဓါတ်ကို အတုယူပြီး အမိမြန်မာ နိုင်ငံတော်အတွက် အလုပ်အကျွေးပြုမယ့် သားကောင်းရတနာ သမီးမြတ် ရတနာတွေဖြစ်အောင် ကြိုးစားကြပါလို့ ဆန္ဒပြုတိုက်တွန်းချင်ပါတယ်။
ဦးရာရှစ်ဟာ သူ၏လုပ်ဖော်ကိုင်ဖက်များ လေးစားချစ်ခင်ရသောသူတစ်ယောက်ပါ။ သာဓကအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းက M.A ရာရှစ်ထံ ရေးသားပေးပို့သောစာတွင် ကျွန်ုပ်တို့၏နာမည်နောက်တွင် M.A မပါရှိ။ ဤအချက်သည် ကျွန်ုပ်တို့ကြားတွင် တူညီသောအချက်ဖြစ်သည်။ အခြားတူတာတွေလည်း ရှိသေးသည်။ သမဂ္ဂအမှုဆောင်အဖွဲ့တွင် ကျွန်တော်တို့ အတူတကွ ဆောင်ရွက်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် သေသည်အထိ လက်တွဲမပျက်ရှိကြမည့်သူများပင်ဖြစ်သည်ဟု ရေးသားပြီး M.A ရာရှစ်နှင့် နာမည်ချင်းတူအောင် M.A ဆန်းဟု ဗိုလ်ချုပ်အောင်ဆန်းက လက်မှတ်ရေးထိုးလိုက်သည်။ ကျွန်ုပ် သင့်အားချစ်ခဲ့သည်။ ကျွန်ုပ်သင့်အား လေးစားခဲ့သည်။ ကျွန်ုပ် သင့်စကားအား နာယူခဲ့၏ဟု ၁၉၃၆-ခုနှစ်၊ မေလ ၁၂-ရက်နေ့မှာ ဦးရာရှစ်၏ အော်တိုစာအုပ်တွင် ရေးသားခဲ့တာကိုကြည့်ရင် ဦးရာရှစ်ဟာ လုပ်ဖော်ကိုင်ဘက်များရဲ့ ချစ်ခင်မှုကိုရရှိသူဆိုတာ သိမြင်နိုင်ပါတယ်။ ဦးရာရှစ်ဟာ ဗိုလ်အောင်ကျော် ကျဆုံးခဲ့သည့် အမှုတွင် ကျောင်းသားများဘက်မှ အမှုလိုက်ပေးသော ၀တ်လုံတော်ကြီးအဖြစ်၊ ဖဆပလအဖွဲ့ကြီးတွင် ထိပ်တန်းခေါင်းဆောင်တစ်ဦး အဖြစ်၊ ၀န်ကြီးချုပ်ဦးနုအစိုးရအဖွဲ့တွင် အလုပ်သမားဝန်ကြီးတစ်ဦးအဖြစ်၊ ၁၉၆၁-ခုနှစ် ဂျီနီဗာနိုင်ငံတကာ အလုပ်သမားညီလာခံကြီးတွင် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရပြီး နိုင်ငံဂုဏ်ဆောင် ၀န်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။ ဦးရာရှစ်ဟာ အစ္စလာမ်ဘာသာကို ယုံကြည် ကိုးကွယ်ခဲ့တဲ့ မွတ်စလင်မ်တစ်ဦးပါ။ အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ ဦးရာရှစ်ကို အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ မွတ်စလင်မ်များဟာ ဦးရာရှစ်၏ နိုင်ငံချစ်စိတ်၊ နိုင်ငံနဲ့နိုင်ငံသားတို့အပေါ် သစ္စာရှိမှု၊ အလုပ်အကျွေးပြုမှု စတာတွေကို အတုယူ အားကျလိုက်နာကျင့်သုံးစေလိုပါတယ်။

ဒီလိုပဲ ဆရာတော်တို့အပါအ၀င် ဒေသအသီးသီးမှ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကလည်း ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ကျောင်းသားခေါင်းဆောင်များရဲ့ လူမျိုးဘာသာမခြား တစ်သားတည်း ဖြူစင်မြင့်မြတ်လှတဲ့ မိသားစုစိတ်ဓါတ်နဲ့အတူတကွ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး စိတ်ဓါတ်ကို အလေးအနက် အတုယူဖို့လိုပါတယ်။ ဒါမှ ဆရာတော်တို့မျှော်လင့်တဲ့ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရရှိပြီး မေတ္တာလွှမ်းခြုံသော ဒီမိုကရေစီ ပန်းတိုင်ကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဥပမာအနေဖြင့် ပန်းဥယျာဉ်တစ်ခုဟာ ပန်းအလှတစ်မျိုးတည်းသာ မလှပနိုင်ပါ။ ပန်းအလှမျိုးစုံနှင့်သာ တင့်တယ်လှပနိုင်မှာဖြစ်သလို ပြုစုပျိုးထောင်တဲ့ ဥယျာဉ်မှူးကလည်း ဥယျာဉ်အတွင်း ပန်းတိုင်းဝေဆာ ဖူးပွင့်စေဖို့ တစ်သားတည်း မခွဲခြားတဲ့ မြင့်မြတ်တဲ့ မေတ္တာစေတနာ စောင့်ရှောက်ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။
ဒီလိုပဲ ဆရာတော်တို့နေထိုင်တဲ့ မြန်မာနိုင်ငံတော်ဟာ လူမျိုးဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ပြီး ပန်းပေါင်းစုံဖူးပွင့်ဝေဆာနေတဲ့ ဥယျာဉ်နဲ့မခြားတဲ့ နိုင်ငံတစ်ခု၊ ဥယျာဉ်မှူးဖြစ်တဲ့ နိုင်ငံအုပ်ချုပ်သူအစိုးရကလည်း ဥယျာဉ်မှူးကောင်းပီသစွာ မေတ္တာ စေတနာတရားတို့နှင့်အညီ မိမိတို့နိုင်ငံအတွင်း နေထိုင်ကြသော နိုင်ငံသားတိုင်းအပေါ်
လူမျိုးဘာသာမခြား၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်အောင် တစ်သားတည်း နေထိုင်နိုင်အောင် စောင့်ရှောက်ကာကွယ်ပေးဖို့အထူးလိုအပ်ပါတယ်။ ဒါမှလည်း ပန်းပေါင်းစုံ ဖူးပွင့်ဝေဆာတဲ့ ဥယျာဉ်မြိုင်ကြီးတစ်ခုလို ဆရာတော်တို့ နိုင်ငံတော်ဟာ လူမျိုးဘာသာပေါင်းစုံ ချစ်ကြည်လက်တွဲ နေထိုင်တဲ့ ငြိမ်းချမ်းပြီးသာယာတဲ့ ဒီမိုကရေစီ
ရွှေနိုင်ငံတော်အဖြစ် ကမ္ဘာက အသိအမှတ်ပြုရမယ့် နိုင်ငံတစ်နိုင်ငံဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ကိုလိုနီခေတ် ကျောင်းသားများရဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်ကို နိုင်ငံသားတိုင်း အတုယူနိုင်ကြပါစေ။ ကိုအောင်ဆန်း၊ ကိုနု၊ ကိုရာရှစ် စတဲ့ ကျောင်းသားခေါင်းဆောင်များကဲ့သို့ နိုင်ငံရဲ့အကျိုးသယ်ပိုးဆောင်ရွက်မယ့် မျိုးဆက်သစ် ကျောင်းသားလူငယ်များ အမြောက်အမြား ပေါ်ထွက်လာနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း အာဇာနည်နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ သူရဲကောင်း အာဇာနည်များအတွက် ရာပြည့်အခမ်းအနား ပိုင်ရှင် ဦးရာရှစ်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ခေတ်အဆက်ဆက်က
အသက်သွေးချွေးများပေးလှူခဲ့ကြသော ရဟန်းရှင်လူများ ကျောင်းသားပြည်သူများအတွက် အမိနိုင်ငံတွင် ဟိန္ဒူဘာသာဓလေ့ ထုံးစံစဉ်လာအရ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦး

“သံဃာတော်အရှင်သူမြတ်များအား ဂါရ၀ပြုပါတယ်။ အခြားအခြားသော ဘာသာအသီးသီးက ခေါင်းဆောင်များ၊ အားလုံးကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်များအားလုံးကို နှုတ်ခွန်းဆက်သပါတယ်။ ဒီနေ့အခမ်းအနားဟာ တ.က.သ/ဗ.က.သ ဥက္ကဋ္ဌဖြစ်တဲ့ ဦးရာရှစ် နှစ်တစ်ရာပြည့်အခမ်းအနား။ အဲဒါကို နိုင်ငံရေးအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကြွရောက်ပါလို့ ဖိတ်ကြားလာလို့ များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပဏာမပြောကြားလိုပါတယ်။ ကျွန်တော့်အထက်က ပြောသွားကြသူတွေဟာလည်း အင်မတန်မှ ကောင်းမြတ်လှပါတယ်။ အင်မတန်မှ လေးစားပါတယ်။ နိုင်ငံအတွက် အကျိုးရှိစေမယ့် တစ်နိုင်ငံလုံးမှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမမဟူ သဟဇာတဖြစ်ပြီး အေးချမ်းစွာနေထိုင်သွားနိုင်အောင်ဆိုတဲ့ စိတ်ဓါတ်စေတနာကောင်းကိုလည်း ဖော်ပြသွားပါတယ်။ အင်မတန်မှပဲ စိတ်ချမ်းသာပါတယ်။ ကျွန်တော်အနေနဲ့ပြောရရင်တော့ မစ္စတာဦးရာရှစ်ရဲ့အကြောင်းကို ကျွန်တော် ဘာမှ မသိခဲ့ပါဘူး။ ဦးရာရှစ်ကို ဗ.က.သ/တ.က.သ ခေါင်းဆောင်ဖြစ်တဲ့အချိန်မှာ ကျွန်တော်ဟာ မူလတန်းကျောင်းသားပဲဖြစ်ပါတယ်။ ကျွန်တော်ဒီအကြောင်းတွေကို မသိပါဘူး။ ကျွန်တော် တစ်ချိန်တုန်းက နားလည်ခဲ့တာမဟုတ်ပါဘူး။ ဘယ်တော့မှ ကျွန်တော်သိလည်းဆိုတော့ ကျွန်တော်ကလည်း တပ်ထဲမှာနေရတာဆိုတော့ အပြင်လောကနဲ့ သိပ်မအပ်ပါဘူး။ ဒါပေမယ့် ပါလီမန်ဒီမိုကရေစီခေတ်ရောက်လာတဲ့အခါကျတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ပုဂ္ဂိုလ်တွေနဲ့ ရံဖန်ရံခါ တပ်မှူးတွေနဲ့တွေ့ကြတဲ့အခါ အဲဒီအခါမှာ ၀န်ကြီးချုပ်ဦးနုနဲ့အမြဲ တွဲပြီးပါလာတဲ့ မစ္စတာဦးရာရှစ်ကို စပြီးမြင်ဖူးတာပါ။ ပြီးတော့ ဦးရာရှစ်အကြောင်းလည်း သိပ်ပြီးတော့ မကြားဖြစ်တော့ပါဘူး။ နောက် နိုင်ငံရေးလောကထဲ ရောက်လာတဲ့အခါကျတော့ ကျောင်းသားခေါင်းဆောင်တစ်ယောက်၊ ပါလီမန်ဒီမိုကရေစီခေတ်ကို စတင်ထူထောင်လာတဲ့ ဦးနေ၀င်းနဲ့တကွ အစိုးရအဖွဲ့အစည်းများမှာ ထက်ထက်မြက်မြက်ပါဝင်လာတယ်ဆိုတဲ့ ၀န်ကြီးတစ်ပါး၊ ခေါင်းဆောင်တစ်ပါးအနေနဲ့ သိရတာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့်ကို အခုလို ဖိတ်ကြားခြင်းခံရတဲ့အခါ တင်ပြသွားတာတွေ ပြောဆိုသွားတာတွေကိုသိရတဲ့အခါ အင်မတန်မှပဲ အရင်ရှိပြီးသား လေးစားမှုထက်ပိုပြီးတော့ ယုံကြည်လေးစားမှုဖြစ်တာအမှန်ပါ။ ဟိုတုန်းက အစိုးရအဖွဲ့အစည်းမှာပါကြတယ်ဆိုတော့ ၀န်ကြီးတစ်ပါးအဖြစ် ပါလာတယ်ဆိုတော့ ၀န်ကြီးတစ်ပါးတစ်ယောက်အနေနဲ့ လေးစားတာမျိုးလောက်ပဲ ကျွန်တော်ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတင်ပြသွားတာကို ကြားရတဲ့အခါမှာတော့ ဒီနိုင်ငံတော်အတွက် ငြိမ်းချမ်းရအောင်၊ တစ်နည်းအားဖြင့် ပါလီမန်ဒီမိုကရေစီဖြစ်အောင် ခေတ်ကောင်းကို ထိန်းသိမ်းစောင့်ရှောက်သွားတယ်ဆိုတဲ့နေရာမှာ ထွန်းထွန်းပြောင်ပြောင် ဆောင်ရွက်သွားတာကို အင်မတန်မှ လေးစားပါတယ်။ ဒီအစဉ်အလာကောင်းတွေကို ကျန်တဲ့ အားလုံးက ထိန်းသိမ်းသွားဖို့ သံန္နိဌာန်ချဖို့ဖြစ်လာပါတယ်။ အလားတူပါပဲ အခုလို အချိန်အခါမျိုးမှာ ဒီနေ့ ဗုဒ္ဓဘာသာဆရာတော်များ ဆုံးမသွားတယ်၊ အစ္စလာမ်ဘာသာဝင်ဆရာတစ်ပါးက ပြောသွားတယ်။ ဟိန္ဒူဘာသာဝင်ဆရာတစ်ပါးကလည်းပြောသွားတယ်။ ဒီတိုင်းပြည်နဲ့ပတ်သက်ပြီး ညီညွတ်ရေးတရား၊ အချင်းချင်း ရိုသေကိုင်းရှိုင်းမှု၊ သဟဇာတညီညွတ်ရေးအတွက် အင်မတန်မှ ကောင်းမြတ်ပါတယ်။ တော်တော့်ကို စိတ်ထဲမှာကြည်လင်သွားတဲ့ သဘောလည်းဖြစ်ပါတယ်။ နောက်တစ်ခုက ဒီပွဲမှာ တကယ်တမ်းအားဖြင့် ပထမဆုံး ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအကြောင်းနာရင်းနဲ့ တဖြည်းဖြည်းချင်းနဲ့ပဲ ကျောင်းသားတွေရဲ့ထက်မြက်လှုပ်ရှားတဲ့ သူတို့တွေရဲ့ ပင်ကိုယ်ဓါတ်တွေလည်း တစ်ဖွားဖွားပေါ်လာပြီး၊ အခု သူတို့ကိုယ်တိုင်လည်း တစ်ချိန်က ချုပ်ချယ်ထားတဲ့ သူတို့ရဲ့ကျောင်းသားသမဂ္ဂကို အခုအခါမှာ ရဲရဲဝံ့ဝံ့နဲ့ စွန့်စွန့်စားစား ဖော်ထုတ်နိုင်ဖို့ လုံးပန်းလာတာဆိုတာဟာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ကြားသိလာတာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ အလေးအနက်ထား တိုက်တွန်းပါတယ်။ ကျောင်းသားဆိုတာ ကျောင်းသားအရေးအရာကို ကျောင်းသားတို့ကိုယ်တိုင်ပင်လျှင် လွတ်လွတ်လပ်လပ်နဲ့ဆင်ရင်း ဘ၀ကိုဆောက်တည်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေသာပါဝင်လာပြီးတော့ ရှေ့ဆက်လုပ်ရမယ့် ကျောင်းသားသမဂ္ဂ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကို တကယ့်ကို ရဲရဲဝံ့ဝံ့နဲ့ ပြောင်ပြောင်မြောက်မြောက် ဖွဲ့စည်းတည်ထောင်နိုင်ပြီးလျှင် ရှေ့အနာဂတ်ခေါင်းဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းများအဖြစ်ဆက်ပြီး ဒီနိုင်ငံကို ငြိမ်းချမ်းသာယာမှုနဲ့ ဘာသာပေါင်းစုံ သဟဇာတဖြစ်တဲ့ နိုင်ငံတစ်ခုအဖြစ် အေးချမ်းအောင် တည်ဆောက်နိုင်ပါစေဆိုတာကို ကျွန်တော်လေးလေးစားစားတိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။”

ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) –

“ဦးရာရှစ် ရာပြည့်အခမ်းအနားကို ကြွရောက်လာကြတဲ့ ဆရာတော် သံဃာတော်တွေ၊ အခြားဘာသာအားလုံးမှ ဆရာတော် သံဃာတော်တွေအားလုံးကို ဦးခိုက်ပါတယ်။ အလားတူပဲ ဒီအခမ်းအနားကို ကြွရောက်လာကြသူများရော ဦးရာရှစ်အခမ်းအနားကိုစိတ်ဝင်စားကြတဲ့ အစ္စလာမ်ဘာသာဝင်များရော၊ လူလတ်ပိုင်းခေါင်းဆောင်များရော၊ လုပ်ငန်းရှင်များရော အားလုံးကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ဒီနေ့ ဦးရာရှစ်  အကြောင်းကို စဉ်းစားတဲ့အခါမှာ ဦးရာရှစ်ရာပြည့်အခမ်းအနားကို ကျင်းပတယ်။ ဦးရာရှစ်ဆိုတဲ့ပုဂ္ဂိုလ်ကို ပြောရင် ခုနက ပုဂ္ဂိုလ်အသီးသီးပြောသွားသလို သိတဲ့သူရှိတယ်၊ မသိတဲ့သူရှိတယ်။ မသိဘူးဆိုတာလည်း သိပ်တော့မဆန်းပါဘူး။ နောက်ပြီးတော့ ဦးရာရှစ်ကျင်လည်ခဲ့တဲ့၊ ဦးရာရှစ်ခေါင်းဆောင်ခဲ့တဲ့ ကာလ၊ ဦးရာရှစ်ရဲ့ လုပ်ငန်းတွေဟာ ကျွန်တော်တို့ မသိတာတွေ အများကြီးပါခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ဘာဖြစ်လို့ ဦးရာရှစ်ကို အမှတ်အသားပြုနေရတာလဲ၊ အသိအမှတ်ပြုနေရတာလဲ၊ ဒီနေ့ ဒီအချိန်မှာ သတိရနေသလဲဆိုတာ ကျွန်တော် ပြန်စဉ်းစားတဲ့အခါမှာ ဦးရာရှစ်ဟာ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ သူ့ကို သမိုင်းကနေ မမေ့ဘူး။ သူ့ကို သမိုင်းကနေ ကမ္ဘာ့မှတ်တမ်းတင်ဖူးတဲ့အကြောင်းအရာတွေ၊ သူ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေဟာ သူ့ရဲ့အမြော်မြင်တွေ။ ဒီနေ့ သမိုင်းမှာ ပြန်ပြီးတော့ မှတ်တမ်းတင်နေတာလို့ သာမန်အားဖြင့် ပြောနိုင်ပါတယ်။ ဒါဟာ အရပ်စကားပါ။ သမိုင်းကနေပြီးတော့ မှတ်တမ်းတင်တယ်ဆိုတာ။ ဒါပေမယ့် ကျွန်တော်တို့ တစ်မျိုးစဉ်းစားကြည့်လိုက်တယ်။ ဒီ ဆရာ ဦးရာရှစ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ ထူးထူးခြားခြားပေါ်ပေါက်လာခဲ့တယ်။ သူတစ်ယောက်တည်းရဲ့ကြိုးပမ်းမှုဟာ အလားတူပါပဲ။ အလားတူပါပဲ သူ့ရဲ့ပတ်ဝန်းကျင်ကလည်း ပါတယ်လို့ ပြောရမှာပါ။ သူ့ပတ်ဝန်းကျင်ဆိုတဲ့နေရာမှာ သူ့ကာလကပေါ်ခဲ့တဲ့ နိုင်ငံရေး၊ သူ့ကာလကရှိခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှု၊ သူ့ပတ်ဝန်းကျင်မှာရှိခဲ့တဲ့ နိုင်ငံရေးတွေ၊ ဘာသာရေးတွေဆိုတာတွေပါ။ အဲဒီနေရာမှာ ဘာသာရေးဆိုတာကို ထည့်ပြောရရင် အခုခေတ်နဲ့မတူပဲနဲ့ အစ္စလာမ်ဘာသာဝင်မို့လို့ပဲ၊ ဗုဒ္ဓဘာသာဝင်မို့လို့ပဲလို့ ဘာမှ မရှိပဲနဲ့ ကျွန်တော်တို့တွေဟာ ဒီ ဘာသာရေးဆိုတဲ့ အသိုင်းအ၀ိုင်းတွေကနေ တကယ့်ကို နိုင်ငံရေးဘ၀ကြီးတစ်ခုလုံး လှုပ်ရှားမှု၊ ရုန်းကန်မှုတွေကို။ ဒါတွေကို အာရုံစိုက်နိုင်တယ်ဆိုတဲ့ သူ့ခေတ်ကာလရဲ့ အခြေအနေတွေပါ။ ဒါတွေအားလုံးကို ကြည့်တဲ့အခါကျတော့ ဦးရာရှစ်ရဲ့ ဒီနေ့အခမ်းအနားကို ကျင်းပတာဟာ သမိုင်းကနေပြီးတော့ လုပ်နေတာမဟုတ်ဘူး။ ဦးရာရှစ်ကိုယ်တိုင်က သူ့သမိုင်းကိုရေးခဲ့တာကြောင့် ဒီနေ့ ဦးရာရှစ်အခမ်းအနားကို ကျင်းပတာဖြစ်တယ်လို့ သဘောပေါက်ပါတယ်။ လူဆိုတာ တစ်ခါတစ်လေ သမိုင်းကိုပြောတဲ့အခါမှာ သမိုင်းကနေဖန်တီးမယ်၊ သမိုင်းကနေ ပေးအပ်တယ်တို့ ပြောနေကြတယ်။ တကယ်ပြောရရင် သမိုင်းဆိုတာ ကျွန်တော်တို့တွေအားလုံးရဲ့ ရုန်းကန်မှုတွေ၊ ကျွန်တော်တို့တွေအားလုံးရဲ့ ကြိုးပမ်းမှုတွေ၊ ကျွန်တော်တို့ရဲ့ နစ်နာမှုတွေ ဆုံးရှုံးမှုတွေ၊ ကျွန်တော်တို့ရဲ့ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ၊ ဒါတွေနဲ့ အားလုံးပေါင်းစပ်ပြီးမှ ပေါ်ပေါက်လာတာ။ သမိုင်းဆိုတာ သူ့ဟာသူ မရှိပါဘူး။ သူ့ဟာသူရှိတယ်ဆိုလည်း ဘာမှသိပ်ပြီးတော့ အရေးကြီးတယ်လို့ ကျွန်တော် မထင်ဘူး။ ဒီသမိုင်းဆိုတာ ရှင်သန်နေဖို့ အရေးကြီးတယ်။ သမိုင်းရှင်သန်နေဖို့ဆိုတာ သမိုင်းအလေ့အကျင့်တွေကို ဆက်ခံပြီးတော့ သမိုင်းရဲ့ ကြိုးစလေးကို စွဲပြီးတော့ ရုန်းကန်မယ်၊ လှုပ်ရှားမယ်။ ဦးရာရှစ်ရဲ့ သမိုင်းကို ပြန်စဉ်းစားတဲ့အခါမှာ ဦးရာရှစ်ကိုယ်တိုင်က သူ့ခေတ်က သူ့သမိုင်းကို သူဘာသာရေးသွားတာဖြစ်တယ်ဆိုတာ ကျွန်တော်တို့ နားလည်ဖို့လိုပါတယ်။ ဒါကို ဒီခေတ်လူတွေအကုန်လုံးကလည်း ကိုယ့်သမိုင်းကိုရေးကြပါတယ်၊ ကိုယ့်သမိုင်းကို ဖန်တီးကြပါတယ်။ ရိုးရိုးတန်းတန်းသမိုင်းမှာ အရပ်သားတွေလည်းပါတယ်၊ လူတွေလည်းပါတယ်။ အရေးကြီးဆုံးက ကိုယ့်ခေတ်ရဲ့တာဝန်တွေကို ကိုယ်ထမ်းရွက်ဖို့ အဲဒါဟာ သမိုင်းထဲမှာ ပါဝင်နေပါတယ်။ အဲဒီတော့ သမိုင်းကိုလုပ်တဲ့အခါမှာ ဖန်တီးတဲ့သူရှိတယ်၊ တည်ဆောက်တဲ့သူတွေရှိတယ်၊ ရေးတဲ့သူရှိတယ် အဲလိုပြောလို့ရပါတယ်။ ဆိုပါတော့ ဦးရာရှစ်တို့ခေတ်တုန်းက ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားတွေ သို့မဟုတ်ရင်လည်း ပြည်သူတွေအားလုံးဟာ ဦးရာရှစ်လို့ အများကြီးမသိတော့ဘူး။ နှစ်တစ်ရာပြည့်ပြည့် နှစ်နှစ်ရာပြည့်ပြည့် နှစ်ငါးဆယ်ပဲပြည့်ပြည့်။ ဒါပေမယ့် အဲဒါတွေက ဆုံးရှုံးလား မဆုံးရှုံးလား။ ဒါတွေအားလုံးဟာ သူတို့ရဲ့ ကြိုးပမ်းမှုတွေကြောင့် သမိုင်းဆိုတာဖြစ်လာတာ။ အလားတူပဲ ဦးရာရှစ်လို ပုဂ္ဂိုလ်မျိုးကျတော့လည်း သူ့သမိုင်းသူရေးနိုင်ခဲ့တယ်။ အဲဒီခေတ်ကတည်းက သူ့ရဲ့ ဗ.က.သ/တ.က.သ ပထမဆုံး ဥက္ကဌဆိုတာမျိုးလို၊ ဖဆပလခေတ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေမှာ သူပါဝင်နိုင်ခဲ့ပါတယ်။ သူ့သမိုင်းသူရေးခဲ့ပါတယ်။ သမိုင်းက တည်ဆောက်သူရှိတယ်၊ ရေးတဲ့သူရှိတယ်၊ အရေးမကြီးပါဘူး။ ထင်ရှားတဲ့သူတွေရှိတယ်။ သူ့ဘာသာသူ ထင်ရှားသွားလိမ့်မယ်။ သမိုင်းကလည်း သူ့သမိုင်းသူ ရေးလိမ့်မယ်။ ရေးနိုင်တဲ့အခါမှာ အဲဒီသမိုင်းတွေက ပြန်ပြီးတော့ပေါ်လာလိမ့်မယ်။ သို့သော် တစ်ချိန်တည်းမှာပဲ တချို့ပုဂ္ဂိုလ်များဟာ သမိုင်းကို ဖန်တီးတယ်၊ လူမသိ သူမသိနဲ့ပဲ ပျောက်သွားတယ်။ သို့သော် သူတို့ရဲ့ ထင်ရှားမှုတွေကြောင့် သမိုင်းဆိုတဲ့ ရုပ်လုံးရုပ်ကွက်အကောင်အထည်ဆိုတာ ပေါ်လာခြင်းဖြစ်ပါတယ်။ အဲဒီတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကိုယ် ရေးကြရမယ်။ သမိုင်းကို တည်ဆောက်တဲ့သူက ကိုယ့်ရဲ့ ကျရာနေရာက ပါဝင်ရတာဖြစ်ကြောင်း ကျွန်တော်ပြောချင်ပါတယ်။ ဒီနေ့ ဒီအခါမှာ အနူးအညွတ်မေတ္တာရပ်ခံလိုတာက ရှေ့မှာလည်း ဒီနိုင်ငံရေးကို ကျော်ဖြတ်ခဲ့တဲ့ ကာလတွေမှာ ရှုပ်ထွေးခဲ့သလို၊ ရှေ့မှာလည်း ရှုပ်ထွေးမယ့်အလားအလာတွေ ရှိပါတယ်။ နိုင်ငံရေးဆိုတာကို ပြောတဲ့အခါမှာ ဒီမိုကရေစီဆိုတာ စည်းကမ်းရှိသောတို့ ဘာတို့၊ တစ်ခါ နိုင်ငံရေးကျတော့လည်း အမျိုးသားနိုင်ငံရေးတို့ ပြောကြတယ်။ အလားတူပဲ ဆိုရှယ်လစ်ဆိုရင်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ။ နိုင်ငံရေးဆိုတာ ရှေ့လျှောက်ရှုပ်ထွေးနေမှာပဲ၊ လူမျိုးရေးဆိုတာလည်း ရှုပ်ထွေးနေမှာပဲ။ ဘယ်ခေတ်ကမှ ဘာမှပိုကောင်းမလာဘူး။ အဲဒီတော့ လူတိုင်းလူတိုင်းဟာ ကျောင်းသားလူငယ်တွေအားလုံး ကိုယ့်သမိုင်းကို ရေးကြဖို့ ကြိုးစားကြမယ်။ ကိုယ့်သမိုင်းကိုရေးနိုင်အောင် အစွမ်းအစမရှိဘူးဆိုရင် ကိစ္စမရှိပါဘူး။ သမိုင်းကို တည်ဆောက်တဲ့နေရာမှာ ၀င်ပြီးတော့ ပါကြပါ။ ရှိတဲ့တာဝန်ကိုထမ်းပြီးတော့ အမှားအမှန်ကို ခွဲပြီး ခေတ်တစ်ခေတ်မှာ မှားယွင်းခဲ့တာကို မှားတာကိုတိုက်ပြီး မှန်တဲ့ဘက်ကရပ်ပြီးတော့ လုပ်ခြင်းအားဖြင့် လူတိုင်းလူတိုင်းဟာ ခေတ်တာဝန်ကိုထမ်းခြင်းအားဖြင့် သမိုင်းကို တည်ဆောက်တဲ့နေရမှာ ပါဝင်ကြသူတွေ ဖြစ်လာမယ်၊ အဲဒီကမှ စွမ်းဆောင်နိုင်တဲ့ အခြေအနေတွေကို ပေးလာမယ်၊ သမိုင်းရေးတဲ့သူတွေဖြစ်လာမယ်ဆိုတာပြောရင်း နိဂုံးချုပ်ပါတယ်။”

 

ဦးဌေး (အလုပ်သမားရေးရာ ဆောင်ရွက်နေသူ) –

“အားလုံးကြွရောက်လာကြတဲ့ ဘာသာကြီး ၄-ခုမှ ဘာသာရေးခေါင်းဆောင်များ၊ ရဟန်းသံဃာများကို ဂါရ၀ရှေ့ထားပြီး အလေးပြုပါတယ်။ ဂုဏ်သရေရှိပုဂ္ဂိုလ်အပေါင်းတို့ခင်ဗျာ ကျွန်တော်ဟာ အလုပ်သမားရေးရာဆောင်ရွက်နေသူ ကိုဋ္ဌေးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အလုပ်သမား လယ်သမားရေးရာ ဆောင်ရွက်နေသူဖြစ်ပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ အရေးပါတဲ့အခန်းကဏ္ဍက ဆောင်ရွက်လာတဲ့ တ.က.သ ဥက္ကဌ၊ ဗ.က.သ ဥက္ကဌ၊ ဒုတိယကျောင်းသားသပိတ်ရဲ့ခေါင်းဆောင် ဦးရာရှစ်ရဲ့ ရာပြည့်အခန်းအနားမှာ စကားပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အလုပ်သမားရေးရာဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့အတွက် အလုပ်သမားရေးရာ ဆောင်ရွက်မှုကနေ ချဉ်းကပ်ပြီးတော့ ပြောဆိုမှာဖြစ်ပါတယ်။ ဒီနေ့ကာလမှာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၆-ရက်နေ့ကနေစပြီး သပိတ်၊ မေလ ၉-ရက်နေ့မှာစပြီး ဆွယ်လူးစက်ရုံသပိတ်ကနေပြီးတော့ စက်ရုံအလုပ်ရုံ ၁၀၀-ကျော်ဟာ အလုပ်သမားအခွင့်အရေးလှုပ်ရှားမှု ဖြစ်ပေါ်လာပါတယ်။ လက်ရှိရက်တွေမှာဆိုရင် ကျွန်တော်ကိုယ်တိုင် မိုးထိမိုးမိဒေသက အလုပ်သမားတွေနဲ့အတူ အလုပ်သမားတွေရဲ့ အခွင့်အရေးတောင်းဆိုမှုကို လက်ရှိဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဒီနေ့ ဗမာနိုင်ငံမှာ အာဏာရှင်စတင် ဒီမိုကရေစီကြိုးပမ်းမှုသမိုင်းမှာ အလုပ်သမားအရေးတော်ပုံကြီးဟာ ကြီးမားစွာ အရှိန်အဟုန်ကြီးစွာပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကို သတိပြုမူကြဖို့ ကျွန်တော်ပြောခြင်းဖြစ်ပါတယ်။ ဒီနေ့ အလုပ်သမားတွေရဲ့ အခွင့်အရေးလှုပ်ရှားမှုဟာ စက်ရုံတစ်ခု အလုပ်သမားတစ်စု လှုပ်ရှားမှုမဟုတ်ပဲ ဗမာပြည်အနှံ့အပြားမှာရှိတဲ့ စက်ရုံအလုပ်ရုံပေါင်း မြောက်များစွာက အလုပ်သမားတွေရဲ့အရေးလှုပ်ရှားမှု၊ ရုန်းကန်မှုဖြစ်ပါတယ်။ ဒီ့အတူ မြေသိမ်းခံရ၊ စပါးဈေးနိမ့်ကျဆင်းမှု၊ လယ်ယာမြေမှာ အတိဒုက္ခရောက်နေတဲ့ လယ်သမားတွေရဲ့ လှုပ်ရှားမှုတွေဟာ အနှံ့အပြားပေါ်နေပါပြီ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း လယ်ယာမြေဆုံးရှုံးကြတဲ့ လယ်သမားတွေရဲ့ ဆုံးရှုံးမှုဟာလည်း နေရာအနှံ့အပြားမှာ ပေါ်ပေါက်နေပါတယ်။ အဲဒါကို ကောက်ချက်ချမယ်ဆိုရင် ဒီနေ့ အလုပ်သမားတွေရဲ့ အခွင့်အရေးလှုပ်ရှားမှုဟာ သာမန်လှုပ်ရှားမှုမဟုတ်ပါဘူး။ အရေးတော်ပုံတစ်ခုသာဖြစ်ပါတယ်။ အဲဒီတော့ ဒီအရေးတော်ပုံဟာ အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရေး ကြိုးပမ်းမှုသမိုင်းမှာအရေးပါတဲ့ အခန်းကဏ္ဍက ရှိနေပါတယ်။ ပြီးတော့ ဗမာနိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၃၈-ပြည့် ပထမဆုံးအကြိမ် ရေနံမြေ ၁၃၀၀-ပြည့်အရေးတော်ပုံကြီးဟာ ဗမာပြည်လွတ်လပ်ရေးကြိုးပမ်းမှုဟာ အရေးပါပါတယ်။ အရေးပါမှုနဲ့အတူ အဲဒီအချိန်က ၁၉၂၀-ကျောင်းသားပိတ်၊ ၁၉၃၆-ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈-ကျောင်းသားသပိတ်တွေဟာ ဗမာပြည်လွတ်လပ်ရေးကြိုးပမ်းမှုမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒုတိယအလုပ်သမားအရေးတော်ပုံမှာတော့ ၁၉၆၂-တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့၊ ၁၉၇၄-ဇွန်လမှာ ဒုတိယအရေးတော်ပုံကြီးပေါ်ခဲ့ပါတယ်။ အဲဒီ အရေးတော်ပုံမှာလည်း ကျောင်းသားတွေရဲ့ အခန်းကဏ္ဍဟာ ပါဝင်ခဲ့ပါတယ်။ ၁၉၇၄-၇၅-၇၆ အလုပ်သမား၊ ကျောင်းသား၊ ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေဟာ ၁၉၈၈-အရေးတော်ပုံကြီးရဲ့ နိဒါန်းဖြစ်ခဲ့ပါတယ်။ အဲဒီတော့ ဒီနေ့မှာ ဖြစ်ပွားတဲ့ အလုပ်သမားအရေးတော်ပုံမှာ တတိယအကြိမ် မြန်မာနိုင်ငံရဲ့သမိုင်းမှာ အရေးပါတဲ့ အရေးတော်ပုံဖြစ်ပါတယ်။ အဲဒီတော့ အလုပ်သမားရေးရာဆောင်ရွက်သူအနေနဲ့ ယနေ့ ရာပြည့်နှစ်အခမ်းအနားကျင်းပတဲ့ ဆရာကြီးဦးရာရှစ်ကို ဂါရ၀တရား အလေးထားရမယ့်သမိုင်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာကြီးဦးရာရှစ်ဟာ စစ်ကြိုကာလ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ မြန်မာနိုင်ငံမှာ အလုပ်သမားလှုပ်ရှားမှုတွေမှာ ဖခင်ကြီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါဟာ ဒေါက်တာမောင်မောင်ကိုယ်တိုင် သမိုင်းကောက်ချက်ချခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ ဗမာပြည်ရဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ ဖွဲ့စည်းမှု ထူထောင်သူထဲမှာ သူပါခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလဲ အလုပ်သမားဝန်ကြီးအဖြစ် အကြိမ်ကြိမ်တာဝန်ယူခဲ့ပါတယ်။ အလုပ်သမားရေးရာ ကျွမ်းကျင်သူဖြစ်ခဲ့သလို ၁၉၆၂ ILO အစည်းအဝေးမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုတက်ခဲ့သလို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အလုပ်သမားရေးရာ ဆောင်ရွက်သူ၊ လယ်သမား အလုပ်သမားဆောင်ရွက်သူတစ်ယောက်အနေနဲ့ လယ်သမားအလုပ်သမားကိုယ်စား အလုပ်သမားသမဂ္ဂဖခင်ဖြစ်တဲ့ ဦးရာရှစ်ကို ဂါရ၀ပြုရင်းနဲ့ ဆရာကြီးဦးရာရှစ်ရဲ့ ရာပြည့်အခမ်းအနားကို ဂုဏ်ပြုကြောင်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။”

ဒေါ်ဒေ၀ီသန့်စင် (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အောင်ပင်လယ်မဂ္ဂဇင်း အယ်ဒီတာချုပ်) –

“ဆရာတော်များအပါအ၀င် အခြားပုဂ္ဂိုလ်များ ဘာသာရေးခေါင်းဆောင်များကို ဂါရ၀ပြုပါတယ်။ ဒီမှာ ကြွရောက်လာတဲ့ မိတ်ဆွေအပေါင်း ဘာပဲပြောပြော မြန်မာနိုင်ငံရဲ့ အမျိုးသားရေး၊ နိုင်ငံရေးကို ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက်လိုတဲ့အတွက် ဒီခန်းမထဲကို တစ်နည်းတစ်ဖုံ လာရောက်တွေ့ဆုံရတာ ၀မ်းသာပါတယ်လို့ ကျွန်မအရင်ဆုံးပြောချင်ပါတယ်။ အမှန်ကတော့ ဒီအခန်းထဲမှာ ဒီစင်မြင့်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာပြောခဲ့ပေါင်း များလှပါပြီ။ ဒါပေမယ့်လည်း ကျွန်မ ဒီခန်းမမှာလည်း အမျိုးသားရေးနဲ့ ငြိမ်းချမ်းရေးပွဲတွေလုပ်ခဲ့ရင်လည်း ကျွန်မတက်ရောက်ခဲ့ပါတယ်။ ဒီနေ့ ကျွန်မကို ဖိတ်ကြားတဲ့အခါမှာ အမှန်အတိုင်းဝန်ခံရရင် ဆရာကြီးဦးရာရှစ်အကြောင်းကို ထဲထဲဝင်ဝင် ကျွန်မ မသိပါဘူး။ ဒါပေမယ့်လည်း ဖိတ်တဲ့ ကော်မတီအဖွဲ့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အမျိုးသားရေး ငြိမ်းချမ်းရေးမှာ ပါဝင်သင့်တယ်ထင်လို့ ဖိတ်ပါတယ်လို့ပြောလာတဲ့ အချိန်မှာတော့ ကျွန်မ မငြင်းနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့တိုင်းပြည် ငြိမ်းချမ်းရေးကို ကျွန်မ မြတ်နိုးပါတယ်။ အဲဒီအတွက် ကျွန်မဟာ တာဝန်ကျေတဲ့ပြည်သူတစ်ယောက်ဖြစ်ချင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဆောင်ရွက်နေပေမယ့်လည်း ကျွန်မဟာ ဒီနေ့ ဒီအခမ်းအနားမှာ လာပြီးတော့ ကျွန်မရဲ့ တိုင်းပြည်အပေါ်မှာ ဖြစ်စေချင်တဲ့စေတနာကို လာရောက်တင်ပြခြင်းဖြစ်ပါတယ်။ အားလုံးနဲ့ ပူးပေါင်းပါဝင်ခြင်းလည်းဖြစ်ပါတယ်။ အဲဒီတော့ ပြောမယ်ဆိုရင် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုလုပ်တဲ့နေရာမှာ တော်တော်များများလူတွေက စီးပွားရေးအခြေခံမှ နိုင်ငံတစ်ခုဟာ ဖွံ့ဖြိုးတိုးတက်မှုရှိတယ်လို့ ယူဆကြတယ်။ ကျွန်မကတော့ အဲဒီအယူအဆကို လုံးဝလက်မခံပါဘူး။ ငြိမ်းချမ်းရေးမရှိပဲနဲ့ ဘာမှလုပ်လို့ မရဘူး။ ကျွန်မအနေနဲ့က အဓိကဖြစ်တဲ့ မြန်မာပြည်အတွက် ငြိမ်းချမ်းရေးဟာ ကျွန်မတို့ သဘာဝပတ်ဝန်းကျင်နဲ့ ဆက်စပ်နေပုံလေး၊ နီးစပ်နေပုံလေးကို တင်ပြချင်ပါတယ်။ လူတွေ တော်တော်များများထင်တာက ငြိမ်းချမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင်အလုပ်ဟာ လူမှုရေးအလုပ်လို့ တော်တော်များများယူဆကြပါတယ်။ အမှန်ကတော့ ငြိမ်းချမ်းရေးရော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရော အလုပ်ဟာ နိုင်ငံရေးပါ။ ဘယ်လို နိုင်ငံရေးမျိုးလဲ။ Not Power Politics, But Politics. နိုင်ငံရေးဆိုတာ နိုင်ငံတစ်နိုင်ငံမှာနေတဲ့ ပြည်သူပြည်သားတိုင်းရဲ့တာဝန်ပါ။ အာဏာရရှိရေးက တစ်ပိုင်းပါ။ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ပေါ်လစီခေါ်တဲ့အပိုင်းဟာ တစ်ပိုင်းပါ။ ကျန်တဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုလိုလားတဲ့ တကယ်ပဲတိုင်းပြည်ကို မှန်မှန်ကန်ကန်နဲ့ ကမ္ဘာမှာရှိတဲ့ နိုင်ငံတွေနဲ့ ရင်ဘောင်တန်းချင်တယ်ဆိုရင် အရင်ဆုံး ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးပမ်းရမှာဖြစ်ပါတယ်။  အဲလို ကြိုးပမ်းတဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်အခြေခံနဲ့ လာပြီးတူနေတဲ့အချက်တွေရှိတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေဟာ ဘာသာရေး၊ ၀ါဒစွဲ၊ လူမျိုးရေး အဲဒီအပေါ်မှာအခြေခံပြီး အလုပ်လုပ်လို့ မရပါဘူး။ ကမ္ဘာကြီးပူနွေးလာလို့ ရာသီဥတုဖောက်ပြန်မှုကြောင့် စီးပွားရေးကျရှုံးတာ၊ ကျန်းမာရေးထိခိုက်တာ၊ ပညာရေးတွေ နှောင့်နှေးတာဟာ ကမ္ဘာမြေပေါ်မှာနေတဲ့ လူသားမျိုးနွယ်တွေနဲ့ဆိုင်ပါတယ်။ လူသားမျိုးနွယ်တွေဟာ ဘာပဲပြောပြော အားလုံးအတွက်လုပ်မယ်ဆိုရင် အရှေ့အနောက်တောင်မြောက်၊ လက်ဝဲလက်ယာ၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဆိုပြီး ကျွန်မတို့ ခွဲနေလို့မရဘူး။ ကမ္ဘာကြီးပူနွေးမှုဟာ တစ်ကမ္ဘာလုံးဖြစ်နေတယ်။ အစာရေစာ ရှားပါးမှုနဲ့ စီးပွားရေးဟာ အကုန်လုံးကို ရိုက်ခတ်လာတယ်။ အခု လတ်တလော စန်ဒီဆိုက်ကလုံးမုန်တိုင်းဟာ အရင်တုန်းက ရုပ်ရှင်တွေထဲမှာ နယူးယောက်မြို့ကြီး ရေလွှမ်းမိုးတာကို စိတ်ကူးနဲ့ ဖန်တီးပြီး ရိုက်တာပါ။ အခုတော့ တကယ်ပဲ နယူးယောက်နဲ့ ၀ါရှင်တန်နဲ့ ဒီကမ်းခြေမှာရှိတဲ့ မြို့တွေအကုန်လုံးဟာ တကယ်ရေလွှမ်းမိုးပြီး Million and Billion ပျက်စီးတယ်။ ဒါပေမယ့် သူတို့နိုင်ငံတွေဟာ နည်းပညာရော၊ ငွေအားရော စည်းကမ်းရောရှိတဲ့တိုင်းပြည်ဖြစ်တော့ အသေအပျောက်ဟာ အင်မတန်နည်းပါတယ်။ အဲတော့ ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးဟာ ဒီအတိုင်းခွဲခြားပြီးလုပ်လို့မရဘူး။ ကျွန်မတို့ဟာတစ်သားတည်း လူသားအနေနဲ့ စဉ်းစားရမယ်။ တစ်ဘက်က ကျရှုံးသွားခြင်းဟာ လူသားရဲ့နစ်နာမှုတစ်ခုပါ။ ဒီဘက်က ကျရှုံးမှုဟာလည်း လူသားတစ်ယောက်ရဲ့ ဆုံးရှုံးမှုပါ။ အဲတော့ ဘယ်ပေါ်မှာ အခြေခံရမှာလဲ။ ကျွန်မတို့ ကိုယ်ချင်းစာနာမှုနဲ့ ချထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေကို လိုက်နာရမယ်။ နိုင်ငံတစ်ခုမှာ ပြည်တွင်းပြည်ပရန်သူဆိုတာ အမြဲရှိပါတယ်။ အခုထိ မြောက်ကိုရီးယား တောင်ကိုရီးယားဖြစ်နေတဲ့ကိစ္စ၊ ရေရှည် ငြိမ်းချမ်းရေးကို ပြည်သူတွေက လိုချင်ပေမယ့်လည်း ထိပ်ပိုင်းမှာ အုပ်ချုပ်နေတဲ့ အစိုးရတွေနဲ့ ညှိနှိုင်းမှုမရရှိသေးတဲ့အတွက် ဒီလောက် ကြန့်ကြာနေတာ။ MRTV4 မှာ မုန်တိုင်းကတော့စပြီ သမုဒ္ဒရာတော့ မခြားချင်ပါ ဆိုတဲ့ တောင်နဲ့မြောက်ပေါင်းစည်းရေး ကိုရီးယားကားဟာ ငြိမ်းချမ်းရေးကို တကယ့် လူ့နှလုံးသားရှိတဲ့သူတိုင်းလိုချင်တယ်ဆိုတာကို ထင်ဟပ်နေပါတယ်။ အဲဒီတော့ ကျွန်မတို့လည်း ဒီနေ့ မြန်မာပြည်မှာဖြစ်နေတဲ့ တိုင်းရင်းသား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ကိစ္စတွေကိုတော့ ကျွန်မတို့အားလုံး အခြေခံဖြစ်တဲ့ လူသားဆိုတဲ့ လူသားမျိုးနွယ်တွေအပေါ်မှာပဲ ရပ်တည်ပြီးတော့ ကိုယ်ချင်းစာစိတ်၊ မေတ္တာတရားနဲ့ ညီညီညွတ်ညွတ် ကြိုးပမ်းမယ်ဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးကြီးကိုမြင်သွားရမယ်လို့ ကျွန်မတော့ ယူဆပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

 

ဦးမြတ်သူဝင်း (ရွှေမင်းသား ဖောင်ဒေးရှင်း) –

“ကျင်းပရေးကော်မတီကိုရော ကျွန်တော်ပြောတာကို သည်းခံနားထောင်ပေးတဲ့ပရိသတ်ကိုရော ကျေးဇူးတင်ပါတယ်။ ……………………… ………………… ကျွန်တော် အခုနားထောင်တဲ့အခါမှာ ဆရာတော်ကြီးတွေရော speaker တွေအားလုံးဟာ အင်မတန်မှ ပြည့်စုံပြီးတော့ အဓိပ္ပါယ်တွေရှိတဲ့စကားလုံးတွေနဲ့ပြောသွားတဲ့အခါ ကျွန်တော် သူရဲဘောကြောင်တဲ့စိတ်တောင်ဖြစ်သွားတယ်။ ဒါပေမယ့် ကျွန်တော် သူရဲဘောကြောင်လို့မဖြစ်ဘူး။ အတတ်နိုင်ဆုံးတော့ ပြောကြည့်မယ်ဆိုပြီး အားတင်းပြီးတော့ စင်ပေါ်တက်လာတာပါ။ ဘာသာရေးခေါင်းဆောင်ကြီးတွေကလည်း ဘာသာရေးအရ ပြောဆိုသွားသလို လူမှုရေးအဖွဲ့အစည်းတွေက လူမှုရေးအရ ပြောဆိုသွားပါတယ်။ ကျွန်တော့်အနေနဲ့က ကျွန်တော့်ရင်ထဲရှိတာတွေ ကျွန်တော်ပြောကြည့်မယ်။ ဆရာကြီး ဦးရာရှစ် နှစ်တစ်ရာပြည့်အခမ်းအနားကျင်းပဖို့အတွက် ကျွန်တော့်မိတ်ဆွေကြီး ဦးထွန်းကြည်ရောက်လာပြီး ပူးပေါင်းလုပ်ဖို့ပြောတော့ ကျွန်တော် ချက်ချင်းပဲ ပါမယ်လို့ အာမခံလိုက်တယ်။ ထိုနည်းတူစွာပင် ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်မယ်လို့ပြောလိုက်တယ်။ ဒါကြောင့် ဆရာကြီးဦးရာရှစ်ရဲ့အကြောင်း တစိတ်တဒေသကို ကျွန်တော်သိခွင့်ရလိုက်တယ်။ အဲဒီတော့ ကျွန်တော်ကလည်း လူမှုရေးအဖွဲ့အစည်းလေးလုပ်ပါတယ်။ ကျွန်တော်လုပ်တဲ့လူမှုရေးအဖွဲ့အစည်းက မသန်စွမ်းတွေအတွက် သူတို့ရဲ့အရေးကိစ္စကို ဆောင်ရွက်ပေးနေတဲ့ လူမှုရေးအဖွဲ့အစည်းပါ။ ကျွန်တော် ဒီလိုစကားပြောတဲ့အခါ ကျွန်တော်တို့ထဲက ၈၇-၈၈ မှာ ရန်ကုန်တက္ကသိုလ်မှာ ကျွန်တော်ကိုယ်တိုင် ၀ှီးချဲလ်နဲ့ လမ်းပေါ်တက်ခဲ့တယ်။ ကျွန်တော် အင်္ဂလိပ်မေဂျာကပါ။ နောက်ဆုံးမှ လမ်းပေါ်ထွက်ခဲ့တယ်။ မိန်းကလေးတွေများတော့ ဘယ်သူမှ မထွက်ဘူး။ ကျွန်တော်ဦးဆောင်လိုက်တဲ့အခါ သူငယ်ချင်းတွေအကုန်ပါလာတာ။ ကျွန်တော့်အနေနဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တာကို ဂုဏ်ယူသလို၊ တက္ကသိုလ်ကျောင်းသားဖြစ်တဲ့အတွက် ကျွန်တော့်ဘ၀မှာ စိတ်ခွန်အားတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂကြီး ဖြိုခွဲခံရတယ်။ ဒါပေမယ့် ကျောင်းသားတွေရဲ့ စိတ်ဓါတ်က ဖြိုခွဲလို့မရဘူး။ ထိုနည်းတူစွာပင် ကျွန်တော်ဆိုရင်လည်း ကျွန်တော်လုပ်နိုင်တာ ပါးစပ်တစ်ပေါက်ရှိတယ်။ ဒါပေမယ့် လူတွေမမြင်နိုင်တဲ့ စိတ်ခွန်အားတွေ ကျွန်တော်မွေးမြူထားတယ်။ ဒီရန်ကုန်တက္ကသိုလ်ထဲမှာ ကျွန်တော်နေထိုင်လာတဲ့အခါ ကျောင်းသားစိတ်ဓါတ် ခွပ်ဒေါင်းစိတ်ဓါတ်ဆိုတာ ၈၈-မှ ၀င်လာတာပေါ့။ ဆရာကြီးဦးရာရှစ်ရဲ့ပွဲမှာ ကျွန်တော့်အနေနဲ့ မလောက်လေးမလောက်စား အားလုံးဝိုင်းအထင်သေးမလားမသိဘူး။ တကယ်လို့များ ဟုတ်သွားလို့ရှိရင် ဒီကောင့်အနေနဲ့ ဘာတွေတက်ပြောနေလဲလို့ ပြောချင်ပြောလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ လူမှုရေးလုပ်တဲ့အခါမှာလည်း အကုန်လုံးပြောသွားကြပြီ။ ငြိမ်းချမ်းရေး ပေါင်းစည်းရေး။ ကျွန်တ်ာတို့ရဲ့ လက်သုံးစကားတစ်ခုရှိပါတယ်။ ကျွန်တော်တို့ မသန်စွမ်းတွေရဲ့ လက်သုံးစကားတစ်ခုရှိပါတယ်။ ခွဲခြားဆက်ဆံခံရခြင်း။ ခွဲခြားဆက်ဆံခြင်းခံရတဲ့ ခံစားချက်က ခွဲခြားဆက်ဆံခြင်း ခံရသူတွေပဲသိပါတယ်။ ဖိနှိပ်ခံရတဲ့ ဖိနှိပ်ခံတွေရဲ့ စိတ်ဓါတ်နဲ့ခံစားချက်က ဖိနှိပ်ခံတွေပဲသိပါတယ်။ အဲတော့ ကျွန်တော်တို့ကတော့ ကျွန်တော် မသန်စွမ်းကိစ္စတွေကို ဆောင်ရွက်တဲ့အခါ အဓိက အတားအဆီးတွေ၊ ကြွေးကြော်တဲ့ Inclusive Society ဆိုတဲ့ ပေါင်းစည်းတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ပေါင်းစည်းတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်တဲ့အခါမှာ ခုနကအားလုံးပြောသွားတဲ့အတိုင်းပဲ ညီညွတ်ရေးကို မလိုလားတဲ့ လူတစ်စုကလည်းရှိတယ်။ ညီညွတ်မှာကိုကြောက်တယ်။ ညီညွတ်ရင် လုပ်ချင်တိုင်းလုပ်လို့ မရမှာတွေ ရှိတဲ့အခါမှာ သွေးခွဲတာတွေ အမျိုးမျိုးခံရဖို့ရှိပါတယ်။ ဒါကြောင့် အခုအချိန်မှာ တိုင်းပြည်အတွက် အရမ်းကို အရေးကြီးတဲ့အချိန်ကာလဆိုတာ ကျွန်တော်လက်ခံပါတယ်။ ဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ရဲ့ Inclusive Society တည်ဆောက်ဖို့အတွက်က ကျွန်တော်ဒီမှာပဲ တစ်ခါပြောခဲ့ပါတယ်။ ၈၈-တုန်းက ကျွန်တော့်ကို ကယ်ခဲ့တာ၊ ရန်ကုန်ဆေးရုံကြီးရှေ့မှာ ကျွန်တော့်ကိုကယ်ခဲ့တာ အစ္စလာမ်ဘာသာဝင်ပါ။ သူ့ကို ကျွန်တော်မသိပါဘူး။ တကယ်လို့သာ သူမကယ်ရင် အခုအချိန် ကျွန်တော် ဒီပေါ်မှာရှိမှာမဟုတ်ပါဘူး။ ထိုနည်းတူစွာ ကန်ဘောင်အရေးအခင်းမှာလည်း ကျွန်တော်ထွက်ပြီး ၂-မိနစ်လောက်ပဲရှိသေးတယ်။ ပြဿနာတွေဖြစ်တဲ့အခါ ကျွန်တော့်ကားမောင်းပြီးပတ်ပြေးပေးတာ အစ္စလာမ်ဘာသာဖြစ်ပါတယ်။ ဆရာကြီးဦးရာဇတ်တို့အကြောင်းကို ကျွန်တော်သိပါတယ်။ သိတယ်ဆိုတာ ဆရာကြီးတွေရဲ့ ဂုဏ်ပုဒ်တွေကို ကျွန်တော်ဖတ်ကြားဖူးတော့။ ကျွန်တော်တို့ အခုကျမှ ဘာလို့ ဘာသာရေးကို ပဋိပက္ခအသွင်ဆောင်လာတာလဲ။ မဖြစ်သင့်တာတွေ ဖြစ်လာကြတယ်။ ပေါင်းစည်းတဲ့လူ့အဖွဲ့အစည်း၊ ခုနက ဆရာမကြီးပြောသွားတယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာလည်း ငြိမ်းချမ်းရေးနဲ့ နွှယ်သလို၊ ကျွန်တော်တို့ မသန်စွမ်းအဖွဲ့အစည်းတွေဖြစ်တဲ့ လူမှုအဖွဲ့အစည်းတွေဟာလည်း ပေါင်းစည်းတဲ့လူမှုအဖွဲ့အစည်းတည်ဆောက်ချင်တဲ့အခါမှာ ငြိမ်းချမ်းရေးဟာ အရမ်းကို အရေးကြီးပါတယ်။ ပြီးခဲ့တဲ့လက ကျွန်တော် ကျိုက်ထိုမြို့ကို ရုံးခန်းတစ်ခုသွားဖွင့်တဲ့အခါ ခြေပြတ်လက်ပြတ်နဲ့ မဖြစ်သင့်ပဲနဲ့ မိုင်းတွေထိပြီး မဖြစ်သင့်ပဲဖြစ်လာရတဲ့ မသန်စွမ်းတွေ တွေ့ရပါတယ်။ မသန်စွမ်းဖြစ်တဲ့အခါမှာ ၃-မျိုးရှိတယ်။ မွေးရာပါဖြစ်တယ်၊ ဘာမှမတတ်နိုင်ဘူး။ ငါတို့ဘ၀ဟာ ဆီးချိုကြောင့် ခြေထောက်တွေလက်တွေ ဖြတ်လိုက်ရတယ်။ နောက်တစ်ခုက လူ့ပယောဂကြောင့် မသန်စွမ်းတွေဖြစ်လာရတယ်။ လူ့ပယောဂတွေကြောင့် ဖြစ်လာရတယ်။ ဒါတွေဖြစ်လာရတာဟာ ဘာကြောင့်လဲ ငြိမ်းချမ်းရေးမရလို့။ ဒါကြောင့် တကယ်ဖြစ်ချင်၊ တကယ်လုပ်၊ အဟုတ်ဖြစ်ရမည် ဆိုတဲ့စကားလည်းရှိပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးတကယ်သာရရင် လူ့အသိုင်းအ၀ိုင်းကြီးဟာ ပျော်ရွှင်စရာဖြစ်နေမယ်။ ကျွန်တော်တို့ မသန်စွမ်းတွေ ကျွန်တော်တို့လိုမျိုး ခွဲခြားဆက်ဆံခြင်းခံရရင် ကျွန်တော်ဒါကြောင့် ဒီဘာသာရေးနဲ့ ပတ်သက်ရင် ဘာသာပေါင်းစုံက ကျွန်တော်နဲ့ရင်းနှီးတဲ့မိတ်ဆွေတွေအများကြီးရှိတယ်။ ဘာသာပေါင်းစုံနဲ့လည်း အကျွမ်းတ၀င်နေထိုင်ပါတယ်။ ကျွန်တော်တို့ သာယာလှပတဲ့ကမ္ဘာကြီးတည်ဆောက်ဖို့ ပေါင်းစည်းတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့ အခြေခံလိုအပ်ချက်က ငြိမ်းချမ်းရေးဖြစ်ပါတယ်။ ဒီနေ့ ဆရာကြီးဦးရာရှစ်ရဲ့ပွဲမှသည် ကျွန်တော်တို့သည် အမြတ်တစ်ခု အသိစိတ်ထဲမှာ ကျွန်တော်တို့တွေ စုစည်းပြီး ငြိမ်းချမ်းရေးအတွက်တည်ဆောက်ရမယ်။ ကျောင်းသားသမဂ္ဂတွေ ပြန်ထူထောင်ရမယ်ဆိုတဲ့ အကျိုးအမြတ်တွေရလာတယ် စတဲ့ နောက်ဆက်တွဲ အကျိုးအမြတ်တွေရလာရင်တော့ ဒီပွဲကြီးကျင်းပရကျိုးနပ်တယ်။ ဆရာကြီးဦးရာရှစ်ရာ ရောက်လေရာဘ၀မှာ ကျွန်တော်တို့ကိုကြည့်ပြီးတော့ ပီတိဖြစ်နေမယ်၊ ကျွန်တော်တို့အတွက် ချီးမွမ်းထောမနာပြုနေမှာ သေချာပါတယ်လို့ပြောကြားရင်း ကျွန်တော်နိဂုံးချုပ်ပါတယ်။”

 

ကိုအောင်ထွန်း (ကျောင်းသားသမဂ္ဂသမိုင်းစာပေအုပ်စု) ရေးသားဖတ်ကြားသော ကဗျာ

၁၉၄၅-ခုနှစ်က လူ့အခွင့်အရေး ကြေညာစာတမ်းကို ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံး လူမျိုး ဘာသာ အသွေးရောင်အသွေးအသား ခွဲခြားခြင်းမပြုရလို့ပါပါတယ်။ ကျွန်တော့်ကို အမှတ်(၇)ထောက်လှမ်းရေးက ၁၉၉၇ မှာ ခေါ်စစ်သော်လည်း ဗိုလ်ကြီးစည်သူကို ကျွန်တော် စကားတစ်ခွန်းပြောခဲ့ပါတယ်။ ခင်ဗျားတို့ ကျည်တစ်ထောင့်ပစ်ရင် ဒီနိုင်ငံက ပိုက်ဆံပါ။ ဟိုဘက်က အဖွဲ့အစည်းတွေက ကျည်တစ်ထောင့်ပစ်ရင်လည်း ဒီနိုင်ငံက ပိုက်ဆံပါ။ အစိုးရဘက်က တစ်ယောက်သေလို့ပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တစ်ယောက်သေလို့ပဲဖြစ်ဖြစ် ဒီနိုင်ငံက လူတွေပဲ သေတာပါ။ ဒီနေ့မနက်မှာ ဦးရာရှစ်အခမ်းအနားမှာ ကဗျာရွတ်ဖို့ ကဗျာလေးတစ်ပုဒ်စပ်မိပါတယ်။ အဲဒီကဗျာလေးကို အားလုံးနားဆင်ပေးပါ။ အဲဒီကဗျာလေးကို ကျွန်တော်ထိုင်ပြီး ရွတ်ပြပါမယ်။ ကဗျာရဲ့ခေါင်းစဉ်ကတော့ ငြိမ်းချမ်းပါစေ။

၁။       ဂျိုးငှက်ရဲ့ နှလုံးသားကို ထိုးဖောက်

တောင်ပံကို ရိုက်ချိုးစေတဲ့

လေရိုင်း မြေရိုင်း

မှေးမှိန်

ငြိမ်းချမ်းပါစေ။

၂။       စိန်းလန်းပါစေ

ခွပ်ဒေါင်းရဲ့ခြေကို

သံခြေကျဉ်းတုပ်

လက်တွေကို သွေးစိမ်းစိမ်းရှင်

အာဏာသုံးတော်ဓါး

သွေးစက်များပယ်

ရနံ့သစ်နဲ့အတူ စိမ်းလန်းပါစေ။

၃။       ပွင့်ဝေပါစေ။

၎-ရက်နေ့ သမီးပျိုကို

ဝတ်ရုံကိုစုတ်ဖြဲ

အေးမြတဲ့ တိမ်တွေကို

သွေးတန်းစီစေတဲ့

တောစီးဖိနပ်ကြမ်းတွေ

ဝေးကွာ

ပွင့်ဝေပါစေ။

၎။       အေးမြပါစေ

လူ့အဓိပ္ပါယ်

လူ့သိက္ခာတရား

လူသားရဲ့တန်ဖိုး

လွတ်လပ်မှုကျောက်စက်ရေ

ကျောက်ခက်ကျောက်ပန်း

အေးမြပါစေ။

၆။       ငြိမ်းချမ်းပါစေ။

စိမ်းလန်းပါစေ။

ပွင့်ဝေစေ။

အေးမြပါစေ။

လွတ်လပ်ရေးနတ်သမီးလှပါစေ။

ဂျိုးငှက်တွေ ပျံဝဲနေပါစေ။

ခွပ်ဒေါင်းတွေရှင်သန် ဆက်ကနေပါစေ။

အောင်ထွန်း (၅.၁၁.၂၀၁၂ – မနက် ၈း၀၀ နာရီ)

x x x x x x x x x x x

Tags:

Leave a Reply