M-Media
နိုဝင်ဘာ ၁၁၊ ၂၀၁၂
အေပီ၊ ယူအက်စ်အေ တူဒေး
မြန်မာနိုင်ငံအလယ်ပိုင်းတွင် ယနေ့နံနက်ပိုင်းက အင်အားပြင်းငလျင် တစ်ခုလှုပ်သွား ကြောင်း အေပီသတင်း တစ်ရပ်က ဖော်ပြသည်။ သို့သော် အပျက်အဆီး နှင့် ဒဏ်ရာရစာရင်းကိုမူ သိရခြင်းမရှိသေးပေ။
နေပြည်တော် ငလျင်တိုင်းတာရေးဗဟိုဌာန၏ တွက်ချက်မှုအရ ရွှေဘိုမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ယင်းငလျင်မှာ ၆.၈ မဂ္ဂနီတျူဗ်ရှိကြောင်း သိရသည်။ အမေရိကန် Geological Survey ကမူ ထိုမြေငလျင်အား ၆.၆ မဂ္ဂနီတျူဗ်နှင့် အကျယ်မှာ ၆ မိုင်ရှိကြောင်း သတင်းထုတ်ပြန်သည်။
မန္တလေးမြို့ခံများကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ၌ ငလျင်လှုပ်ခတ်မှုကြောင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရကြောင်း၊ ငလျင်ပြင်း သဖြင့် ရေခရား အတွင်းမှ ရေများပင် ဖိတ်စင်ခဲ့ကြောင်း၊ အကြီးစား ထိခိုက်ပျက်ဆီးမှုမျိုး မတွေ့သေးသော်လည်း နံရံအအက်အကွဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မြန်မာငလျင်တိုင်းတာရေးဌာနမှ အမည်မဖော်လိုသူတစ်ဦးကမူ ရှေးဟောင်း စေတီပုထိုးများနှင့် သမိုင်းဝင်အဆောက်အဦများ ထိခိုက်မှုရှိနိုင်ကြောင်း ပြောကြားသည်။ ထိုငလျင်ကို အိမ်နီးချင်း ထိုင်းနိုင်ငံမှလည်း ခံစားခဲ့ရသည်ဟု ယူအက်စ်အေ တူဒေးက ဖော်ပြသည်။
Comments