News @ M-Media

နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း ၇ ခုကို ဆော်ဒီ ဖော်ဆောင်မည်

ဧပြီ ၉၊ ၂၀၂၁
M-Media

-နိုင်ငံတစ်ဝှမ်း နေစွမ်းအင်သုံး ဓာတ်အားပေးစနစ် စီမံကိန်း ၇ ခုကို ဖော်ဆောင်တော့မယ်လို့ ဆော်ဒီအာရေဗျနိုင်ငံက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်းက Sakaka ဆိုလာစီမံကိန်း ဖွင့်ပွဲမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က စီမံကိန်းသစ်တွေကို ထပ်ကြေငြာလိုက်တာပါ။ ဒါဟာ ၂၀၃၀ ရည်မှန်းချက်မှာ ပါဝင်တဲ့ ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်တပ်မှာပဲ ဆော်ဒီဟာ စိမ်းလန်းစိုးပြေရေး စီမံကိန်းကြီးနှစ်ခုဖြစ်တဲ့ Green Initiative နဲ့ Middle East Green Initiative တို့ကို ကြေငြာခဲ့ပါသေးတယ်။

“ရေရှည်တည်တံ့တဲ့ စွမ်းအင်စျေးကွက်မှာ လမ်းသစ်ဖောက်ပြီး လျှောက်လှမ်းနေတဲ့ ကျွန်တော်တို့ဟာ ပြည့်​ဖြိုးမြဲ စွမ်းအင်ကဏ္ဍမှာ ဦးဆောင်သူဖြစ်လာရေး ဆက်လက်ကြိုးစားသွားမှာပါ” လို့ Sakaka စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ မင်းသား ဘင် ဆလ်မန်က ပြောကြားခဲ့ပါတယ်။

Sakaka စီမံကိန်းဟာ ဖြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုရေး ဆော်ဒီရဲ့ ပထမခြေလှမ်း ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ Sakaka စီမံကိန်းနဲ့ သိပ်မဝေးတဲ့ ​နေရာမှာ Dumat Al-Jandal လေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းကိုလည်း ဆော်ဒီက ဖော်ဆောင်နေပါတယ်။

Sakaka ကနေ ဓာတ်အား မီဂါဝပ် ၃၀၀ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။​ နောက်ထပ် နေစွမ်းအင်သုံး ဓာတ်အားပေး စီမံကိန်း ၇ ခုကနေ စုစုပေါင်း ဓာတ်အား မီဂါဝပ် ၃၆၀၀ လောက် ထုတ်ပေးနိုင်ဖို့ ရည်မှန်းထားပြီး ဒီပမာဏဟာ နေအိမ် ၆ သိန်းကျော်ကို ဓာတ်အားပေးနိုင်မှာဖြစ်ကာ ကာဘွန်ထုတ်လွှတ်မှု တန် ၇ သန်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

Ref: Arab News