ဧပြီ ၁၀၊ ၂၀၂၁
M-Media
-စစ်တပ်ကာအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဆွေးနွေးမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို ဧပြီလ ၂၀ ရက်နေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
အာဆီယံအတွင်းရေးမှူးရုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ဒီထိပ်သီးအစည်းအဝေးကို ပြုလုပ်မှာ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အာဆီယံအဖွဲ့မှာ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ မနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သံတမန်တွေက ပြောပါတယ်။
ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က တစ်ဖက်ဖြစ်ပြီး သူတို့က မြန်မာကိစ္စမှာ ဝင်မပါချင်ဘဲ ပြည်တွင်းရေးလို့ ပြောကာ ရှောင်ချင်ကြောင်း၊ စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က မြန်မာကိစ္စကို ကြားဝင်ဖြေရှင်းပေးရေး စိတ်အားထက်သန်နေကြောင်း သံတမန်တွေက ဆိုပါတယ်။
မြန်မာ့အရေးမှာ အာဆီယံက ကြားဝင်ဖြေရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံက ဦးဆောင် ဆော်ဩနေတာပါ။ ယူကေကလည်း အာဆီယံရဲ့ ကြိုးပမ်းမှုကို ထောက်ခံအားပေးမယ်လို့ ပြောကြားထားပါတယ်။
Ref : AFP
Comments