ဧပြီ ၁၀၊ ၂၀၂၁
M-Media
-တိုင်းပြည်အခြေအနေ တိုးတက်နေတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက အစွမ်းကုန် ထိန်းသိမ်း ဆောင်ရွက်နေတယ်။ မင်းမဲ့စရိုက်ဆန်တဲ့ အကြမ်းဖက်လူအုပ်ကြောင့် လက်ရှိမှာ အကြမ်းဖက်မှုတွေ ဖြစ်နေပြီး ဒါကို ဖြိုခွင်းရမယ်လို့ မြန်မာစစ်ကောင်စီက လူတွေကို ယုံကြည်စေချင်နေတယ်။ နိုင်ငံရေးလမ်းပြမြေပုံကို ချမှတ်ရေးဆွဲထားပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ၂ နှစ်အတွင်း လုပ်ပေးမယ်ဆိုတဲ့ စကားကိုလည်း လူတွေကို နားထောင်စေချင်ပါတယ်။
ဒါတွေဟာ အပေါ်ယံရွှေမှုန်ကြဲ ဟန်ဆောင်လိမ်ညာနေတယ်ဆိုတာ တပ်မတော်လိုခေါ်တဲ့ စစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ သွားရောက်ခဲ့တဲ့ မကြာသေးခင်က ခရီးစဉ်အတွင်း CNN အဖွဲ့က အတိုင်းသား မြင်ခဲ့ ကြားခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်ပြီး တရားမဝင်အာဏာယူထားတဲ့ စစ်ခေါင်းဆောင်တွေအပေါ်ကို ပြည်သူတွေက အလျှံငြီးငြီး ဒေါသမီး တောက်လောင်နေတာကိုလည်း ကျွန်မတို့ တွေ့ခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီး တိုင်းပြည်ကို ထိန်းချုပ်လိုက်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို ပယ်ဖျက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ တာဝန်ရှိသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရပြီး ဒုတိယအကြိမ် အာဏာထပ်ရခဲ့တာပါ။
ပြီးခဲ့တဲ့ ၂ လအတွင်း ရဲ၊ စစ်သားနဲ့ ရှေ့တန်းက အထူးတပ်ဖွဲ့တွေပါဝင်တဲ့ စစ်ကောင်စီတပ်တွေဟာ လက်နက်မရှိတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် စနစ်တကျ အစီစဉ်ချပြီး ဖြိုခွင်းပါတော့တယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့က လူပေါင်း ၆၀၀ ကျော် အသတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရပ်ခြားက ဝင်ရောက်မှုကို ပိတ်ပင်ထားပြီး၊ ၀ိုင်ဖိုင်အင်တာနက်တွေကို ဖြတ်တောက်ကာ၊ မြန်နှုန်းမြင့် အင်တာနက်လိုင်းတွေကို ထိန်းချုပ်ထားတဲ့အချိန် မြန်မာနိုင်ငံအတွင်း ဘာတွေဖြစ်နေလဲဆိုတာ ရဲရင့်တဲ့ ဂျာနယ်လစ်တွေ တက်ကြွလှုပ်ရှားသူတွေက အန္တရာယ်ကို မမှုဘဲ ကမ္ဘာကြီးကို တင်ဆက်နေပါတယ်။
မြန်မာနိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်နေတာတွေကို တွေ့မှာစိုးတာကြောင့် စစ်တပ်က ကျွန်မတို့ရဲ့ လှုပ်ရှားမှုတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်တာဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ပထမနေ့ ကျွန်မတို့ရဲ့ ခရီးစဉ်မှာ စစ်သားတွေပါတဲ့ ထရပ်ကား ၆ စီး ခြံရံပြီး ရန်ကုန်မြို့ကို လိုက်ပြပါတယ်။ ဒါ့အပြင် အခြားအစောင့်တွေ၊ စကားပြန်တွေ၊ အရပ်ဝတ်လုံခြုံရေးတွေ အပြည့်လိုက်ပါလာတဲ့ ကားတွေလည်း ပါပြီး ကျွန်မတို့ရဲ့ လှုပ်ရှားမှုတိုင်းကို လိုက်လံ စောင့်ကြည့်တာတွေ လုပ်ပါတယ်။ ကျွန်မတို့ သန့်စင်ခန်းထဲသွားတာတောင် လိုက်ကြည့်ပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့မှာ ကားနဲ့လျှောက်ကြည့်နေစဉ်မှာပဲ ခပ်လှမ်းလှမ်းက သံပုံးတီးတာတွေကို ကျွန်မတို့ ကြားရပါတယ်။ မကောင်းဆိုးဝါးမောင်းထုတ်တဲ့ ဒီရိုးရာဓလေ့ဟာ တော်လှန်ရေးရဲ့ အမှတ်သညာအသံ ဖြစ်လာပါတယ်။ ကျွန်မတို့ရောက်နေတာကို သိသွားကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ကျွန်မတို့ကို စာတွေ အများအပြား ပို့ကြပါတယ်။
“ခင်ဗျားတို့အဖွဲ့ ကျွန်တော်တို့နဲ့ တွေ့လို့မရဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ဒါပေမယ့် ကျွန်တော်တို့အသံကို ကြားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူတို့ ရေးကြပါတယ်။
တစ်ရက် စစ်တပ်ကလုံခြုံရေးတွေ ကျွန်မတို့ကို မင်္ဂလာဒုံက စျေးတစ်ခုကို ခေါ်သွားပါတယ်။ မင်္ဂလာဒုံဆိုတာ စစ်တပ်မိသားစု တော်တော်များများ နေထိုင်တဲ့ နေရာပါ။ စစ်အဝတ်အစားရောင်းတဲ့ဆိုင်တွေကို နေရာတိုင်းမှာ တွေ့ရပြီး၊ စစ်သားတွေပါတဲ့ ထရပ်ကားတွေကလည်း သိပ်မဝေးတဲ့ လမ်းမှာ ရပ်ထားပါတယ်။ စစ်တပ်ကို လူထုက ထောက်ခံတယ်ဆိုတာမျိုး ကျွန်မတို့ကို ပြချင်တာပါ။ လူနှစ်ယောက် ကျွန်မတို့ဆီ ကပ်လာပြီး ဆူပူ အကြမ်းဖက်သူတွေအကြောင်း ဇာတ်တိုက်ထားတဲ့စကားတွေ ပြောပါတော့တယ်။ ‘ဆူပူအကြမ်းဖက်သူ’ ဆိုတဲ့ စကားလုံးဟာ ဒီမိုကရေစီရရှိရေး ဆန္ဒပြသူတွေကို ရှုတ်ချချိုးနှိမ်ပြီးသုံးတဲ့ စစ်တပ်ရဲ့ စကားလုံးပါ။ အကြမ်းဖက်မှုကို သူတို့က လုပ်တာလို့လည်း စစ်တပ်က ပြစ်တင်ပြောဆိုပါတယ်။ အဲဒီလူနှစ်ယောက်ဟာ ကျွန်မတို့ကို လက်နှစ်ချောင်း ထောင်ပြပါတယ်။ အာဏာသိမ်းမှုဆန့်ကျင်တဲ့ တော်လှန်ရေးက အဓိကအမှတ်သညာဖြစ်နေတဲ့ ‘လက်သုံးချောင်း’ အမှတ်အသားကို ပျက်ရယ်ပြုတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် မိနစ်အနည်းငယ်အကြာမှာ အခြားသူတွေ ကျွန်မတို့နားကို ရောက်လာပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်သားတွေ ပတ်ဝန်းကျင်မှာ ဝန်းရံထားပေမယ့် သူတို့ဟာ ကျွန်မတို့ကို လက်သုံးချောင်းအမှတ်အသား ထောင်ပြပါတယ်။ သူတို့တော်တော်များများဟာ အရဲစွန့်ပြီး လုပ်ပြနေကြပေမယ့် ကြောက်ရွံ့နေရှာပါတယ်။ ဒီအတွက် ပြန်ပေးဆပ်ရမယ်ဆိုတာ သူတို့သိနေပြီး အရဲစွန့်ရတာ ထိုက်တန်တယ်လို့ သူတို့ ခံစားနေရပုံပါပဲ။
“ကျွန်မတိုင်းပြည်အတွက် လုပ်နိုင်တာကို လုပ်နေတာပါ” လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
နောက်စျေးတစ်ခုမှာလည်း ဒီလိုအဖြစ်အပျက်မျိုး ထပ်ဖြစ်ပါတယ်။ လုံခြုံရေးတွေ ကျွန်မတို့ကို ဝိုင်းထားတာကြောင့် လူတွေ အနားကပ်လာရင် ကျွန်မတို့ အနောက်ဆုတ်ပြီး ရှောင်ဖို့ လုပ်ပါတယ်။ ဒီလိုအန္တရာယ်မျိုး ရှိနေပေမယ့် တစ်ချို့တွေက သူတို့ရဲ့အသံတွေကို ကျွန်မတို့ ကြားစေချင်ကြပါတယ်။
“ကျွန်မတို့ ဒီမိုကရေစီ လိုချင်တယ်။ စစ်အာဏာသိမ်းမှုကို မလိုလားဘူး” လို့ အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။ ဘေးမှာ စစ်သားတွေရှိတယ်လို့ ကျွန်မတို့ ပြောတော့ “ကျွန်မ မကြောက်ပါဘူး” လို့ သူက ပြန်ပြောပါတယ်။
တိုင်းပြည်အတွင်းက လူငယ်တော်တော်များများလိုပဲ အနာဂတ်ပျောက်ဆုံးသွားပြီလို့ သူမ ခံစားနေရပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ စစ်အာဏာရှင်တွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အကြောက်တရားတွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီး မြန်မာနိုင်ငံကလည်း ဖယ်ကျဉ်ခံရမှုနဲ့ ဆင်းရဲတွင်းထဲကို ထိုးဆင်းသွားပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ စစ်တပ်ဟာ တိုက်ရိုက် အာဏာယူအုပ်ချုပ်တဲ့လမ်းစဉ်ကို စွန့်လွှတ်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ကာ လွှတ်တော်ရွေးကောက်ပွဲတွေ ပေါ်ပေါက်လာပါတယ်။
“အမှောင်ခေတ်ကို ပြန်မသွားချင်တော့ဘူး။ ကျွန်မတို့ရဲ့အသံတွေ ပျောက်ဆုံးသွားပြီ။ ၁၀ နှစ်လောက်ပဲ ကျွန်မတို့ ဒီမိုကရေစီ ရခဲ့တယ်။ ကျွန်မတို့မှာ လက်နက်မရှိဘူး။ သေနတ်မရှိဘူး။ ဒီအသံတစ်ခုပဲ ရှိပါတယ်” လို့ မိန်းကလေးငယ်တစ်ဦးက ပြောပါတယ်။
ကျွန်မတို့ကို စောင့်ကြပ်နေသူတွေက စိုးရိမ်လာပြီး သူတို့ရဲ့လုပ်ဇာတ် မအောင်မြင်တဲ့အတွက်လည်း မကျေမချမ်း ဖြစ်သွားပါတယ်။ ပြည်သူတွေရဲ့ အင်အား၊ စိတ်ဆန္ဒနဲ့ သတ္တိဗျတ္တိတွေ၊ စစ်အာဏာရှင်အပေါ် ခါးခါးသီးသီး မုန်းတီးမှုတွေကို စစ်ကောင်စီက တော်တော်လေး လျှော့တွက်မိခဲ့တာပါ။
ကျွန်မတို့နဲ့ စကားပြောခဲ့တဲ့၊ လက်သုံးချောင်းထောင်ပြခဲ့တဲ့ လူ ၁၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။ အဲဒီအထဲက ၈ ယောက် ပြန်လွတ်သွားပြီဆိုတာ နောက်ပိုင်း ကျွန်မတို့ သိရပါတယ်။ ဒါပေမယ့် သူတို့ ရှောင်ပုန်းနေရပါတယ်။
ရန်ကုန်မြို့က မြို့နယ်အုပ်ချုပ်ရေးရုံးတွေ ရောက်တဲ့အခါ ဆန္ဒပြသူတွေကြောင့် ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ လူတွေကို ကျွန်မတို့ရှေ့ တန်းစီ ခေါ်ထုတ်လာပါတယ်။ ဆူပူအကြမ်းဖက်သူတွေက သူတို့ ရိုက်တယ်၊ ခြိမ်းခြောက်တယ်၊ အရှက်တကွဲအကျိုးနည်းဖြစ်အောင် လုပ်တယ်လို့ အဲဒီလူတွေက ပြောပါတယ်။
အကြမ်းဖက်မှု ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကြောင့် လူအများအပြား သေဆုံးခဲ့တဲ့ မြောက်ဥက္ကလာပ မြို့နယ်မှာ အုပ်ချုပ်ရေးမှူးက ဆန္ဒပြသူတွေ ဘယ်လိုဆူညံကြောင်း၊ လူ ၅ ဦးထက်ပိုစုပြီး ဥပဒေကို ဘယ်လိုချိုးဖောက်ကြောင်းတွေ ကျွန်မတို့ကို ပြောပြပါတယ်။ အဲဒီမြို့နယ်ဟာ အခု စစ်အုပ်ချုပ်ရေးလက်အောက် ရောက်နေပါတယ်။
ဒီလို ဥပဒေချိုးဖောက်မှုတွေကြောင့် ကလေးတွေအပါအဝင် လူရာချီ သတ်လိုက်တာလားလို့ ကျွန်တို့ကို စောင့်ကြပ်နေတဲ့ သူတွေကို မေးရာမှာတော့ သူတို့ တုန်လှုပ်သွားပြီး အဖြေမပေးခဲ့ပါဘူး။
အာဏာရူးမှု
ရန်ကုန်မှာ ၃ ရက်တာ နေထိုင်ခဲ့ပြီးတဲ့နောက် ကျွန်မတို့ကို နေပြည်တော် ခေါ်သွားပါတယ်။ ကျယ်ပြော သစ်လွင်တဲ့ အဲဒီမြို့ကြီးကို မောင်းဝင်လိုက်တာနဲ့ ပြည်သူတွေနဲ့ ဝေးရာမှာ စစ်ခေါင်းဆောင်တွေ ဘာ့ကြောင့် နေထိုင်နေကြလဲဆိုတာ အလွယ်တကူပဲ သိမြင်နိုင်ပါတယ်။ တောခေါင်ခေါင်မှာ ၂၀၀၀ ပြည့်နှစ်တွေက စတင်ဆောက်လုပ်ခဲ့တဲ့ ဒီမြို့မှာ နေထိုင်သူအားလုံးနီးပါးလောက်က စစ်တပ်နဲ့ အစိုးရအသိုင်းအ၀ိုင်းက လူတွေသာ ဖြစ်ပါတယ်။ ၁၂ လမ်းသွား အဝေးပြေးလမ်းကြီးမှာလည်း ရှင်းလင်းနေပြီး ကားတစ်စီးမှ မရှိသလောက်ပါပဲ။
တပ်မတော် စစ်သမိုင်းပြတိုက်ကတော့ ခမ်းနားကြီးမားလွန်းပြီး စစ်တပ်ရဲ့ အထင်ကရ အဆောက်အဦးဖြစ်သလို အတိတ်က တိုင်းပြည်သူရဲကောင်းတွေရဲ့ ပုံတူပန်ကြီးကားချပ်တွေ၊ ကိုယ်တစ်ပိုင်းရုပ်တုတွေ ခင်းကျင်းပြသထားတဲ့ ပြခန်းကြီးတွေလည်း ရှိပါတယ်။
ခေတ်သစ် မြန်မာနိုင်ငံကို တည်ထောင်သူလို့ သတ်မှတ်ခံရပြီး ဖြုတ်ချခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကားချပ်အောက်မှာ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက CNN သတင်းဌာနကို အင်တာဗျူး ဖြေပါတယ်။
မြန်မာနိုင်ငံက လက်ရှိအခြေအနေကို ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက် တမလွန်ကနေ မြင်ရရင် ယူကျုံးမရ ဖြစ်နေမလားလို့ မေးတဲ့အခါမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ‘ဗိုလ်ချုပ်အောင်ဆန်း အခုအချိန်မှာသာရှိရင် မိုက်လိုက်တာ ငါ့သမီးရယ်လို့ပဲ ပြောမယ်လို့ ထင်ပါတယ်’ လို့ ပြန်ဖြေခဲ့ပါတယ်။
အခန်းထဲမှာ ပြိုင်တူ သက်ပြင်းချသံ ပေါ်လာပြီး ဘာသာပြန်သမားရဲ့ မျက်လုံးလည်း ပြူးသွားကာ ဘာသာပြန်ဖို့တောင် အနည်းငယ် တုန့်ဆိုင်းသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ကြည်ညိုကြပြီး အထူးသဖြင့် လူများစု ဗမာလူမျိုးတွေ ကြားထဲမှာ ဖြစ်ပါတယ်။ သူမကို လူသိရှင်ကြား ဒီလို ပုတ်ခတ်ပြောဆိုတာမျိုးနဲ့ လူထုရဲ့ထောက်ခံမှုကို စစ်တပ်က မရနိုင်ပါဘူး။ မောက်မာထောင်လွှားပြီး၊ အမြင်ကျဉ်းမြောင်းလွန်းတဲ့ တပ်မတော်အသိုင်းအ၀ိုင်းကတော့ ဒါတွေကို သိပ်မစဉ်းစားပါဘူး။ အာဏာရယူလိုမှုနဲ့ ငွေကြေးအကျိုးစီးပွား ပိုင်ဆိုင်လိုမှုကသာ သူတို့ရဲ့ အဓိက ဦးစားပေး ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ကျွန်မတို့ရဲ့ နောက်ဆုံးညမှာ တိုင်းပြည်အတွင်း တွေ့ခဲ့တာတွေနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲလို့ အနီးကပ်လုံခြုံရေးက ကျွန်မကို မေးပါတယ်။ စစ်တပ်ဟာ ပြည်သူလူထုရဲ့ထောက်ခံမှု မရကြောင်း၊ ပြည်သူကို ထိန်းချုပ်နိုင်ဖို့ ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် ဖိနှိပ်မှုကိုသာ စစ်တပ်က လုပ်နေပြီး ဒီလိုနည်းလမ်းကြောင့် ပြည်တွင်းစစ် တော်တော်များများ ပေါ်ပေါက်လာတာကို မြင်ခဲ့ရကြောင်း ကျွန်မ ရိုးရိုးသားသား ပဲ ပြန်ဖြေလိုက်ပါတယ်။
သူက ကျွန်မပြောတာကို သေသေချာချာနားထောင်ပြီး ဘာမှပြန်မပြောဘဲ ခေါင်းပဲ ညိမ့်ပြပါတယ်။ တပ်မတော်အတွင်းမှာ ဂိုဏ်းကွဲနေတယ်ဆိုတဲ့ ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး၊ ဘက်ပြောင်းတာမျိုး ရှိချင်ရှိနိုင်ပေမယ့် အခုအချိန်အထိတော့ ဒီလိုဖြစ်နေတယ်ဆိုတဲ့ အထောက်အထားမျိုး သိပ်မတွေ့ရပါဘူး။
ရန်ကုန်ကနေ ပြန်ထွက်မယ့် လေယာဉ်မှာ လူငယ်တစ်ဦးက ကျွန်မနားကို ရှက်ကိုးရှက်ကန်းနဲ့ကပ်လာပြီး စာတစ်စောင် ပေးသွားပါတယ်။
“ချစ်ရသော ကလာရစ်ဆာဝါဒ့် ခင်ဗျား။ မြန်မာနိုင်ငံမှာ အမှန်တကယ် ဘာတွေဖြစ်နေလဲဆိုတာ ကမ္ဘာကြီးကို ပြောပြပေးပါ။ ကျွန်တော်တို့ပြည်သူတွေဟာ စစ်အာဏာရှင်ကို မလိုချင်ပါဘူး”
‘မြန်မာနိုင်ငံသားတစ်ဦး’ လို့ အဲဒီစာမှာ လက်မှတ်ရေးထိုးထားပါသေးတယ်။ သူတို့ရဲ့အကြောင်းတွေ၊ နာကျင်ခံစားရမှုတွေကို ကမ္ဘာကြီးက သိစေ၊ မြင်စေချင်နေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ သူလည်း တစ်ဦး အပါအဝင်ပေါ့…
Ref: CNN
(CNN သတင်းဌာနမှ Myanmar’s military has underestimated the strength, will and bravery of its own people ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
Comments