News @ M-Media

အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုဖို့ အာဆီယံကို ဦးကျော်မိုးထွန်း တိုက်တွန်း

ဧပြီ ၁၄၊ ၂၀၂၁
M-Media

-အာဏာသိမ်းစစ်ကောင်စီကို ဆက်သွယ်ပြောဆိုမှု လုပ်ဆောင်ပေမယ့် အသိအမှတ်မပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် ဦကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဟာ ဧပြီလ ၂၀ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမှာ ​ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရှိနေတာပါ။

ဒီအစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မလားဆိုတာ မသေချာပါဘူး။

စစ်ကောင်စီကို သစ္စာမခံဘဲ ပြည်သူ့ဖက် ဘက်ပြောင်းလာတဲ့ သံအမတ် ဦးကျော်မိုးထွန်းကတော့ မြန်မာနိုင်ငံမှာ အပြစ်မဲ့အရပ်သားတွေ အသတ်ခံနေရမှုကို ချက်ခြင်းအဆုံးသတ်ရေး အာဆီယံခေါင်းဆောင်တွေက စစ်တပ်ကို အဓိကထား တိုက်တွန်းမယ်လို့ မျှော်လင့်ကြောင်း South China Morning Post နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

“သံတမန်တစ်ယောက်အနေနဲ့ စေ့စပ်ညှိနှိုင်းမှုအပေါ်မှာ ကျွန်တော် အမြဲတမ်း ယုံကြည်ချက်ထားပါတယ်”

မြန်မာနိုင်ငံကပြဿနာကို ဖြေရှင်းရာမှာ စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးမှုက အရေးပါပေမယ့် သူတို့ကို အသိအမှတ်ပြုတာမျိုး မဖြစ်စေဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီနဲ့ဆွေးနွေးပြီး မြန်မာနိုင်ငံကပြဿနာ ပြေလည်စေဖို့ ဆောင်ရွက်ရာမှာ တစ်ဖက်သတ်မဖြစ်စေဘဲ အဓိပ္ပါယ်ရှိတဲ့ ပုံစံမျိုးနဲ့​ လုပ်ဆောင်ဖို့၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်ရာမှာ CRPH အဖွဲ့နဲ့ ဆွေးနွေးဖို့လည်း လိုအပ်ကြောင်း ဦးကျော်မိုးထွန်းက ​ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဆီယံမှာ ၂ ဖွဲ့ကွဲနေပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့က မြန်မာပြဿနာကို ကြားဝင်ဖြေရှင်းပေးဖို့ ဆန္ဒသိပ်မရှိဘဲ၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားတို့ကသာ တက်တက်ကြွကြွ လုပ်ဆောင်လိုစိတ် ရှိကြတယ်လို့ ပြီးခဲ့တဲ့တစ်ပတ် လုံခြုံရေးကောင်စီနဲ့ CRPH အဖွဲ့ဝင်တွေ ဆွေးနွေးမှုအပြီးမှာ နိုင်ငံတကာသံတမန်တွေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Ref : South China Morning Post