6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၃၊ ၂၀၂၁
M-Media

(ဓာတ်ပုံ – စစ်ကိုင်းတိုင်းမုံရွာမြို့မှ ဆန္ဒပြမှု မြင်ကွင်း)

-တစ်ချက်ပစ် တစ်ချက်ယမ်းထိုးတဲ့ ရိုးရာတူမီးသေနတ်တွေ၊ တစ်ခါတစ်လေမှာ ပိုအဆင်မြင့်တဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ပြညသူတွေဟာ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်တွေရဲ့ ရန်ကို ခုခံကာကွယ်နေကြပါတယ်။

မတ်လ ၂၇ ရက်နေ့ တပ်မတော်က နိုင်ငံတစ်ဝှမ်း ပြည်သူ ၁၁၄ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ သွေးချောင်းစီးမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းက​ ကလေးမြို့ဟာ ပြန်လည် ခုခံတိုက်ခိုက်ကြပါတော့တယ်။

အဲဒီနေ့မှာပဲ ပြည်သူတွေက ‘ကလေး ဒေသခံတပ်ဖွဲ့’ (KCA) ကို ဖွဲ့စည်းခဲ့ပြီး မြို့ရဲ့ တာဟန်းရပ်ကွက်မှာ အခိုင်အမာ ခြေကုပ်ယူလိုက်ကြတယ်။ ဒေသတွင်း အမဲလိုက်ရာမှာ သုံးတဲ့ တူမီးသေနတ်တွေနဲ့ အခြား ခေတ်မီ လက်နက်တွေကိုလည်း သူတို့တွေ ဖြည့်တင်းခဲ့ကြပါတယ်။

စစ်တပ်က ကလေးမြို့ကို စစ်ကူတွေ ထပ်ခါထပ်ခါပိုပြီး တိုက်ခိုက်တဲ့တိုင်အောင် ပြည်သူတွေဟာ ခံတပ်ကို ၁၀ ရက်ကြာ သိမ်းပိုက်ကာကွယ်ထားနိုင်ခဲ့ပါတယ်။

ဧပြီလ ၄ ရက်နေ့မှာတော့ ဆန္ဒပြသူတွေဟာ သုံ့ပန်းလဲလှယ်မှု လုပ်ခဲ့ပါတယ်။ သူတို့ဖမ်းဆီးရမိတဲ့ ရဲ ၇ ယောက်နဲ့ စစ်တပ်ကဖမ်းထားတဲ့ အရပ်သား ၉ ယောက်ကို လဲခဲ့တာပါ။ နောက်ထပ် ၂ ရက်အကြာမှာတော့ စစ်တပ်ဟာ ဆန္ဒပြသူတွေနဲ့ ညှိပါတယ်။ ဆန္ဒပြခံတပ်ကို ဖြိုဖျက် ဖယ်ရှားပေးဖို့ ပြောခဲ့ပြီး ဆန္ဒပြခေါင်း​တောင်တွေက ကလေးမြို့မှာ ဆန္ဒပြပွဲလုပ်ခွင့်ပေးရင် သဘောတူမယ်လို့ ပြန်ပြောခဲ့ပါတယ်။ ဒီဆွေးနွေးမှုဟာ အဖြေမထွက်ခဲ့ပါဘူး။

နောက်တစ်ရက်မှာ စစ်တပ်ဟာ မနက်အစောကြီးကတည်းက ဖြိုခွင်းမှုတွေ လုပ်ခဲ့ပါတယ်။ တာဟန်းရပ်ကွက်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုအတွင်း အရပ်သား ၁၁ ဦးသေဆုံးခဲ့ပြီး အဲဒီနောက် ခံတပ်လည်း ပြိုသွားခဲ့ပါတယ်။ စစ်သားနဲ့ရဲတွေဟာ ကျန်တဲ့ KCA အဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ရှာဖွေနေပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေက ခုခံကာကွယ်မှု ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

“ကျွန်မမြို့နဲ့ ကျွန်တော်တို့ပြည်သူတွေကို ကာကွယ်ဖို့အတွက် KCA ကို ဖွဲ့စည်းခဲ့တာပါ။ KCA အဖွဲ့ဝင်တွေဟာ လုံခြုံတဲ့နေရာမှာ ရှိနေပါတယ်။ ပြန်လာပြီး ဆန္ဒပြသူတွေနဲ့ဆွေးနွေးကာ တန်ပြန်ထိုးစစ်ဆင်ဖို့ ဆွေးနွေးနေပါတယ်” လို့ ကလေးမြို့က ဆန္ဒပြခေါင်းဆောင် မအေးသဇင်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေကို ကလေးမြို့က ခုခံကာကွယ်ဖို့ ကြိုးစားမှုအတိုင်း စစ်ကိုင်းတိုင်းဒေသကြီးက အခြားမြို့တွေကလည်း လုပ်ဆောင်လာကြပါတယ်။ စစ်ကိုင်းတိုင်းဟာ စစ်အာဏာရှင်ကိုဆန့်ကျင်ရာ …… အဖြစ် ပေါ်ထွက်လာပါတယ်။

မတ်လနှောင်းပိုင်းကစလို့ တမူး၊ ပင်လယ်ဘူးနဲ့ တန့်ဆည်မြို့တွေက ဒေသခံတွေဟာ ရဲနဲ့ စစ်သားတွေကို ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်မှုတွေ လုပ်ဆောင်လာပြီး နှစ်ဖက်စလုံး အထိအခိုက်အကျအဆုံးတွေ ​များလာပါတယ်။

ရန်ကုန်၊ မန္တလေးတို့နဲ့ မတူတာက စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းနဲ့ မြောက်ပိုင်းက ဝေးလံခေါင်ဖျားဒေသတွေမှာ ဆန္ဒပြသူတွေဟာ ရိုးရာအမဲလိုက်သေနတ်၊ ဓားနဲ့ ဓာတ်ဆီဗုံးတွေအပြင် အခြား​လက်နက်တွေကို ရနိုင်ကြတာပါ။ ကလေး၊ တမူးနဲ့ ပင်လယ်ဘူးမြို့က ဆန္ဒပြသူတွေဟာ ချေမှုန်းရေးရိုင်ဖယ်အချို့၊ လက်ပစ်ဗုံးအချို့အပါအဝင် ပိုပြီး အဆင့်မြင့်တဲ့လက်နက်တွေရရှိအောင် ကြိုးပမ်းထားနိုင်တယ်လို့ သတင်းရင်းမြစ်တော်တော်များများက Frontier သတင်းဌာနကို ပြောပါတယ်။

ခုခံတိုက်ခိုက်မှု ပေါ်ပေါက်လာရာမှာ ဒီမိုကရေစီရရှိရေး ကြွေးကျော်တောင်းဆိုရာမှာ သမိုင်းအစဉ်အလာကြီးမှု၊ အခြား တောင်တန်းဒေသတွေနဲ့ယှဉ်ရင် တိုင်းရင်းသားလက်နက်ကိုင် သူပုန်ထမှု မရှိတာကြောင့် တပ်မတော်ရဲ့ စစ်အင်အား နည်းပါးမှုတွေ စတာတွေကလည်း နောက်ကွယ်က အကြောင်းအရင်းအနေနဲ့ ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်းမြို့တော် မုံရွာ၊ ကလေးမြို့နဲ့ ဒီပဲယင်းမြို့တွေဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုမှာ ရေခံမြေခံကောင်းတဲ့မြို့တွေ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် လူထုအုံကြွမှု၊ ရွှေဝါရောင်တော်လှန်ရေးလို့ခေါ်တဲ့ ၂၀၀၇ သံဃာအရေးအခင်းတွေမှာ ဒီမြို့ကပြည်သူတွေဟာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုအပေါ် လုံခြုံးရေးတပ်ဖွဲ့တွေက ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွဲပေမယ့် တော်လှန်ရေးသမိုင်းကြောင်းကြောင့်ပဲ မုံရွာမြို့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ဆန္ဒပြမှု ကြီးကြီးမားမားဖြစ်ပွားရာ ဒေသတွေထဲမှာ ပါဝင်ခဲ့တာပါ။ ​စစ်တပ်က အာဏာမစွန့်လွှတ်မချင်း မုံရွာကဆန္ဒပြမှုဟာ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

“မုံရွာမှာ ဆန္ဒပြမှုကို ကျွန်တော်တို့ ရပ်လိုက်ရင် စစ်တပ်ဟာ စစ်ကိုင်းတိုင်းက လူဦးရေနည်းတဲ့ တစ်ခြားမြို့တွေကို သွားပြီး ဖြိုခွင်းပါလိမ့်မယ်”

ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ ကြီးကြီးမားမားဆန္ဒပြမှုတွေ လက်တလော နည်းသွားတဲ့အတွက် စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းဖက်ကို တပ်တွေ ပိုလွှတ်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ကလေးမြို့က ဆန္ဒပြခေါင်းဆောင် မသဇင်ကလည်း ဒီအချက်ကို သဘောတူပါတယ်။ မုံရွာမှာ ဆန္ဒပြမှုတွေ ဆက်ဖြစ်နေတာကြောင့် အိန္ဒိယနဲ့ကပ်နေတဲ့ ကလေး၊ တမူးမြို့တွေကို လုံခြုံရေးတပ်ဖွဲ့တွေက အာရုံမစိုက်နိုင်ဘူးလို့ သူက ပြောပါတယ်။

တမူးမြို့မှာဆိုရင် ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေ ထိခိုက်သေဆုံးအောင် လုပ်နိုင်သည်အထိ လက်စောင်းထက်ခဲ့ပါတယ်။ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသူက မြို့ခံတွေဟာ ခေတ်ပေါ်သေနတ်၊ ရိုးရာတူမီးသေနတ်၊ လက်ပစ်ဗုံးတွေနဲ့ပါ ခုခံတိုက်ခိုက်နေကြတယ်လို့ ပြောပါတယ်။ ​အခုအချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးထားပါတယ်။

“ကျွန်တော်တို့ပြန်မပစ်ရင် ဆန္ဒပြသူတွေ အသတ်ခံရမှာပဲ။ ဆန္ဒပြပွဲလည်း ကျွန်တော်တို့မြို့ကနေ ပျောက်သွားလိမ့်မယ်”

လက်နက်ကိုင်ခုခံတွန်းလှန်မှုဟာ တောရောမြို့မှာပါ ဖြစ်ပွားနေတယ်လို့လည်းသူက ပြောပါတယ်။

တမူးမြို့မှာ ပထမဆုံး ခုခံတိုက်ခိုက်မှုဟာ ဧပြီလ ၁ ရက်နေ့မှာ စတင်ပါတယ်။ CDM လုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒေသခံတွေကိုဦးဆောင်ကာ နန်ဖာလုံရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း CDM ရဲတပ်ဖွဲ့ဝင်လည်း သေဆုံးခဲ့တယ်လို့ ကိုမင်းသူက ပြောပါတယ်။

နောက် ၃ ရက်အကြာမှာတော့ ​တမူးမြို့က စစ်ကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နောက်ထပ် စစ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေကို ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် တမူးမှာ ဆန္ဒပြသူတွေ ထိခိုက်သေဆုံးမှု လျော့ကျသွားတယ်လို့ ကိုမင်းသူက ပြောပါတယ်။ တမူးမှာ ဧပြီလ ၁၂ ရက်နေ့အထိ ပြည်သူဖက်က ထိခိုက်သေဆုံးသူ ၆ ဦးသာ ရှိပါသေးတယ်။

“ဒါ့ကြောင့် တစ်ခြားနေရာက ပြည်သူတွေကလည်း ရဲနဲ့စစ်သားတွေကို ကြောက်မနေဘဲ ပြန်တိုက်ဖို့လိုပါတယ်။ ရဲနဲ့ စစ်သားကသာ ပြည်သူကို ကြောက်ရမှာပါ”

နယ်စပ်မှာရှိနေတာက တမူးမြို့ဆန္ဒပြသူတွေရဲ့ အားသာချက်ဖြစ်ပြီး အခြားနေရာတွေမှာ ဆန္ဒပြသူတွေဟာ ဒီအားသာချက်မျိုး မရှိပါဘူး။

တမူးမြို့ခံဖြစ်ပြီး ဆန္ဒပြအဖွဲ့ခေါင်းဆောင် ကိုမင်းသူက ဒဏ်ရာရသူတွေကို နယ်စပ်ကိုဖြတ်ပြီး အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က မိုးရေးဖက်ကို သွားကုတယ်လို့ ပြောပါတယ်။ တမူးမှာ အခြေအနေတွေ ဆိုးရွားလာရင် ဒေသခံတွေဟာ နယ်စပ်ဖြတ်ပြေးကြတယ်လို့လည်း ဆိုပါတယ်။

ဆန္ဒပြသူတွေ လက်နက်ဘယ်လိုရလဲဆိုတာ အသေးစိတ်ပြောဖို့ သူက ငြင်းပေမယ့် မြန်မာ-အိန္ဒိယနယ်စပ်မှာ လက်နက်ကိုင်အဖွဲ့တွေ အများအပြားရှိတာကြောင့် အဲဒီလူတွေဆီက ဝယ်ယူတာမျိုး ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့မြို့ဟာ နယ်စပ်မြို့ဖြစ်တဲ့အတွက် လက်နက်ရဖို့က ပူစရာမလိုပါဘူး။ ဒါပေမယ့် ရဲနဲ့စစ်သားတွေကို ဘယ်လောက်ကြာကြာ ခုခုံနိုင်မလဲဆိုတာ ကျွန်တော် မသိပါဘူး”

ဆန္ဒပြသူအချို့ လက်နက်ကိုင်ခုခံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ကျယ်ကျယ်ပြန့်​ပြန့် ဖြစ်တော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ ကိုစည်သူကတော့ ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရက်စက်ကြမ်းကြုတ်လို့ တုန့်ပြန်တာသာဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြချင်တယ်။ လက်နက်ကိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပါ။ ​ကျွန်တော်တို့မှာ တစ်ခြားရွေးစရာသာရှိခဲ့ရင် လက်နက်ဘယ်ကိုင်ပါ့မလဲ”

စစ်ကိုင်းတိုင်းမြောက်ပိုင်း ပင်လယ်ဘူးမြို့မှာ ဧပြီလ ၅ ရက်နေ့က ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုအတွင်း တူမီးလက်ချက်ကြောင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပါတယ်။ ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးလည်း မီးရှို့ခံခဲ့ရပြီး ဆန္ဒပြသူတွေဖက်က အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန်မှာ မြို့ကဒေသခံတော်တော်များများ ထွက်ပြေးသွားကြပြီး အမာခံဆန္ဒပြသူတွေပဲ ကျန်ရစ်တော့တယ်လို့ ကိုသီဟက ပြောပါတယ်။

“ခုခံကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာ တူမီးသေနတ်တွေပဲ ရှိပါတယ်။ ဒါ့ကြောင့် လက်ရှိတော်လှန်ရေးကို ‘တူမီးတော်လှန်ရေး’ လို့ ကျွန်တော်တို့ ခေါ်ပါတယ်။ ကလေးနဲ့ တမူးမြို့တွေမှာ တူမီးအပါအဝင် လက်နက်တွေနဲ့ ခုခံနေပါတယ်”

မ​ကွေးတိုင်းဒေသကြီးအတွင်းက ဂန့်ဂေါမြို့ကို ကလေးမြို့ကနေ ၃ နာရီကြာ ကားမောင်းသွားရပါတယ်။ ကလေးမြို့ရှိတဲ့ ​တောင်တန်းနှစ်ခုကြားက ​ချိုင်းဝှင်ဒေသရဲ့ တောင်ဖက်မှာ ရှိတာပါ။ ဂန်ဂေါမြို့က ဒေသခံတွေဟာ မတ်လ ၃၀ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တူမီးသေနတ်တွေနဲ့ ခုခံတိုက်ခိုက်ခဲ့ပါတယ်။

“တူမီး​သေနတ်ကို ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အသုံးပြုတာပါ။ ​ရဲတွေက သေနတ်ကိုကြောက်တယ်။ ပြည်သူတွေက ပြန်ပစ်မှာကို သူတို့ သိတဲ့အတွေက် တွေ့ရာမြင်ရာ မပစ်ရဲပါဘူး” လို့ မြို့မရပ်ကွက်က ကိုအောင်ထူးက ပြောပါတယ်။

ဧပြီလ ၂ ရက်နေ့ကစလို့ ရဲနဲ့ စစ်သားတွေက ဂန့်ဂေါမြို့ မြို့မရပ်ကွက်နဲ့ မိုးကောင်းရပ်ကွက်မှာ တစ်အိမ်တက်ဆင်း လက်နက်တွေရှာတာကြောင့် ​ပြည်သူတွေ တစ်ခြားနေရာကို ထွက်ပြးခဲ့ရပါတယ်။ ​လက်နက်မရှိပေမယ့်လည်း ဖမ်းဆီးသွားမှာကို ဒေသခံတွေက ကြောက်နေကြတာပါ။

မကွေးတိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်ကျော်ထွန်း (NLD ပါတီ ဂန့်ဂေါ မဲဆန္ဒနယ် ၂) က အဲဒီရပ်ကွက်တွေကို ရဲနဲ့စစ်တပ်တွေ ၀ိုင်းထားတာကြောင့် သူဟာ တစ်ခြားတစ်နေရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။

“လုံခြုံရေးတပ်ဖွဲ့တွေ မြို့မနဲ့ မိုးကောင်းရပ်ကွက်တွေမှာ ရှိနေတုန်းပါ။ ဒေသခံတွေကတော့ ချင်းပြည်နယ် ဒါမှမဟုတ် မကွေးတိုင်းက အခြားဒေသတွေကို ​ထွက်ပြေးနေရပါတယ်”

မတ်လနောက်ဆုံးသီတင်းပတ်က ဂန်ဂေါမြို့မှာ လူ ၄ ဦး အသတ်ခံရတယ်လို့လည်း သူက ပြောပါတယ်။

ဧပြီလ ၁၀ ရက်နေ့က တမူးမြို့မှာ လုံခြုံးရေးတပ်ဖွဲ့ဝင်တွေ ကျည်အစစ်နဲ့ပစ်တာ၊ လစ်ပစ်ဗုံးနဲ့ထုတာကြောင့် လူ ၃ ဦး သေဆုံးခဲ့သလို လက်တလော ပစ်ခတ်ဖြိုခွင်းမှုတွေ ဆက်ရှိနေပေမယ့် တမူးဒေသခံတွေကတော့ လက်နက်ကိုင် ခုခံရေး ဆက်လက်လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြပြီး ‘တမူးလုံခြုံရေးအဖွဲ့’ ကိုတောင် ဖွဲ့စည်းထားကြပါပြီ။

လက်လုပ် တူမီးသေနတ်​၊ AK47၊ M16 ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ တော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကိုမင်းသူက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ ကျီးလန့်စာစားရမယ့် ပစ်-ပြေးနည်းလမ်းကို အသုံးပြုမယ်လို့လည်း သူက ဆိုပါတယ်။

“မကြာခင် ပျောက်ကျားဗျူဟာနဲ့ ကျွန်တော်တို့ တိုက်သွားမယ်။ ​လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ယှဉ်ရင် ကျွန်တော်တို့က လူနည်းတယ်။ ဒါ့ကြောင့် ဗျူဟာပြောင်းဖို့ လိုပ်ပါတယ်”

(ဆောင်းပါးပါအမည်များသည် အမည်လွှဲများ ဖြစ်ပါသည်)

Ref: Frontier Myanmar

(Frontier Myanmar တွင် ဖော်ပြထားသည့် The ‘Tumi Revolution’: Protesters fight back in Sagaing Region ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

Comments are closed.