ဧပြီ ၁၅၊ ၂၀၂၁
M-Media
-ရန်ဘက်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ပြန်လည်သင့်မြတ်ပြီး ခိုင်မာတဲ့
ဆက်ဆံရေး တည်ဆောက်နိုင်ဖို့အတွက် မိမိတို့က ကြားဝင်ဆောင်ရွက်ပေးနေတယ်လို့ အမေရိကန်ဆိုင်ရာ ယူအေအီးသံအမတ် ယူဆက်ဖ် အလ် အိုတိုင်ဘာက ဖွင့်ဟ ပြောကြားလိုက်ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ပြန်လည်သင့်မြတ်ရေး လျှို့ဝှက် ဆောင်ရွက်နေကြပြီး ဇန်နဝါရီလက ဒူဘိုင်းမှာ နှစ်ဖက် ထောက်လှမ်းရေးအကြီးအကဲတွေဟာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။
သံအမတ် အလ် အိုတိုင်ဘာက ကက်ရှ်မီးယားအရေး တင်းမာမှု လျော့ကျသွားပြီး အပစ်ရပ်ရေးသဘောတူညီချက်ရဖို့၊ အဲဒီကနေတစ်ဆင့် နှစ်နိုင်ငံ ကောင်းမွန်ပြေလည်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့ ယူအေအီးက ကြားဝင်ဆောင်ရွက်ပေးနေတယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်နဲ့ မနေ့က အွန်လိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
“အကောင်းဆုံးမိတ်ဆွေတွေ ဖြစ်လာအောင် သူတို့ ဆောင်ရွက်နေတာမျိုး မဟုတ်ပေမယ့် အနည်းဆုံးတော့ အလုပ်ဖြစ်တဲ့၊ တစ်ယောက်နဲ့တစ်ယောက် ပြောလို့ဆိုလို့ရတဲ့ အဆင့်မျိုးကို ကျွန်တော်တို့ လိုချင်ပါတယ်”
အိန္ဒိယနဲ့ ပါကစ္စတန် စစ်တပ်တို့ဟာ ကက်ရှ်မီးယားက LoC နယ်ခြားစည်းမျဉ်းတစ်ယောက် အပစ်ရပ်ရေး ၂၀၀၃ ခုနှစ် သဘောတူညီချက်ကို ဆက်လက်လိုက်နာသွားမယ်လို့ ဖေဖော်ဝါရီလက အံ့အားသင့်ဖွယ် ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် ရက်အနည်းငယ်အကြာမှာပဲ ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ကမား ဂျာဝိဒ် ဘဂျ်ဝါးက အတိတ်ကကိစ္စတွေကို မေ့ပစ်ပြီး ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။
နှစ်နိုင်ငံဝန်ကြီးချုပ်တွေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အပြန်အလှန် စာတွေပေးပို့ခဲ့ပြီး ဖော်ရွေပျူငှာတဲ့ဆက်ဆံရေးမျိုး လိုချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments