ဇွန် ၅၊ ၂၀၂၁
M-Media
-ပြီးခဲ့တဲ့လ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားခဲ့တဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် အီဂျစ်က ဆောက်လုပ်ရေးပစ္စည်းတွေကို ပို့ဆောင်လိုက်ပါတယ်။
ဘူဒိုဇာတွေ၊ ကရိန်းတွေ၊ ဆောက်လုပ်ရေးသုံး ထရပ်ကားတွေ အပါအဝင် ဆောက်လုပ်ရေးပစ္စည်းတွေကို ရာဖာနယ်ခြားကနေတစ်ဆင့် ဂါဇာကမ်းမြှောင်ကို ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ အီဂျစ်က ပေးပို့လိုက်တာပါ။ ဆောက်လုပ်ရေးမှာ ကူညီပေးဖို့အတွက် အီဂျစ်အင်ဂျီနီယာတွေလည်း ဂါဇာကမ်းမြှောင်ကို လိုက်သွားခဲ့ကြပါတယ်။
“ပါလက်စတိုင်းတွေနဲ့အတူ လက်တွဲပြီး ပြန်လည်ထူထောင်ရေးလုပ်ဖို့ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးတွေ၊ ပစ္စည်းပစ္စယာတွေ၊ ပိုင်ဆိုင်တာတွေအားလုံးယူပြီး အမြန်ဆုံး သွားခဲ့ကြတာပါ။မွတ်စလင်တိုင်း၊ အီဂျစ်ပြည်သူတိုင်း ဒီတည်ဆောက်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ ဆန္ဒရှိကြပါတယ်” လို့ ထရပ်ကားမောင်းသူ မဟ်မူဒ် အစ္စမာအီလ်က ပြောပါတယ်။
မေလ ၁၀ ရက်နေ့ကစတင်တဲ့ အစ္စရေးရဲ့ ၁၁ ရက်ကြာ လေကြောင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂၅၀ ကျော် သေဆုံးကာ ထောင်ချီ ဒဏ်ရာရခဲ့ပါတယ်။ စာသင်ကျောင်းတွေ၊ ဆေးရုံ၊ ဆေးပေးခန်းတွေ၊ လူနေအိမ်တွေအပါအဝင် ဂါဇာက အဆောက်အဦးတော်တော်များများကို အစ္စရေးက ပစ်မှတ်ထား ဖျက်ဆီးခဲ့ပါတယ်။
အဆောက်အဦးပေါင်း ၁၅၀၀ ကျော်လောက် လုံး၀ ပျက်ဆီးခဲ့ပြီး တစ်စိတ်တစ်ပိုင်း ပျက်ဆီးခဲ့တဲ့ အဆောက်အဦးက ၁၇၀၀၀ ကျော်လောက် ရှိပါတယ်။ ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးအတွက် ကန်ဒေါ်လာ သန်း ၁၅၀၀ လောက် ကုန်ကျမယ်လို့ ခ့န့်မှန်းထားပါတယ်။
Ref: Alarabiya
Comments