ဒီဇင်ဘာ ၂၊ ၂၀၂၁
M-Media
-တရုတ်က အသံထက်မြန်တဲ့ ဒုံးကျည်တွေ ပိုမိုပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေတာဟာ ဒေသတွင်း တင်းမာမှု ပိုမိုမြင့်တက်လာစေပြီး၊ တရုတ်ရဲ့ခြိမ်းခြောက်မှုကို ဟန့်တားနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားလိုက်ပါတယ်။
ဆိုးလ်မြို့ကိုရောက်နေတဲ့ အော်စတင်ဟာ တောင်ကိုရီးယား တာဝန်ရှိသူတွေနဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးအပြီး ဒီကနေ့မှာ ဒီလိုမှတ်ချက်ပေးခဲ့တာပါ။ အစည်းအဝေးမှာ တရုတ်၊ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှု၊ ဒေသတွင်းအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်
“တရုတ်နိုင်ငံက စစ်ရေးအင်အားကောင်းဖို့ ကြိုးစားနေမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ စိုးရိမ်မှုတွေ ရှိပါတယ်။ နောက်ပြီး ဒီဆောင်ရွက်မှုတွေဟာ ဒေသတွင်းမှာ တင်းမာမှု မြင့်တက်စေပါတယ်” လို့ အော်စတင်က ပြောပါတယ်။
ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ တရုတ်က အသံထက်မြန်တဲ့ဒုံးကျည် စမ်းသပ်မှုကို အော်စတင်က ရည်ညွှန်းခဲ့တာပါ။ တရုတ်က မိမိတို့ကို စိန်ခေါ်နိုင်မယ့်လမ်းကြောင်း ဘာ့ကြောင့်လျှောက်နေလဲဆိုတာသိချင်ကြောင်း အော်စတင်ကာ ပြောကြားခဲ့ပြီး၊ ကိုယ်တိုင်နဲ့ မဟာမိတ်တွေကို အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ရေးစွမ်းအားကို ဆက်လက်မြှင့်တင်သွားမယ်လို့လည်း ဆိုပါတယ်။
အသံထက်မြန်တဲ့ဒုံးကျည်တွေ စမ်းသပ်တယ်ဆိုတဲ့သတင်းကို တရုတ်ဖက်က ငြင်းဆိုခဲ့ပြီး အာကာသယာဉ်တွေ ပြန်လည်အသုံးပြုနိုင်စေဖို့ စမ်းသပ်မှုသာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြောက်ကိုရီးယားက ဒုံးကျည်နဲ့ အခြားလက်နက်တွေ ပိုမိုပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းနေတာဟာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဖြစ်ပွားစေတယ်ဆိုတာ အမေရိကန်၊ တောင်ကိုရီးယားခေါင်းဆောင်းတွေက အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် သံတမန်နည်းလမ်းနဲ့ ချဉ်းကပ်ဖြေရှင်းဖို့သာ စိတ်ပိုင်းဖြတ်ထားတယ်လို့ အစည်းအဝေးအပြီး ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
Ref : Reuters
Comments