News @ M-Media

စစ်ကောင်စီက အကြမ်းဖက်မှုကို နှစ်ဆတိုးလုပ်နေဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂
M-Media

-မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေဟာ နှစ်ဆတိုးလာ​ပြီး၊ သမ္မတဂျိုးဘိုင်ဒန်က အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ရင် ဒီကိစ္စကို အလေးထား ပြောကြားသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ဟာ အခုလအတွင်း အာဆီယံခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ ရှိနေတာ ဖြစ်ပါတယ်။

အမေရိကန်၊ ဩစတေးလျ၊ အိန္ဒိယနဲ့ ဂျပန်တို့ ပေါင်းဖွဲ့ထားတဲ့ Quad အဖွဲ့ရဲ့ မဲလ်ဘုန်းမြို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဘလင်ကန်က မြန်မာကိစ္စ ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေက အလွန့်အလွန် ဆိုးရွားပြင်းထန်နေတယ်ဆိုတာ ထင်ထင်ရှားရှားကို တွေ့နေရပြီး စိတ်လည်းမကောင်းပါဘူး။ စစ်ကောင်စီက ဖိနှိပ်၊ အကြမ်းဖက်မှုတွေကို နှစ်ဆတိုး လုပ်နေတာကိုလည်း ကျွန်တော်တို့ မြင်နေရပါတယ်”

မြန်မာနိုင်ငံက ပြဿနာ ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အမေရိကန်က ထောက်ခံပြီး ဒါကို အကောင်အထည်ဖော်ရမယ်လို့လည်း ဘလင်ကန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“အာဆီယံ​ခေါင်းဆောင်တွေကို ဝါရှင်တန်မှာ သိပ်မကြာခင်တွေ့ဆုံတဲ့အချိန် သမ္မတ ဂျိုးဘိုင်ဒန်က ဒီကိစ္စကို အလေးထား ပြောဆိုသွားမှာ ဖြစ်ပါတယ်”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၅၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

Ref : Metro