News @ M-Media

သရဲမျက်နှာဖုံးဖြင့် ကလေးများကိုခြောက်သည့် ဆရာမများ ညှင်းပမ်းမှုဖြင့် တရားစွဲခံရ

အောက်တိုဘာ ၂၃၊ ၂၀၂၂

M-Media 


-အမေရိကန်ပြည်ထောင်စု မစ္စစီပီ နေ့ကလေးထိန်းကျောင်းက ဆရာမ ၅ ဦးဟာ ကလေးငယ်တွေအပေါ် ညှင်းပမ်းမှုနဲ့ တရားစွဲဆို ခံလိုက်ရပါတယ်။ 

သရဲမျက်နှာဖုံးတွေ၀တ်ကာ ကလေးတွေကို ခြောက်လှန့်ပြီး ငြိမ်အောင် ထိန်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ 

Lil’ Blessings Child Care & Learning Center နေ့ကလေးထိန်းစင်တာက ဆရာမတွေ ဟောလို၀င်းပွဲက သရဲမျက်နှာဖုံး၀တ်ပြီး ကလေးတွေကို ခြောက်လှန့် ထိန်းကြောင်းနေတဲ့ ဗီဒီယို ၂ ခု စက်တင်ဘာလနဲ့ အခုလအစောပိုင်းမှာ ဆိုရှယ်မီဒီယာပေါ် ပြန့်နှံ့ခဲ့ပြီး ၀ေဖန်မှုတွေလည်း ရှိလာပါတယ်။ 

အခင်းဖြစ်ပွားတဲ့ မွန်ရိုခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ကီဗင် ကရွတ်က ဆရာမ ၄ ဦးကို ကလေးငယ်တွေ ညှင်းပမ်းမှု စွဲချက် ၃ ခုနဲ့ တရားစွဲဆိုခဲ့ပြီး အခြားတစ်ဦးကို တိုင်ကြားဖို့ ပျက်ကွက်မှုနဲ့ တရားစွဲဆိုခဲ့တယ်လို့ ပြောပါတယ်။ 

ဒီလို ခြောက်လှန့်မှုကြောင့် အသက် ၂ နှစ်အရွယ် သမီးဖြစ်သူမှာ စိတ်ဒဏ်ရာရနေပြီး ညဖက်တွေမှာ ကြောက်လန့်ကာ အိပ်မပျော်ဖြစ်နေတယ်လို့ မိခင်တစ်ဦးဖြစ်တဲ့ ကာတီလင် ဂျွန်ဆင်က ပြောပါတယ်။ 

“မျက်နှာဖုံး၀တ်ထားထား မထားထား သူတို့ရဲ့ အပြုအမူက လက်ခံနိုင်စရာ မရှိပါဘူး။ ကျွန်မ သွေးတွေဘာတွေတောင်တိုးတယ်။ ကလေးအတွက်လည်း စိတ်မကောင်းဘူး။ ဒေါသထွက်ရပါတယ်”

ရဲအရာရှိ ကရွတ်က အခုလို တရားစွဲဆိုမှုဟာ တစ်ခြားသူတွေ သင်ခန်းစာယူဖို့ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref: Washington Post