News @ M-Media

အရပ်ဖက်နျူစီမံကိန်း လုပ်ခွင့်ပေးလျှင် အစ္စရေးနှင့် ဆက်ဆံမည်ဟု ဆော်ဒီ ကမ်းလှမ်းထား

မတ် ၁၀၊ ၂၀၂၃

M-Media


– အစ္စရေးနဲ့ ဆက်ဆံရေး တည်ဆောက်စေချင်နေတဲ့ အမေရိကန်ကို ဆော်ဒီအာရဗျက ကမ်းလှမ်းမှုတစ်ချို့ လုပ်ဆောင်ထားတယ်လို့ အရှေ့အလယ်ပိုင်းသံတမန်ရပ်၀န်းက ရင်းမြစ်တွေကို ကိုးကားပြီး အမေရိကန်မီဒီယာတွေက ဖော်ပြလာပါတယ်။ 

ဒီကမ်းလှမ်းမှုတွေကတော့ အရပ်ဖက် နျူစီမံကိန်း တည်ဆောက်ခွင့်ပေးဖို့၊ ဆော်ဒီရဲ့ လုံခြုံရေးကို အမေရိကန်က အပြည့်အ၀ အာမခံပေးဖို့၊ လက်နက်ရောင်းချရာမှာ ကန့်သတ်မှုတွေ ဖြေလျှော့ပေးဖို့ စတာတွေ ဖြစ်ပါတယ်။ 

လွတ်လပ်တဲ့ပါလက်စတိုင်းနိုင်ငံ မပေါ်မချင်း အစ္စရေးနဲ့ ဆက်ဆံရေး တည်ဆောက်မှာမဟုတ်ဘူးလို့ ဆော်ဒီအာရေဗျက အကြိမ်ကြိမ် ပြောထားတာပါ။ 

အမေရိကန်ဟာ ဆော်ဒီကို အစ္စရေးနဲ့ သံအဆက်အသွယ် မြန်မြန်ဆန်ဆန် လုပ်ဆောင်ချင်နေပြီး၊ ဆော်ဒီကလည်း ဒီအတွက် အပေးအယူလုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

ဒီကိစ္စအတွက် ဆော်ဒီဟာ ပြီးခဲ့တဲ့နှစ်ကစတင်ကာ ဘိုင်ဒန်အစိုးရနဲ့ ဆွေးနွေးနေပြီး ဆော်ဒီရဲ့တောင်းဆိုမှုမှာ ပါလက်စတိုင်းကိစ္စက အဓိက ကျတဲ့နေရာကနေ မပါ၀င်တော့ပါဘူး။

အရပ်ဖက်နျူကလီးယားစီမံကိန်းကို အမေရိကန်ရဲ့ စောင့်ကြည့်မှုအောက်မှာ ဆော်ဒီက အကောင်အထည်ဖော်ချင်နေတာ ဖြစ်ပါတယ်။ ဒီတောင်းဆိုမှုဟာ အရှေ့အလယ်ပိုင်းမှာ နျူလက်နက်ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်နိုင်တယ်လို့ ဘိုင်ဒန်အစိုးရက ရှုမြင်နေပါတယ်။

လတ်တလောမှာ အမေရိကန်က ဒီတောင်းဆိုမှုတွေကို လိုက်လျောမယ့် အနေအထားမျိုး မရှိသေးဘဲ၊ ဆော်ဒီကလည်း ဒီမိုကရက်တစ်ပါတီဦးဆောင်တဲ့ အမေရိကန်အစိုးရထက် ရီပက်ဘလစ်ကန်ပါတီ ဦးဆောင်တဲ့ အမေရိကန်အစိုးရထံကနေ လိုက်လျောမှု ပိုရမယ်လို့ ရှုမြင်နေကြောင်း သံတမန်အသိုင်းအ၀ိုင်း ရင်းမြစ်တွေက ဆိုပါတယ်။ 

Ref: New York Times 

https://www.timesofisrael.com/to-normalize-with-israel-saudis-want-us-okay-for-civil-nuclear-program-diplomat/