News @ M-Media

နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလုပ်တော့မယ့် ဆော်ဒီနှင့် အီရန်

ဇွန် ၃၊ ၂၀၂၃

M-Media 


-ဆော်ဒီအာရေဗျနဲ့ အီရန် နိုင်ငံခြားရေး၀န်ကြီးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ မနေ့က တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။ 

နှစ်ဖွဲ့စလုံးဟာ တောင်အာဖရိကမှာ ကျင်းပပြုလုပ်နေတဲ့ BRICS အစည်းအ၀ေးကို တက်ရောက်နေကြတာ ဖြစ်ပြီး ကိပ်တောင်းမြို့မှာပဲ တွေ့ဆုံခဲ့ကြတာပါ။ 

အစည်းအ၀ေးမှာ နှစ်နိုင်ငံ နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့၊ တရုတ်က ကြား၀င်ပေးမှုနဲ့ ရရှိခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်တည်ဆောက်မှု သဘောတူညီချက်ပါ အချက်အလက်တွေကို အကောင်အထည်ဖော်ဖို့၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

အရှေ့အလယ်ပိုင်းက အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အီရန်နဲ့ ဆော်ဒီတိုဟာ အရင်က ရန်ဖက်တွေဖြစ်ခဲ့ကြတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆက်ဆံရေးကောင်းအောင် နှစ်နိုင်ငံစလုံးက ကြိုးစားလာကြပြီး အခုနှစ်အစောပိုင်းမှာတော့ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ 

Ref: Arab News