News @ M-Media

မလေးရှား ဆိုရှယ်မီဒီယာတွင် ရေပန်းစားနေသည့် ဘရူနိုင်း ဘုရင့်သမီးတော်

ဇူလိုင် ၂၁၊ ၂၀၂၄
M-Media

-မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ဘရူနိုင်းဘုရင့်သမီးတော် အမီရာ ၀ါဒါသွလ် ဘိုလ်ကိုင်းယားရဲ့ ပုံရိပ်တွေဟာ မလေးရှားဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ရေးပန်းစားနေပါတယ်။

မင်းသမီး အမီရာဟာ ဇူလိုင် ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မလေးရှားဘုရင်နန်းတက်ပွဲကို တက်ရောက်ဖို့အတွက် မိသားစုနဲ့အတူ ကွာလာလမ်ပူမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှာ မွေးဖွားခဲ့သူဖြစ်တဲ့အတွက် အသက် ၁၆ နှစ်ကျော်သာ ရှိပါသေးတယ်။

နန်းတက်ပွဲမှာ မင်းသမီးရဲ့ ချစ်စဖွယ် ၀တ်စားဆင်ယင်မှုတွေ၊ လှုပ်ရှားသွားလာမှုတွေကို မလေးရှား ပြည်တွင်းမီဒီယာတွေက ဖော်ပြရာကနေ မလေးရှားပြည်သူလူထုကြားမှာ ရေးပန်းစားလာတာ ဖြစ်ပါတယ်။

မင်းသမီးအမီရာရဲ့ မိခင်ဟာ မလေးရှားနိုင်ငံသူ ဂျာနယ်လစ် အဇ်ရီနက်ဇ် မဇ်ဟာ ဟာကင်ဖြစ်ပါတယ်။

အခုနှစ်ဇန်န၀ါရီလက လက်ထပ်သွားခဲ့တဲ့ ဘရူနိုင်းဘုရင့်သားတော် အဘ်ဒွလ်မာတင်ဟာလည်း အရှေ့တောင်အာရှက အမျိုးသမီးထုကြားမှာ ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။

Ref: The Star