ဒီဇင်ဘာ ၂၉၊၂၀၁၂
ရန်ကုန်
သတင်း- ဇာဇာလှိုင်
ဒီမိုကရေစီ အင်အားစုမှ ကြီးမှူးကျင်းပသော လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များအား နေ့ဆွမ်းကပ် လှူဒါန်းပွဲကို ဒီဇင်ဘာ ၂၉ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေပြားကုသမူ အဆောင် နားတွင် နံနက်၁၀နာရီခွဲမှ ၁၂နာရီထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေး အဖွဲ့မှ မန္တလေး တိုင်း မုံရွာဆရာတော် ဦးသု(ခ)ဦးဝိမလ က “NlD ၊ ဒီမိုကရေစီ အင်အားစုတွေက ဦးဇင်းတို့ရဲ့ ဆွမ်းကိစ္စ အ၀၀ကို လိုလေးသေးမရှိ ၂၄နာရီ အပြည့် ဆောင်ရွက်ပေးနေပါတယ်။ မန္တလေးကနေ ဦးဇင်းတို့ ရန်ကုန်ကို ၁၆ရက်နေ့က စရောက်ပြီး ဆေးကုသမူ ခံယူနေပါတယ်။ ဒဏ်ရာရ သံဃာသုံးပါးရယ်၊သံဃာတော်တို့ကို စောင့်ရှောက်တာက နှစ်ပါး စုစုပေါင်း ငါးပါးဖြစ်ပါတယ်။ အခြား ဦးဇင်းတွေက ရန်ကုန်ကပါ။ ဒီမိုကရေစီ အင်အားစုတွေမှာလည်း ဘာသာမရွေး၊လူမျိုးမရွေး ပါပါတယ်။ လူသားချင်း ကိုယ်ချင်းစာနာတဲ့ စိတ်ဓာတ် ရှိတဲ့သူတွေပါ ”ဟု M_Media သို့ပြောကြားခဲ့သည်။
ဆက်လက်ပြီး လက်ပံတောင်းတောင် အရေးနှင့် ပတ်သပ်ပြီး ဆန္ဒ ဖော်ထုတ်သူတွေကို တရားစွဲဆိုနေခြင်းကြောင့် တရားစွဲဆို ခံရသူတွေဟာ အခက်အခဲနဲ့ ကြုံတွေ့ နေပါတယ်။ တစ်ရက်ကို တရားရုံး သုံး၊လေး ရုံးက တပြိုင်တည်း စွဲဆိုတာတွေရှိတယ်။ ဒါဟာ အနုနည်း နှိပ်စက်နေခြင်းပါ။ဦးဇင်းတို့ အနေနဲ့ တရားစွဲဆိုမူတွေ ရပ်ဆိုင်းပေးဖို့ မီဒီယာတွေကနေတဆင့် တောင်းဆိုပါတယ်”ဟု ၎င်းက M-Media သို့ပြောကြားခဲ့သည်။
ဒီမိုကရေစီရေး အင်အားစုများထဲက ကိုအောင်နိုင်သူ မှ “ဒီနေ့ ဆွမ်းကပ်တဲ့ ပွဲလေးမှာ ဗုဒ္ဓဘာသာ တွေအပြင် အစ္စလာမ်တွေရော၊ ခရစ်ယာန်တွေပါ အားလုံးပါဝင်ပါတယ်။ဘာသာ ပေါင်းစုံနေထိုင်တဲ့ မြန်မာပြည်မှာ ဘာသာလူမျိုး မခွဲခြားဘဲ လူသားချင်း ကိုယ်ချင်းစာ တဲ့စိတ်ဓာတ်နဲ့ ပူပေါင်း ပါဝင် လုပ်ကိုင်ကြခြင်း ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
ဒီမိုကရေစီရေးတွင် ပါဝင်လှုပ်ရှားဆောင်ရွက်နေသူ ဒေါ်နော်အုန်းလှ ကလည်း“ဒီ နေ့ဆွမ်းကပ်တဲ့ ရည်ရွယ်ချက်လေးက ဒီနေ့က လက်ပံတောင်းမှာ သံဃာတော်တွေ ဖြိုခွင် ခံရတာ တစ်လပြည့် တဲ့နေ့မို့လို့ပါ ”ဟု ပြောပါသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့သည့် သံဃာတော်များအား နိုဝင်ဘာ ၂၉ရက်နေ့ နံနက် ၃နာရီခန့်က အင်အားသုံး ဖြိုခွင်း၍ မီးလောင် ဒဏ်ရာရရှိခဲ့ခြင်း အပေါ် မီးခိုးဗုံး သို့မဟုတ် မီးလောင်ဗုံးဟု ဒွိဟ ဖြစ်နေမူများအား ပြီးပြတ်စေရေး အတွက် ဒီမိုကရေစီရေးနှင့်ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ယက်မှ အမျိုးသမီးများ ဦးဆောင်၍ မည်သည့် အမျိုးအစား ဖြစ်ကြောင်း ဓာတုဗေဒ ပညာရှင်များ၊အများပြည်သူနှင့် သတင်းဌာန များရှေ့ လက်တွေ့စမ်းသပ်ခံလိုကြောင်း ဆန္ဒဖော်ထုတ် တင်ပြခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
Leave a Reply
You must be logged in to post a comment.